အမေဇုန်မိုးသစ်တောကို ကာကွယ်ဖို့ အမေရိကန်ဒေါ်လာ ၅ သန်းလှူဒါန်းမယ့် လီယိုနာဒို

amazone01.jpg

ပရဟိတအရေး လက်မနှေးတတ်တဲ့ ကမ္ဘာကျော်မင်းသား လီယိုနာဒိုဒီကာပရီယိုကတော့ အမေဇုန်မိုးသစ်တောက တောမီးလောင်ကျွမ်းမှုတွေကို ငြှိမ်းသတ်ရာမှာ ကူညီဖို့အတွက် အမေရိကန်ဒေါ်လာ ၅ သန်းလှူဒါန်းတော့မယ်လို့ ဆိုပါတယ်။

လီယိုနာဒို တည်ထောင်ထားတဲ့ သဘာဝပတ်ဝန်းကျင်အဖွဲ့အစည်း(Earth Alliance)က အမေဇုန်မိုးသစ်တောကို ကာကွယ်ဖို့ ဆောင်ရွက်နေတဲ့ ဒေသခံအဖွဲ့တွေ၊ တိုင်းရင်းသားအသင်းအဖွဲ့တွေကို ငွေလှူဒါန်းသွားမှာပါ။

ဘရာဇီးနိုင်ငံ အာကာသသုတေသနဆိုင်ရာ အမျိုးသားသိပ္ပံဌာနရဲ့ ထုတ်ပြန်ချက်အရ အခုနှစ်အတွင်း အမေဇုန်မိုးသစ်တောမှာ မီးလောင်ကျွမ်းမှု ၇၂၀၀၀ ကျော် ဖြစ်ပွားခဲ့တာ တွေ့ရပါတယ်။ ဒါဟာ အရင်နှစ် အလားတူကာလကထက် မီးလောင်ကျွမ်းမှု ၄၀၀၀၀ ပိုများလာတာပါ။

”အမေဇုန်မိုးသစ်တော ပျက်စီးမှုကြောင့် ကမ္ဘာ့လေထုထဲကို ကာဗွန်ဒိုင်အောက်ဆိုက်ဒ်တွေ မြန်မြန်ဆန်ဆန် ထုတ်လွှတ်နေပါတယ်။ နှစ်စဉ်နှစ်တိုင်း ကာဗွန်ထုတ်လွှတ်မှု တန်ပေါင်းသန်းချီ စုပ်ယူပေးနေတဲ့ ဂေဟစနစ်ကို ပျက်စီးစေပါတယ်။ အမေဇုန်မိုးသစ်တောဟာ ရာသီဥတုကပ်ဘေးဆိုက်မှုကို ဆန့်ကျင်တွန်းလှန်ရာမှာ ကမ္ဘာကြီးရဲ့ အကောင်းဆုံးခံတပ်တစ်ခု ဖြစ်ပါတယ်”လို့ Earth Alliance ဝက်ဘ်ဆိုက်မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အမေဇုန်မိုးသစ်တောမှာ တောမီးလောင်ကျွမ်းမှု မြင့်တက်လာတာနဲ့ပတ်သက်ပြီး ဝေဖန်ရေးသမားတွေကတော့ ဘရာဇီးသမ္မတ ဘော်ဆိုနာရိုကို ပြစ်တင်ဝေဖန်ခဲ့ပါတယ်။ သူ့လက်ထက်မှာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ချိုးဖောက်သူတွေကို ပြစ်ဒဏ်ချမှတ်မှု လျော့နည်းလာတာနဲ့ အမေဇုန်မိုးသစ်တောက မီးလောင်ကျွမ်းမှု မြင့်တက်လာတာကလည်း တိုက်ဆိုင်နေပါတယ်။

လီယိုနာဒိုဟာ သဘာဝပတ်ဝန်းကျင်နဲ့ပတ်သက်ပြီး လူတွေ သတိထားမိလာစေဖို့ 11th Hour ဇာတ်ကားအပါအဝင် သဘာဝပတ်ဝန်းကျင်နဲ့ပတ်သက်တဲ့ ရုပ်ရှင်ဇာတ်ကား တော်တော်များမျာ းရိုက်ကူးခဲ့ဖူးပါတယ်။

အမေဇုန်မိုးသစ်တောကို ကာကွယ်ပေးဖို့အတွက် ဗြိတိန်နိုင်ငံက ပေါင် ၁၀ သန်းထောက်ပံ့ပေးမယ်လို့ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ပြောခဲ့ပါတယ်။

Ref:BBC
Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top