ရာသီဥတုကဘယ်လိုပြောင်းလဲလာနေတာလဲ

picturesque-view-on-bachalpsee-lake-ZUXY54S.jpg

စံချိန်တင်လာနေတဲ့ အပူချိန်လွန်ကဲမှုတွေ၊ နာတာရှည်နေတဲ့ မိုးခေါင်ရေရှားမှုတွေ၊ တောမီးလောင်ကျွမ်းလာမှုတွေ၊ ရာသီဥတုဖောက်ပြန်မှုတွေ၊ ရေကြီးမှု၊ ပင်လယ်ရေ မျက်နှာပြင်မြှင့်တက်လာမှုတွေ နဲ့ ရေသတ္တဝါများရှင်သန်ဖို့ခက်ခဲလာတဲ့ သမုဒ္ဒရာရေ အောက်ကြမ်းပြင်များဖြစ်တည်လာမှု တွေဟာ ယခင်ဆယ်စုနှစ်တွေကတည်းက သိပ္ပံပညာ ရှင် တွေဟောကိန်းထုတ်ခဲ့တာဖြစ်ပြီး ဒီဖြစ်ပျက်မှုတွေဟာ လက်တွေ့မှာဖြစ်ပျက် လာနေတာ ကို မျက်ဝါးထင် ထင်တွေ့မြင်ကြရမှာဖြစ်ပါတယ်။

ဒါကြောင့် ကမ္ဘာပေါ်ရှိ လက်ရှိနေထိုင်နေကြတဲ့ လူသားများဟာ သဘာဝပတ်ဝန်း ကျင်အပြောင်း အရွေ့ကာ လတစ်ခုမှာနေထိုင်နေကြတာဖြစ်ပြီး၊ လူတွေရဲ့ ပတ်ဝန်းကျင်အပေါ် မဆင်မခြင် လုပ်ဆောင်မှုတွေကြောင့် အတောမသတ်နိုင်တဲ့ ကပ်ဆိုးကြီးများ တန်းစီပြီး ကျရောက်နေသည်ကို တော့ သံသယမရှိနိုင်ပါ။ အကြီးမားဆုံး ကပ်ဆိုးတစ်ခုကတော့ ကမ္ဘာကြီး ပူနွေးလာမှုပင်ဖြစ်သည်။ ဒါကြောင့် အားလုံးသိထားသင့်တဲ့ ရာသီဥတုပြောင်းလဲမှု နောက်ဆက်တွဲပြဿနာတွေကို ဆက် ကြည့်ကြရအောင်။

၁။ ကမ္ဘာကြီးဟာ ပိုပြီး ပူနွေးလာခြင်း။

ရာသီဥတုပြောင်းလဲလာမှုရဲ့ အကျိုးဆက်တစ်ခုကတော့ ကမ္ဘာ့ရာသီဥတုအပူချိန်မြှင့်တက် လာမှုပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ (၂၀) ရာစုကာလရှိ ကမ္ဘာ့ရာသီဥတုအပူချိန်နဲ့ လက်ရှိကာလရဲ့အပူချိန်တွေဟာ အလွန်မှပဲ ကွာခြား လှပါတယ်။ သမိုင်းတွင် စံချိန်တင်အပူဆုံးကာလ (၁၀) ခု ထဲက (၉) ခုဟာ ပြီးခဲ့ တဲ့ ၂၀၀၂ ခုနှစ်အတွင်းမှာစစ်တမ်း ကောက်ယူရရှိခဲ့တာဖြစ်ပါတယ်။ ဥပမာအားဖြင့် သြစတေးလျ မိုးလေဝသဌာနမှ အမြင့်ဆုံး အပူချိန် အညွန်းကိန်းဖော်ပြဖို့ အတွက် နီယွန် ခရမ်းရောင် (၅၄−၅၆ စင်တီဂရိတ် ဒီဂရီ ဆဲလ်စီယပ်)ကို အညွှန်းကိန်းစာရင်းထဲ ထပ်တိုးပြီး ထိုအပူချိန် အသစ်အတွက် ထည့်သွင်းခဲ့ရပါတယ်။ ဒါဟာ ကမ္ဘာ့အပူချိန် (ဝ.၈၅စင်တီဂရိတ် ဒီဂရီ ဆဲလ်စီယပ်) မြင့်တက်လာခြင်းကြောင့်ဖြစ်ပါတယ်။ ဆက်လက်ပြီး ကမ္ဘာ့ရာသီဥ အပူချိန်ဟာ အတက်ဖက်သို့ ဦးတည်နေလျက်ရှိပါတယ်။ ဒီအခြေအနေဟာ အလွန်မှစိုးရိမ်ဖွယ်ရာ ဖြစ်ပါတယ်။ ဥတုရာသီ ကျွမ်းကျင်ပညာရှင်များရဲ့ အဆိုအရ ထုတ်လွတ်ခဲ့တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် ပမာဏကြောင့် လေထုထဲတွင် အပူချိန် (၁.၅စင်တီဂရိတ် ဒီဂရီ ဆဲလ်စီယပ်) ခန့် ပိတ်မိနေခဲ့ပြီးဖြစ်သည်။ ဒီအတွက်ကြောင့် ဆက်လက်ပြီး အပူချိန် တိုးမြှင့်မှု (၂ စင်တီဂရိတ် ဒီဂရီ ဆဲလ်စီယပ်) ရဲ့ နှုတ်ခမ်း၀ ကိုရောက် လုနေပြီးဟုဆိုနိုင်သည်။

