အနာဂတ်မှာ အသံထက် ၅ ဆမြန်တဲ့ ခရီးသည်တင်လေယာဉ်တွေ ပြေးဆွဲနိုင်မလား

30.12.2021yyl1.jpg

အသံထက် ၂ ဆမြန်တဲ့ Concorde ခရီးသည်တင်လေယာဉ် ပြေးဆွဲမှု ရပ်နားသွားခဲ့ပြီး ဆယ်စုနှစ် ၂ ခုနီးပါးအကြာမှာတော့ ခရီးသွားလာမှုလုပ်ငန်းမှာ အသံထက်မြန်တဲ့ လေယာဉ်တွေ အသုံးပြုဖို့ စိတ်ဝင်စားမှု မြင့်တက်လာခဲ့သလို မြန်နှုန်းမြင့်လေယာဉ် တော်တော်များများကိုလည်း ဖန်တီးနေကြပါတယ်။ အသံထက်မြန်တဲ့ ခရီးသည်တင် လေယာဉ်တွေ ပြေးဆွဲပေးဖို့ လေကြောင်းလိုင်းတွေက စိတ်ဝင်စားနေပြီး United လေကြောင်းလိုင်းကတော့ အစောဆုံးအနေနဲ့ ၂၀၂၉ ခုနှစ်မှာ အသံထက်မြန်တဲ့ လေကြောင်းခရီးစဉ်တွေ ပြေးဆွဲဖို့ အကောင်အထည် ဖော်နေပါပြီ။

အသံထက် ၅ ဆ ပိုမြန်တဲ့ ခရီးသည်တင် လေယာဉ်တွေသာ အမှန်တကယ် ပြေးဆွဲနိုင်မယ်ဆိုရင် ပုံမှန်အားဖြင့် ၆ နာရီကနေ ၇ နာရီကြား အချိန်ကြာမြင့်တဲ့ နယူးယော့ခ် – လန်ဒန်ခရီးစဉ်ကို မိနစ် ၉၀ တည်းနဲ့ သွားလာနိုင်မှာပါ။ အတ္တလန္တာမြို့အခြေစိုက် Hermeus ကုမ္ပဏီကတော့ အသံထက် ပိုမြန်တဲ့ လေကြောင်းခရီးစဉ်တွေ ပြေးဆွဲနိုင်မယ်လို့ ယုံကြည်နေပြီး အသံထက် ၅ ဆ ( Mach 5 – တစ်နာရီ မိုင် ၃၀၀၀ ကျော်) ပိုမြန်တဲ့ အင်ဂျင်အမျိုးအစားသစ်ကိုပါ စမ်းသပ်နေပါပြီ။

Hermeus ကုမ္ပဏီက ဖန်တီးတဲ့ အင်ဂျင်အမျိုးအစားသစ်ဟာ အသံထက်မြန်တဲ့ မောင်းသူမဲ့ယာဉ်ငယ် အတွက် ရည်ရွယ်ပြီး အမေရိကန်လေတပ်အတွက် ထုတ်လုပ်ပေးနေတာပါ။ အင်ဂျင်သစ်ကို အရွယ်အစားကြီးအောင် ဖန်တီးလိုက်ရင်တော့ ခရီးသည်တင်လေယာဉ်တွေမှာ အသုံးပြုနိုင်ဖို့ ရှိပါတယ်။ ဒါပေမဲ့ နည်းပညာပိုင်းမှာ အစကနေ ပြင်ဆင်ဖန်တီးရတာဖြစ်လို့ အသံထက်မြန်တဲ့ ခရီးသည်တင်လေယာဉ်တွေ ပြေးဆွဲနိုင်ဖို့ကတော့ အချိန်ကြာဦးမှာပါ။ Hermeus ကုမ္ပဏီကတော့ ဒီဆယ်စုနှစ်မကုန်ခင် ၂၀၂၉ ခုနှစ်မှာ ပထမဆုံး စမ်းသပ်ပျံသန်းနိုင်ဖို့ မျှော်လင့်နေပါတယ်။ အစပိုင်းမှာတော့ Hermeus ကုမ္ပဏီရဲ့ လေယာဉ်က လက်ရှိခရီးသည်တင် လေယာဉ်တွေထက် အများကြီး သေးငယ်မှာဖြစ်သလို Concorde လေယာဉ်တွေထက်တောင် သေးမှာပါ။ Concorde လေယာဉ်တွေကတော့ ခရီးသည် ၁၀၀ ဝန်းကျင် တင်ဆောင်နိုင်ခဲ့ပါတယ်။

