ငွေကို ဘယ်လိုသုံးပြီး ဘယ်လိုစုကြမလဲ

money.jpg

ကဲ… အခုအချိန်လောက်ဆို အားလုံးပဲ လစာထုတ်ပြီးကြပြီထင်ပါတယ်နော်။ လစာလက်ထဲရောက်ပြီဆို ကြွေးကျန်လေးတွေ ဆပ်တယ် ၊ ပိုတဲ့ပိုက်ဆံကိုမှ လိုချင်တာလေး ဟိုဝယ်ဒီဝယ် စားချင်တာလေးတွေ သွားစားရင်းနဲ့ လတစ်ဝက်လောက်ဆို ပိုက်ဆံအိတ်လေး ပြားချပ်ချပ်ဖြစ်နေပြီ။ လကုန်ခါနီးလေ အကြွေးတွေ တင်လေ ဖြစ်နေကြတယ်ဟုတ်။ ဘယ်အချိန်ထိ ဒီလိုဖြစ်နေမလဲ အလုပ်လုပ်လိုက် ပိုက်ဆံရလိုက် သုံးလိုက်နဲ့ သမင်မွေးရင်း ကျားစားရင်းဖြစ်နေကြတဲ့ ဒီလိုအခြေအနေကို ဘယ်လိုကျော်ဖြတ်ကြမလဲ။ စုဆောင်းထားတဲ့ ငွေလေးလက်ထဲမှာရှိရင် ဘယ်လောက်ကောင်းလိုက်မလဲလို့ အမြဲတမ်းနောင်တတွေရနေရတဲ့ အခြေအနေကနေ ရုန်းထွက်နိုင်ဖို့အတွက် ငွေစုတတ်တဲ့အကျင့်ကောင်းလေးတစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။

လစဉ်ငွေစုပါ
“ဘေဘီလုံက အချမ်းသာဆုံးပုဂ္ဂိုလ်” စာအုပ်ထဲမှာ ပြောထားသလိုပဲ လစဉ် ဝင်ငွေရဲ့ (၁ဝ) ရာခိုင်နှုန်းကို စစုကြည့်ပါ။ များများစားစားကြီး တစ်ခါတည်း စစုတာမျိုးထက် နည်းနည်းစီ ပုံမှန် စစုကြည့်ပါ။ ဘဏ်စာအုပ်ထဲမှာ စာရင်းသေအပ်ပြီးစုကြည့်ဖို့ အကြံပေးပါရစေ။ ဒါမှ ခဏခဏပြန်ထုတ်လို့မရမှာလေ။ လစဉ် ဘဏ်စာအုပ်ထဲမှာ ဂဏန်းလေးတွေ တိုးလာတာကို မြင်ရရင် ဘယ်လောက်စိတ်ချမ်းသာရတယ်ဆိုတာ ကိုယ်တိုင်ခံစားကြည့်လိုက်ပါ။

အသုံးနဲ့အဖြုန်း ခွဲခြားပါ
ပစ္စည်းတစ်ခု ဝယ်မယ်ဆိုရင် လိုအပ်လို့ဝယ်တာလား အမြင်မှာ ကြိုက်လို့ဝယ်တာလား အရင်စဉ်းစားပါ။ တစ်လကို သိန်း (၁၀) ဂဏန်းကျော်ဝင်ငွေရှိတဲ့လူတစ်ယောက်က (၁) သိန်းတန်ပစ္စည်းဝယ်တာ မထူးဆန်းပေမယ့် ကိုယ့်လစာသိန်းဂဏန်းလောက်ပဲရနေလျက်နဲ့ သူများ ဝယ်တိုင်း သိန်းကျော်တန်ပစ္စည်းတွေလိုက်ဝယ်နေရင်တော့ ဘယ်တော့မှ ငွေကလောက်မှာမဟုတ်ပါဘူး။ တကယ်တမ်း အရေးပေါ်ငွေလိုတဲ့ အချိန်မှာ ဝယ်ထားမိတဲ့ ဈေးကြီးပစ္စည်းတွေက ငွေပြန်မဖြစ်နိုင်ဘူးဆိုတာ ခေါင်းထဲထည့်ထားပါ။

