ပီကာဆိုရဲ့ ပန်းချီကားကို ခိုးထုတ်ဖို့ ကြိုးပမ်းခဲ့သူ အမေရိကန်ဒေါ်လာ ၅၈ သန်း ဒဏ်ရိုက်ခံရ

yyl-056-1.jpg

ကမ္ဘာကျော်ပန်းချီဆရာ ပီကာဆိုရဲ့ ပန်းချီကားကို ပြည်ပမှာ ရောင်းချနိုင်ဖို့အတွက် ခိုးထုတ်ဖို့ ကြိုးပမ်းခဲ့တဲ့ စပိန်နိုင်ငံသား အနုပညာပစ္စည်း စုဆောင်းသူတစ်ယောက်ကို ထောင်ဒဏ်(၁၈)လ ချမှတ်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၅၈ သန်း ဒဏ်ရိုက်ခဲ့ပါတယ်။ ၁၉၀၆ ခုနှစ်မှာ ပီကာဆို ရေးဆွဲခဲ့တဲ့ Head of a Young Woman ပန်းချီကားဟာ စပိန်နိုင်ငံရဲ့ အမျိုးသားရတနာအဖြစ် သတ်မှတ်ခံထားရပါတယ်။ အဲဒီပန်းချီကားကို ၂၀၁၅ ခုနှစ်မှာ ပြင်သစ်နိုင်ငံ ကော်ဆီကာကျွန်းနားမှာရှိတဲ့ ဂျိမ်းဘိုတင်၏ ရွက်လှေပေါ်ကနေ သိမ်းဆည်းခဲ့တာပါ။

အသက် ၈၃ နှစ်ရှိသည့် ဂျိမ်းဘိုတင်ဟာ Santander ဘဏ်ကို တည်ထောင်သူရဲ့ မြေးဖြစ်ပြီး ၂၀၀၄ ခုနှစ်အထိ Santander ဘဏ်မှာ ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူပါ။ ဂျိမ်းဘိ်ုတင်ဟာ သူ့ရဲ့ပြစ်ဒဏ်ကို အယူခံဝင်ဖို့ရှိနေပါတယ်။ ဒါပေမဲ့ စပိန်နိုင်ငံမှာ ဆူပူအကြမ်းဖက်မှုမဟုတ်တဲ့ ရာဇဝတ်မှုတွေ ပထမဆုံး ကျူးလွန်သူတွေအနေနဲ့ ၂ နှစ်အောက် ထောင်ဒဏ်ချမှတ်ခံရရင် ထောင်ထဲမှာ နေရလေ့မရှိလို့ ဂျိမ်းဘိုတင်လည်း ထောင်ကျဖို့ မရှိပါဘူး။ ဂျိမ်းဘိုတင်ဟာ အဲဒီပန်းချီကားကို ၁၉၇၇ ခုနှစ်က လန်ဒန်မြို့ကနေ ဝယ်ယူခဲ့တာဖြစ်ပြီး စပိန်နိုင်ငံထဲကနေ သယ်ထုတ်ဖို့ ခွင့်ပြုချက်တောင်းခံခဲ့ဖူးပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ စပိန်နိုင်ငံမှာ နှစ် ၁၀၀ ကျော်သက်တမ်းရှိပြီး ယဉ်ကျေးမှုအရ ထင်ရှားတဲ့ အနုပညာလက်ရာပစ္စည်းတွေကို အမျိုးသားရတနာအဖြစ် စာရင်းသွင်းလေ့ရှိပြီး အဲဒီပစ္စည်းတွေကို ပိုင်ဆိုင်ထားသူတွေအနေနဲ့ စပိန်နိုင်ငံအတွင်းကနေ သယ်ထုတ်မယ်ဆိုရင် ကြိုတင်ခွင့်ပြုချက်တောင်းခံဖို့ လိုအပ်ပါတယ်။ လက်ရှိအချိန်မှာတော့ အဲဒီပန်းချီကားကို မက်ဒရစ်မြို့က ရီနာဆိုဖီယာ အနုပညာပြခန်းကို ပေးအပ်ထားပြီး နိုင်ငံပိုင်ပစ္စည်းအဖြစ် ထိန်းသိမ်းထားပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top