၂၀၁၉ က အရှုံးအတွက် ၂၀၂၀ မှာအကောင်းဆုံး ပြင်ဆင်နေတဲ့ ဖိုးသော်

20-5-2020-yyl-039.jpg

ကမ္ဘာ့အကြီးဆုံး ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားအဖွဲ့အစည်း ONE Championship မှာ မြန်မာနိုင်ငံကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်နေ ကြတဲ့ အားကစားသမားတွေရှိပါတယ်။ ကချင်တိုင်းရင်းသား “မြန်မာ့စပါးအုံး” အောင်လအန်ဆန်က မစ်ဒယ်ဝိတ်တန်းနဲ့ လိုက်ဟဲဗီးဝိတ် တန်း ကမ္ဘာ့ချန်ပီယံခါးပတ်နှစ်ခု ပိုင်ဆိုင်ထားပြီး ကယန်းတိုင်းရင်းသူ အန်တိုနီယာ၊ ရန်ကုန်ဇာတိ “ဘူရှီးဒိုး” ဖိုးသော်တို့ကလည်း အ ကောင်းဆုံးစွမ်းဆောင်ရည်တွေ ပြသထားပါတယ်။ ONE Championship မှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရဖို့ ကြားခံကျင်းပပေးလျက်ရှိတဲ့ ONE Warrior Series ပြိုင်ပွဲမှာဆိုရင်လည်း ရှမ်းတိုင်းရင်းသား စိုင်းဉာဏ်လင်းနဲ့ မွန်တိုင်းရင်းသား ပုညစိုင်းတို့က မြန်မာနိုင်ငံဂုဏ်ကို မြှင့်တင်ခွင့်ရရှိအောင် ကြိုးစားယှဉ်ပြိုင်လျက်ရှိပါတယ်။

Team PT အသင်းရဲ့ပဲ့ကိုင်ရှင် ဖိုးသော်ဟာ မြန်မာ့ရိုးရာလက်ဝှေ့သမားဟောင်းတစ်ယောက်ဖြစ်ပြီး ၂၀၁၅ ခုနှစ်က ONE Championship နဲ့လက်တွဲကာ ပြိုင်ပွဲတွေယှဉ်ပြိုင်ခဲ့သူပါ။ ၎င်းဟာ ၂၀၁၆ မြန်မာဖယ်သာဝိတ်တန်း ချန်ပီယံခါးပတ်ကိုရရှိခဲ့ပြီး ၁၀ ပွဲထိုး သတ်ရာမှာ ၈ ပွဲနိုင်၊ ၂ ပွဲရှုံးမှတ်တမ်း ပိုင်ဆိုင်ထားပါတယ်။ ဖိုးသော်ဟာ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလအတွင်း နောက်ဆုံးထိုးသတ် ထားတဲ့ပွဲမှာ တောင်ကိုရီးယား အားကစားသမား Yoon Chang Min ကို ရှုံးနိမ့်ထားပါတယ်။ အသက် ၃၅ နှစ်အရွယ် ၎င်းဟာ လက်ရှိအ ချိန်မှာ စွမ်းဆောင်ရည်ကောင်းတွေရရှိနိုင်ရေး၊ နိုင်ပွဲတွေပြန်လည်ရှာဖွေနိုင်ရေးအတွက် လေ့ကျင့်မှုတွေကို ပြင်းပြင်းထန်ထန် ပြုလုပ် လျက်ရှိပါတယ်။

ဖိုးသော်ဟာ ကမ္ဘာ့စင်မြင့်ထက် သူ့ကိုရှုံးပွဲကြုံစေခဲ့တဲ့ မလေးရှားအားကစားသမား Keanu Subba နဲ့ Yoon Chang Min တို့ကို လက်စား ချေခွင့်ရနိုင်ဖို့ အားခဲထားပြီး ဖယ်သာဝိတ်တန်းမှာလည်း အဆင့်သတ်မှတ်ချက်မြင့်တက်လာအောင် ကြိုးစားနေပါတယ်။ ONE Championship က ထုတ်ပြန်လိုက်တဲ့ ဖယ်သာဝိတ်တန်းအဆင့်သတ်မှတ်ချက်မှာ ဖိုးသော်ဟာ လက်ရှိကမ္ဘာ့ချန်ပီယံ ဗီယက်နမ်-သြစ တြေးလျ အားကစားသမား Martin “The Situ-Asian” Nguyen ကို စိန်ခေါ်နိုင်ခွင့်ရှိသူ ထိပ်ဆုံး ၅ ဦးစာရင်းထဲ ပါဝင်လာခြင်းမရှိပါဘူး။ ဒီလို အဆင့်သတ်မှတ်ချက် ၁ ကနေ ၅ အတွင်း ပါဝင်လာခြင်းမရှိမှုအပေါ် ဖိုးသော်က စိတ်ပျက်အားငယ်ခြင်းမရှိဘဲ ပိုမိုကြိုးစားလာ အောင် တွန်းအားပေးတာလို့ ခံယူပါတယ်။ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ်(COVID-19) ကြောင့် အားကစားပြိုင်ပွဲတွေ ရပ်နားထားချိန်မှာ ၎င်းဟာ Team PT မှာ လေ့ကျင့်မှုတွေကို အဆက်မပြတ်ပြုလုပ်လျက်ရှိပြီး ၂၀၂၀ အတွင်း ယခင်နဲ့မတူတဲ့ ဖိုးသော် ဖြစ်လာအောင် ကြိုးစားနေတယ်လို့ ဆိုပါတယ်။

