သွေးတိုးဆီးချိုရောဂါရှိပေမဲ့ ၆ နှစ်တာ ပညာသင်ယူပြီး ဒေါက်တာဘွဲ့ရယူခဲ့တဲ့ အသက် ၇၀ အရွယ် အမျိုးသား

14.12.2021yyl13.png

မကြာသေးခင်က မလေးရှားနိုင်ငံ၊ ဂျဟိုးဘာရူးမြို့က အသက် ၇၀ အမျိုးသားဟာ အသက်အရွယ်က ကိန်းဂဏန်းသက်သက်သာဖြစ်ပြီး ကိုယ်ကိုယ်တိုင်ကြိုးစားအားထုတ်နေသရွေ့ ဘယ်အရာမဆိုရအောင်ယူနိုင်တယ်ဆိုတာကို သက်သေပြခဲ့ပါတယ်။ အဒူ ရာဟင် ရမ်လီ (Addul Rahim Ramli) ဆိုတဲ့ အမျိုးသားက အသက် ၇၀ အရွယ်မှာ University Teknologi Malaysia (UTM) ကနေ ဒေါက်တာဘွဲ့ရယူနိုင်ခဲ့ပါတယ်။

ဒေါက်တာဘွဲ့အတွက် စာလေ့လာသင်ယူမယ့်အစီအစဉ်က အဒူ ရောဂါခံစားခဲ့ရတဲ့အချိန် လွန်ခဲ့တဲ့ ၆ နှစ်ကပါ။ သူ့မှာ သွေးတိုး၊ဆီးချိုရောဂါရှိပေမဲ့ သူ့ဇနီးနဲ့ ကလေးတွေရဲ့အားပေးထောက်ခံမှုကြောင့် PhD တတ်ဖို့ ဆုံးဖြတ်ခဲ့ပြီး ၆ နှစ်တာ ပညာလေ့လာခဲ့ပါတယ်။ “ဒေါက်တာဘွဲ့အတွက် သုတေသနပြုချက်မှာ ကွင်းဆင်းလေ့လာမှုတွေပါဝင်တဲ့အတွက် လုံးဝစိန်ခေါ်မှုဖြစ်ခဲ့ပြီး အလုပ်နဲ့ သုတေသနနှစ်ခုလုံးအတွက် အချိန်ခွဲဝေပေးခဲ့ရပါတယ်”လို့ အဒူက ဆိုပါတယ်။

UTM မှာ သင်ကြားရေးဝန်ထမ်းလည်းဖြစ်တဲ့ သူ့ရဲ့သားပါမောက္ခ ဒေါက်တာ ရှာရူ ကာမေးလ် အဒူ ရာဟင် ( Kamal Abdul Rahim) က ၆ နှစ်တာ ပညာသင်ယူနေစဉ်အတွင်း သူ့ကို နောက်ကနေ ပံ့ပိုးပေးခဲ့ပါတယ်။ အဒူက သူ့ရဲ့သူငယ်ချင်းအများစုက ဒေါက်တာဘွဲ့ရရှိထားတဲ့သူတွေ၊ ပါမောက္ခတွေဖြစ်တဲ့အတွက် အဲဒီအချက်က သူ့ကို ဒေါက်တာဘွဲ့ယူဖို့ တွန်းအားဖြစ်စေခဲ့တယ်လို့ ဆိုပါတယ်။ အဒူက ၆ နှစ်တာ ကြိုးစားသင်ယူလေ့လာခဲ့ပြီးနောက် ဒီဇင်ဘာ ၁၁ ရက်နေ့က ၆၄ ကြိမ်မြောက်ဘွဲ့နှင်းသဘင်အခမ်းအနားမှာ ဒေါက်တာဘွဲ့ကို လက်ခံရယူခဲ့ပါတယ်။ ယနေ့အထိ အဒူက UTM ရဲ့အသက်အကြီးဆုံးဘွဲ့ရတစ်ယောက်ဖြစ်ပါတယ်။

လူငယ်တွေအတွက် အဒူရဲ့အကြုံပြုချက်ကတော့ အချိန်တွေကို မဖြုန်းဖို့နဲ့ Comfort Zone အပြင်ဘက်ကို ထွက်ပြီး ကိုယ့်ကိုယ်ကို စိန်ခေါ်မှုတွေလုပ်ဖို့ပါပဲ။ “လူငယ်တွေ ပညာသင်ယူခွင့်ကို လက်လွတ်မခံသင့်ပါဘူး။ သူတို့တွေက အပျော်အပြက်တွေမှာ နစ်မွန်းမနေသင့်ဘူး။ အသိပညာတွေဆက်လက်ရှာဖွေဖို့ စိတ်ဝင်စားမှုမရှိဘူးဆိုရင် လစာကြီးကြီးမားမားဝင်ဖို့လည်း မဖြစ်နိုင်ဘူး” လို့ အဒူက ဆိုထားပါတယ်။

Ref: WorldofBuzz “70-Year-Old Man From Johor With Hypertension & Diabetes Receives His PhD After 6 Years Of Studies”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top