” ကျွန်တော်တို့ကို ကူညီချင်တယ်ဆိုရင် လေကြောင်းလိုင်းမှာ ပြေးဆွဲနိုင်မယ့်မော်ဒယ် ထုတ်လုပ်ဖို့ လေယာဉ်ကို ဘယ်အရွယ်အစား တည်ဆောက်သင့်သလဲဆိုတာ ပြောကြပါ။ စီးပွားရေးသမားတွေနဲ့ ပထမတန်း ခရီးသည်တွေအတွက် အာရုံစိုက်ထားပါတယ်။ ပြီးကျမှ မြန်နှုန်းနဲ့ လက်မှတ်ခ စတဲ့အချက်တွေကို တွက်ချက်မှာပါ။ ခရီးသည် ၂၀ လောက် တင်ဆောင်နိုင်မယ့် လေယာဉ်မျိုး တည်ဆောက်မှာပါ” လို့ Hermeus ကုမ္ပဏီ အမှုဆောင်ချုပ် အေဂျေပိုင်ပလီကာက ပြောပါတယ်။

Hermeus ကုမ္ပဏီရဲ့ လေယာဉ်ဟာ ရေမိုင် ၄၀၀၀ အကွာအဝေးအထိ ပျံသန်းနိုင်မှာဖြစ်လို့ အတ္တလန္တိတ်သမုဒ္ဒရာကို ကျော်ဖြတ်ပြီး နယူးယော့ခ်ကနေ ပဲရစ်မြို့အထိ ခရီးစဉ် ပြေးဆွဲနိုင်မှာ ဖြစ်ပေမဲ့ ပစိဖိတ်သမုဒ္ဒရာကို ကျော်ဖြတ်ရမယ့် လော့စ်အိန်ဂျလိစ်- တိုကျို ခရီးစဉ်မျိုးကိုတော့ ပြေးဆွဲနိုင်မှာ မဟုတ်ပါဘူး။ အသံဆူညံမှုဆိုင်ရာ ကန့်သတ်ချက်၊ စည်းမျဉ်းတွေ ရှိနေတဲ့အတွက် အသံထက်မြန်တဲ့ လေယာဉ်ကို ရေပြင်ပေါ်ကနေပဲ ဖြတ်သန်းခွင့်ပြုဖို့ရှိပြီး ကုန်းမြေပေါ်ကို ဖြတ်သန်းရမယ့် နယူးယော့ခ် – လော့စ်အိန်ဂျလိစ်ခရီးစဉ်မျိုး ပြေးဆွဲခွင့်ပြုမှာမဟုတ်ပါဘူး။

ကမ္ဘာပေါ်မှာ အမြန်ဆုံးယာဉ်ကတော့ အသံထက် ၉.၆ ဆ ( တစ်နာရီ မိုင် ၆၈၀၀ နှုန်း) မြန်တဲ့ နာဆာအဖွဲ့ရဲ့ X-43A မောင်းသူမဲ့ယာဉ်ဖြစ်ပါတယ်။ အလျား ၁၂ ပေရှည်လျားတဲ့ အဲဒီယာဉ်ကို ၂၀၀၄ ခုနှစ်မှာ ပျံသန်းခဲ့တာပါ။ ဒါပေမဲ့ အဲဒီယာဉ်က စက္ကန့်ပိုင်းလောက်ပဲ ပျံသန်းခဲ့တာ ဖြစ်ပါတယ်။ အသံထက် ၅ ဆ ပိုမြန်တဲ့နှုန်းနဲ့ အချိန်ကြာကြာ ပျံသန်းနိုင်ခဲ့တာကတော့ Boeing X-51လေယာဉ်ဖြစ်ပြီး ၂၀၁၃ ခုနှစ်က ၃ မိနစ်ကျော် ပျံသန်းခဲ့တာပါ။ အဲဒီယာဉ် ၂ စင်းလုံးကို B-52 ဗုံးကြဲလေယာဉ်ပေါ် တင်ဆောင်ပြီးမှ ပျံသန်းခဲ့တာပါ။ အသံထက်မြန်တဲ့ အမြန်နှုန်းဖြစ်အောင် ဒုံးပျံနဲ့ အရှိန်တင်ခဲ့ရတာ ဖြစ်ပါတယ်။

