သမီးလေးထံမှလက်ဆောင်

Vector_illustration_of_Happy_family_Fapp_10.jpg

တစ်ခါတုန်းက လူတစ်ယောက်ဟာ ရွှေရောင်ပါကင် စက္ကူလိပ်တစ်လိပ်ကို ဖြုန်းတီးပစ်လို့ဆိုကာ သုံးနှစ်အရွယ် သူ့ရဲ့သမီးလေးကို အပြစ်ပေးဆုံးမပါတယ်။ သူတို့မိသားစုက ငွေကြေးလည်းကျပ်တည်းပြီး ခရစ္စမတ်သစ်ပင်အောက်မှာထားဖို့အတွက် ဘူးလေးတစ်ဘူးကို သမီးဖြစ်သူက အလှဆင်ထားတာကိုတွေ့တော့ ပိုက်ဆံဖြုန်းတယ်လို့ဆိုပြီး ဒေါသတွေထွက်တာပေါ့။ ဒါပေမဲ့ သမီးဖြစ်သူက နောက်တစ်နေ့မနက်မှာ လက်ဆောင်ထုပ်ကလေးကို ဖခင်ဖြစ်သူဆီယူလာပြီး “ဒါအဖေ့အတွက်လက်ဆောင်ပါ” လို့ ပြောလိုက်ပါသတဲ့။

အဖေဖြစ်သူကလည်းအစောပိုင်းကသူ့ရဲ့ဆုံးမမှုကြောင့် ရှက်ကိုးရှက်ကန်း ဖြစ်သွားပါတယ်။ ဒါပေမဲ့လည်း ဘူးထဲမှာဘာမှရှိမနေတာကိုတွေ့လိုက်ရတော့ ထပ်ပြီးဒေါသထွက်ပြန်ပါတယ်။ “လူတစ်ယောက်ကိုလက်ဆောင်ပေးတဲ့အခါ အထဲမှာတစ်ခုခုထည့်ထားသင့်တယ်ဆိုတာသမီးမသိဘူးလား” လို့ သူ့သမီးကိုအော်ငေါက် ပြောလိုက်တဲ့အခါ သမီးဖြစ်သူကမျက်ရည်လေးတွေ ရစ်ဝိုင်းပြီး ဖခင်ဖြစ်သူကိုမော့ကြည့်ရင်းဒီလိုပြောလိုက်ပါသတဲ့။

“အဖေရယ် အထဲမှာဘာမှရှိမနေတာတော့ မဟုတ်ပါဘူး။ ဘူးလေးထဲကိုသမီးရဲ့အနမ်းလေးတွေ မှုတ်ထည့်ထားပါတယ်။ အားလုံးအဖေ့အတွက်ပါပဲအဖေရယ်”လို့ ပြောလိုက်ပါသတဲ့။ ဖခင်ဖြစ်သူလည်းစိတ်မကောင်းဖြစ်သွားပြီးတော့ သူ့ရဲ့သမီးငယ်လေးကို ပွေ့ဖက်လိုက်ပြီး သူ့ကိုခွင့်လွှတ်ဖို့ တောင်းပန်လိုက်ပါတယ်။

သိပ်မကြာတော့တဲ့ အချိန်ကာလမှာပဲ သမီးဖြစ်သူဟာအက်ဆီးဒင့်တစ်ခုနဲ့ သေဆုံးသွားပါတယ်။ ဒီတော့ ဖခင်ဖြစ်သူဟာ နှစ်ပေါင်းများစွာ သူ့ရဲ့အိပ်ရာအနားမှာအဲဒီရွှေရောင်ဘူးလေးကိုထားထားခဲ့ပါသတဲ့။ စိတ်ဓာတ်ကျလာတဲ့အချိန်တွင်း ဖခင်ဖြစ်သူကဒီစိတ်ကူးယဉ်ဆန်တဲ့ အနမ်းလေးတွေကိုထုတ်ယူပြီး အနမ်းလေးတွေ ထည့်သွင်းပေးခဲ့တဲ့ သမီးဖြစ်သူကိုသတိရနေတတ်ပါတယ်တဲ့။

ဒီပုံပြင်လေးကပေးတဲ့ သင်ခန်းစာကတော့ ကျွန်တော်တို့ လူသားတွေ အားလုံးဆီမှာကိုယ့်ရဲ့ သားသမီးလေးတွေ၊ မိသားစုဝင်တွေနဲ့ မိတ်ဆွေသူငယ်ချင်းတွေဆီကနေအကြွင်းမဲ့ ချစ်ခြင်းမေတ္တာတွေ ပြည့်ဝနေတဲ့ ရွှေရောင်ဘူးလေးတစ်ခုပိုင်ဆိုင်နေကြရပါတယ်။ ဒါကို ဘယ်သူ့ဘယ်သူကမှ ထိတွေ့ကိုင်တွယ်လို့ မရပေမဲ့ ဘယ်လိုအရာဝတ္ထုပစ္စည်းတွေကမှ ဒီအရာတွေထက် ပိုပြီးတော့ တန်ဖိုးမရှိကြောင်းကိုသိရှိနားလည်ရမှာပါ။

HtetHtet Tin Zar (ရိုးရာလေး)

Ref : Knowledge : Gift from Daughter

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top