ငွေကို လက်မလွယ်ပါနဲ့
ကိုယ်မတတ်နိုင်တဲ့ ငွေပမာဏတန်ဖိုးရှိတဲ့ ပစ္စည်းတစ်ခုကို ကိုယ်က လိုချင်မိတယ်။ ကိုယ်မှာ ဝယ်နိုင်လောက်တဲ့ငွေပမာဏမရှိမှန်းသိတဲ့အတွက် ဆွေမျိုးသားချင်းထဲက ဖြစ်ဖြစ် သူငယ်ချင်းထဲက ဖြစ်ဖြစ် တစ်ယောက်ယောက်ကများ စေတနာဗလပွနဲ့ “ကြိုက်ရင် ယူလိုက်လေ ငါစိုက်ပေးထားမယ် နောက်မှပြန်ပေးပေါ့” ဆိုတဲ့စကားသံမျိုးကြားရင် သတိရှိပါ။ ဒီငွေကို ကိုယ်ဘယ်လောက်ကြာမှ ပြန်ဆပ်နိုင်မလဲ တကယ်ပဲ သေချာပြန်ပေးနိုင်မလားဆိုတာ ထပ်ကာ ထပ်ကာ စဉ်းစားပါ။ အချိန်တန်လို့ ပြန်မပေးနိုင်ရင် အကြွေးလည်း တင်တယ် မပေးနိုင်တော့ အချင်းချင်း ခင်မင်မှုလဲ ပျက်ရတဲ့ ကိစ္စမျိုးဖြစ်တတ်လို့ပါ။

တစ်လစာ သုံးရမယ့်ငွေကို တစ်ပတ်လောက်နဲ့ကုန်သွားတာမျိုး မဖြစ်ပါစေနဲ့

ဒီလိုအဖြစ်မျိုးမဖြစ်ရအောင် တစ်လကို ဘယ်လောက်သုံးမယ်ဆိုတာ အရင်ဆုံးဖြတ်ပါ။ ကိုယ်က တစ်လကို (၁) သိန်းသုံးမယ် ဆိုကြပါစို့။ တစ်ပတ်ကို (၂) သောင်းခွဲသုံးလို့ရမယ်။ ကိုယ်ဒီတစ်ပတ်စာ သုံးမယ့်ပိုက်ဆံကိုပဲ အိတ်ထဲထည့်ထားပါ။ ကျန်တဲ့သုံးပတ်စာအတွက် သုံးမယ့် ပိုက်ဆံကိုတော့ အိမ်မှာပဲ ထားခဲ့ပေါ့။ ဒါမျိုး တစ်ပတ်စာသုံးရမယ့် ပိုက်ဆံတွေကို သေချာ စိစစ်ပြီး သုံးမယ်ဆိုရင် လကုန်ခါနီးတိုင်းရင်ထိတ်ပြီး ဘုရားတနေစရာမလိုတော့ဘူးလေ။

ငွေစစုဖို့ စဉ်းစားနေတဲ့သူအားလုံးပဲ အပေါ်က အချက် (၄) ချက်ကို စမ်းကြည့်ဖို့ ဖိတ်ခေါ်ပါတယ်။ ငွေမရှိတဲ့အချိန် ဘယ်လောက်မျက်နှာငယ်ရတယ်ဆိုတာကိုတော်တော်များများခံစားဖူးကြမှာပါ။ ဒါ့ကြောင့်… ငွေစုပါကိုယ့်ဘဝရှေ့ရေးအတွက် ငွေစုပါ – အများရှေ့မျက်နှာမငယ်ရအောင်ငွေစုပါ – အချိန်မရွေးဖြစ်လာနိုင်တဲ့ အရေးပေါ်အခြေအနေတွေမှာ သုံးဖို့ ငွေစုပါ လို့ တိုက်တွန်းလိုက်ပါရစေ။

Mo Mo (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top