ဒါကို ကြည့်ရင် မြန်နှုန်းမြင့် လေကြောင်းခရီးစဉ်တွေရဲ့ ရှုပ်ထွေးမှုကို သိသိသာသာ မြင်တွေ့ရမှာပါ။ လူလိုက်ပါတဲ့ ယာဉ်တွေထဲမှာ အမြင့်ဆုံး အမြန်နှုန်းအဖြစ် စံချိန်တင်ထားကတော့ ၁၉၆၇ ခုနှစ်မှာ ပျံသန်းခဲ့တဲ့ X-15 ယာဉ် ဖြစ်ပါတယ်။ တကယ်တော့ X-15 ယာဉ်ဟာ လေယာဉ်လို့ မဆိုနိုင်ဘဲ ဒုံးပျံကို ထိုင်ခုံတပ်ထားတဲ့ပုံစံဖြစ်ပြီး စံချိန်တင်နိုင်ဖို့ ရည်ရွယ်ဖန်တီးခဲ့တာပါ။ အဲဒီယာဉ်ကိုလည်း B-52 ဗုံးကြဲလေယာဉ်ပေါ်ကနေ ပျံသန်းစေခဲ့တာပါ။

ဒုံးပျံနဲ့ အရှိန်တင်စရာမလိုဘဲ လေယာဉ်အင်ဂျင်တပ်ဆင်မောင်းနှင်ပြီး စံချိန်တင်နိုင်ခဲ့တာကတော့ ၁၉၇၆ ခုနှစ်က ပျံသန်းခဲ့တဲ့ စစ်ဘက်ဆိုင်ရာ သူလျှိုလေယာဉ် SR-71 Blackbird ဖြစ်ပြီး အသံထက် ၃.၃ ဆ ( တစ်နာရီ မိုင် ၂၂၀၀) ရှိခဲ့ပါတယ်။ စီးပွားဖြစ် ပြေးဆွဲခဲ့ဖူးတဲ့ အသံထက်မြန်တဲ့ ခရီးသည်တင် လေကြောင်းလိုင်း ၂ ခုထဲမှာ Concorde ရဲ့ အမြင့်ဆုံး အမြန်နှုန်းကတော့ အသံထက် ၂.၀၄ ဆ ( တစ်နာရီ ၁၃၅၀ မိုင်) ရှိပါတယ်။

Hermeus က တည်ဆောက်နေတဲ့ ခရီးသည်တင်လေယာဉ်ကတော့ ဂျက်အင်ဂျင်တပ် အမြန်ဆုံး လေယာဉ်ရဲ့စံချိန်ကို ကွာဟချက် ကြီးကြီးမားမားနဲ့ ချိုးဖျက်ပြီး အသံထက် ၅ ဆ အမြန်နှုန်းအထိ ပျံသန်းနိုင်ဖို့ ရှိပါတယ်။ Hermeus ကုမ္ပဏီရဲ့ ကနဦးအာရုံစိုက်မှုကတော့ လေယာဉ်အင်ဂျင်ပါပဲ။ တိုက်လေယာဉ်တွေ၊ General Electric က ထုတ်လုပ်တဲ့ လေယာဉ်တွေမှာ အသုံးပြုတဲ့ အင်ဂျင်အမျိုးအစားတွေအပေါ် အခြေခံပြီး အင်ဂျင်အမျိုးအစားသစ်ရဲ့ ဒီဇိုင်းကို ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလကတည်းက စတင်စမ်းသပ်ခဲ့တာပါ။

အင်ဂျင်အမျိုးအစားသစ်ကတော့ သုံးနေကျ နည်းပညာ ၂ ခုကို ပေါင်းစပ်မှာပါ။ လေကြောင်းလိုင်းတွေမှာ သုံးတဲ့ တာဘိုဂျက် ( Turbo jet) အင်ဂျင်ကို ရမ်ဂျက်(ramjet)အင်ဂျင် (အသံထက် ပိုမြန်တဲ့နှုန်းသာ လည်ပတ်တဲ့)နဲ့ ပေါင်းစပ်မှာ ဖြစ်ပါတယ်။ အစပိုင်းမှာတော့ အဲဒီအင်ဂျင်ကို Quarterhorse မောင်းသူမဲ့ယာဉ်မှာ တင်ဆပ်အသုံးပြုမှာပါ။ Hermeus ကုမ္ပဏီဟာ အမေရိကန်ဒေါ်လာ သန်း ၆၀ တန် စီမံကိန်းအဖြစ် အမေရိကန်လေတပ်နဲ့ ပူးပေါင်းပြီး Quarterhorse မောင်းသူမဲ့ယာဉ်ကို ဖန်တီးနေတာပါ။