“၂၀၂၀ မှာ အရင်ကနဲ့မတူအောင် ပြင်ဆင်နေပါတယ်။ အရင်ကထက်လည်း ပိုပြီးကြိုးစားနေပါတယ်။ အဓိကအကြောင်းရင်းကတော့ ကျွန်တော်က သင်ယူချင်စိတ် အရမ်းပြင်းပြတယ်။ နောက်ပြီး တကယ်ကို အရည်အချင်းရှိတဲ့ အားကစားသမားတစ်ယောက် ဖြစ်ချင် တယ်။ ကိုယ်ခံပညာနဲ့ပတ်သက်ရင် မြန်မာနိုင်ငံဟာ အာရှမပြောနဲ့ အရှေ့တောင်အာရှ အိမ်နီးချင်းတွေ နိုင်ငံတွေနဲ့ယှဉ်လိုက်ရင် ကမ္ဘာက သတိထားမိရတဲ့ ကစားသမားမျိုး မရှိသလောက်ရှားပါတယ်။ MMA နဲ့ပတ်သက်ပြီးတော့လည်း သူများနိုင်ငံတွေလိုမျိုး လေ့လာသင်ယူစ ရာနေရာတွေ မပေါများပါဘူး။ ကျွန်တော်တို့က စိတ်ဓာတ်တစ်ခုတည်းနဲ့ ရှိတဲ့အင်အားလေးကို မနည်းအသုံးချနေရတာဖြစ်ပါတယ်။ ဒါပေမဲ့ ဘာပဲပြောပြော MMA ဝိတ်တန်းနှစ်ခုမှာ မြန်မာနိုင်ငံက ကမ္ဘာ့ချန်ပီယံရှိလာပြီ။ ကျွန်တော်လည်း အဆင့်သတ်မှတ်ချက်တစ်ခုအထိ ရောက်လာအောင် ကြိုးစားသွားမယ်။ ကိုယ့်မှာမရှိတာတွေကို တောင့်တနေပြီး ထိုင်စောင့်မနေဘဲ ရှိတာနဲ့ ရအောင်ကြိုးစားပြီး အချိန်ကိုလည်း တန်ဖိုးရှိအောင် အသုံးချမယ်” လို့ ဖိုးသော်က ဆိုပါတယ်။

ဘဝတစ်လျှောက် အခက်အခဲပေါင်းများစွာနဲ့ ကြုံတွေ့ခဲ့ဖူးတဲ့ ဖိုးသော်ဟာ ဘယ်တော့မှ လက်လျှော့အရှုံးပေးတတ်သူ မဟုတ်ပါဘူး။ မြန် မာ့ရိုးရာလက်ဝှေ့ကို စတင်ထိုးသတ်စဉ်ကဆိုရင် သူ့ရဲ့အသက်အရွယ်ကြောင့် မဖြစ်နိုင်ပါဘူးလို့ ဝေဖန်သူတွေရှိခဲ့ပေမယ့်လည်း နိုင်ပွဲရရှိ အောင် ကြိုးစားခဲ့ဖူးတဲ့သာဓကတွေ ရှိဖူးပါတယ်။ ဘဝကို ဖြစ်သလိုမနေဘဲ ရည်မှန်းချက်ပန်းတိုင်တွေထားရှိတဲ့ ဖိုးသော်ဟာ မျိုးဆက် သစ်တွေကို အောင်မြင်စေချင်သလို ၎င်းရဲ့Team PT ကိုလည်း အောင်မြင်ထင်ရှားတဲ့ MMA သင်တန်းတစ်ခုဖြစ်လာအောင် ကြိုးစားသွား မယ်လို့ ပြောပါတယ်။

“ကျွန်တော်သွားမယ့်လမ်းက အရှည်ကြီးပါ။ ပန်းတိုင်မရောက်ခင်အထိ ဘယ်တော့မှလက်မလျှော့ဘူး။ ကျွန်တော် MMA မှာ အောင်မြင် တဲ့သင်တန်းတစ်ခု တည်ထောင်ချင်သလို မျိုးဆက်သစ်တွေကိုလည်း အောင်မြင်စေချင်တယ်။ သေချာတာကတော့ ၂၀၂၀ မှာ ကျွန် တော်ဟာ အရင်ပုံစံနဲ့ကွဲပြားနေပြီးတော့ ပိုကောင်းတဲ့လူတစ်ယောက် ဖြစ်ကိုဖြစ်ရမယ်။ ကျွန်တော့်သင်တန်းက နောက်ထပ်မျိုးဆက်သစ် တွေကလည်း ၂၀၂၀ မှာ အဆင်သင့်ဖြစ်နေပါပြီ။ Team PT အနေနဲ့ရော၊ ကိုယ်ကိုယ်တိုင်ရော ၂၀၂၀ မှာ ရလဒ်ကောင်းတွေနဲ့ အတွေ့ အကြုံကောင်းတွေပိုင်ဆိုင်နိုင်ဖို့ မျှော်လင့်ထားပါတယ်” လို့ ဖိုးသော်က ဆိုပါတယ်။

Team ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top