စိတ်ဝင်စားစရာကောင်းတာကတော့ ဂျက်အင်ဂျင်ကို ပိုမြန်အောင် ဒီဇိုင်းဆွဲရာမှာ အစိတ်အပိုင်းတွေ ထပ်ပေါင်းထည့်ရမယ့်အစား အစိတ်အပိုင်းတွေ ဖြုတ်ပစ်လိုက်တာပါပဲ။ တာဘိုအင်ဂျင်မှာ အရှေ့ပေါက်ကနေ လေဝင်ပြီး လေတွေကို ဖိလိုက်လို့ ဒလက်တွေလည်တဲ့အခါ စွမ်းအင်အစပျိုးလာပြီး လောင်စာနဲ့ထိတွေ့တဲ့အခါ လောင်ကျွမ်းတာပါ။ ဓာတ်ငွေ့အပူတွေကို အင်ဂျင်အနောက်ဘက် မှုတ်ထုတ်လိုက်လို့ လေယာဉ်က အရှေ့ကို ရွေ့သွားတာပါ။

ဒါပေမဲ့ အသံထက် ၃ ဆ ပိုမြန်တဲ့နှုန်းမှာတော့ လေတွေကို ဖိအားပေးဖို့ မလိုပါဘူး။ အင်ဂျင်ထဲ လေဝင်လာတာနဲ့ အရှိန်လျှော့လိုက်တဲ့အခါ သူ့အလိုလို ဖိအားပေးပြီးသားဖြစ်သွားတာပါ။ လေကို ဆောင့်သွင်းလိုက်သလို ဖြစ်သွားလို့ အသံထက် ၃ ဆ အမြန်နှုန်းကနေ အသံထက် ၅ ဆအမြန်နှုန်းအထိ အင်ဂျင်အမျိုးအစားတွေကို ရမ်ဂျက်လို့ ခေါ်ဆိုကြတာပါ။ ရမ်ဂျက်အင်ဂျင်ကတော့ တာဘိုဂျက်လိုမျိုး လှုပ်ရှားနေတဲ့ အစိတ်အပိုင်းတွေ မပါပါဘူး။ ဒါပေမဲ့ အသံမြန်နှုန်းရဲ့ ၃ ဆအောက်မှာလည်း အင်ဂျင်အလုပ် မလုပ်ပါဘူး။

Hermeus ကုမ္ပဏီက အသံထက်မြန်တဲ့ လေယာဉ်ကို အတက်၊ အဆင်းလုပ်တဲ့အခါ တာဘိုဂျက်အင်ဂျင်ပုံစံ အသုံးပြုမှာပါ။ လေယာဉ်ပျံသန်းနေချိန်မှာ အသံမြန်နှုန်းရဲ့ ၃ ဆကနေ ၅ ဆကြား ရောက်ချိန်မှာ ရမ်ဂျက်အင်ဂျင်ပုံစံကို အသုံးပြုမှာပါ။ ဒါပေမဲ့ Hermeus ကုမ္ပဏီဟာ ဖြေရှင်းစရာ ပြဿနာတွေ အများကြီးရှိနေသေးပြီး ဆီစားနှုန်း အရမ်းများတဲ့အတွက် ရေရှည်မှာ အဆင်ပြေအောင် ဘယ်လိုလောင်စာမျိုး အသုံးပြုမလဲဆိုတာကိုလည်း တွေးရမှာပါ။ အသံထက်မြန်တဲ့ လေယာဉ်တွေမှာ ဆီတိုင်ကီအပူချိန် အရမ်းပြင်းလွန်းတဲ့ ပြဿနာကိုလည်း ဖြေရှင်းရမှာပါ။ SR-71 Blackbird လေယာဉ်မှာတော့ ပြင်းထန်တဲ့ အပူချိန်နဲ့ ကိုက်ညီအောင် တိုက်တန်နီယမ်ဆီတိုင်ကီကို အသုံးပြုခဲ့ဖူးပါတယ်။

Hermeus ကုမ္ပဏီအတွက် ရန်ပုံငွေလည်း အများကြီး လိုအပ်ပါတယ်။ ဒါပေမဲ့ SpaceX ကုမ္ပဏီက Falcon 1 ၊ Dragon ၊ Falcon Heavy and Starship ဒုံးပျံတွေ တည်ဆောက်ရင်း ရန်ပုံငွေရှာခဲ့သလိုမျိုး သူတို့အနေနဲ့လည်း လေယာဉ်တွေ တည်ဆောက်ရင်း အသံထက်မြန်တဲ့ ခရီးသည်တင်လေယာဉ် စီမံကိန်းအတွက် ရန်ပုံငွေရှာဖွေသွားမယ်လို့ Hermeus ကုမ္ပဏီက ဆိုပါတယ်။

Ref: CNN “Why a Mach 5 passenger plane is a crazy idea that might just work”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top