၂။ အာတိတ် နဲ့ အန္တာတိက ဝန်ရိုးစွန်းဒေသရှိ ရေခဲများ ဆက်လက်ပျော်ဝင်လာနေခြင်း။

ကမ္ဘာ့ မြေမျက်နှာသွင်ပြင်ရဲ့ (၁၀)ရာခိုင်နှုန်းခန့်ဟာ ရေခဲပြင်များနဲ့ ဖွဲ့စည်းထားပါတယ်။ ဒါကြောင့်ရေခဲပြင်များဟာလည်း ကမ္ဘာ့ရာသီဥတုနဲ့ တိုက်ရိုက်ဆက်နွယ်နေတာကို အလေးထားသိစေချင်ပါတယ်။ မြောက်ဝန်ရိုးတန်း အာတိတ် နဲ့ အန္တာတိက ဝန်ရိုးစွန်းဒေသရှိရေခဲစိုင်များရဲ့ ပမာဏဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ် (၃) စုအတွင်း သိသိသာသာ လျှော့နည်းလာနေသည်။ နောက်ပြီး လွန်ခဲ့တဲ့ နှစ်များဖြစ်တဲ့ ၁၉၀၀ ခုနှစ်မှ ၁၉၈၀ ကာလအတွင်း တိုင်းတာခဲ့တဲ့ ရေခဲပြင်ပမာဏ ( ၈.၅ သန်း စတုရန်းကီလိုမီတာ) ခန့်ရှိခဲ့ရာ လက်ရှိအတိုင်းအထွာ များအရ ထိုပမာဏဟာ ဆက်လက်ပြီး ကျ ဆင်းလျှက်ရှိနေ ပါတယ်။ ထိုသို့သော ရေခဲပြင်ပမာဏ တိုင်းတာမှုများကို ရေခဲတောင်ပေါင်း (၁၆၀,၀၀၀) ခန့်၌ တိုင်းတာခဲ့ရာတွင်လည်း ရေခဲပြင်ပမာဏဟာ မြန်ဆန်စွာ ကျဆင်းမှုဖြစ်နေတာကို သိသာထင်ရှားစွာတွေ့ရှိခဲ့ပါတယ်။ သာဓကအားဖြင့် ကီလီမန်ဂျာရို ရေခဲတောင်ရှိရေခဲပမာဏဟာလည်း လွန်ခဲ့တဲ့ ရာစုနှစ်အတွင်း (၈၀) ရာခိုင်နှုန်းခန့် လျှော့နည်းခဲ့ပြီး နောက်ထပ် ဆယ်စုနှစ်တစ်ခု အတွင်းထိုနေရာရှိ ရေခဲပြင်များ ပျောက်ကွယ်သွားမည်ဟု သိပ္ပံပညာရှင်များ ခန့်မှန်းနေကြသည်။

၃။ ရေခဲပြင်များ လျှော့နည်းလာရခြင်းသည် အပူချိန်မြင့်တက်လာမှုကြောင့်ဖြစ်။

မြောက်ဝန်ရိုးစွန်းဒေသ အာတိတ်ဒေသသည် မြောက်ကမ္ဘာဝန်ရိုးစွန်းတန်းဒေသရဲ့ အဲယားကွန်း (လေအေးစက်) ကဲ့သို့ လုပ်ဆောင်ပေးလျက်ရှိသည်။ ဒါကြောင့် ဤဝန်ရိုးတန်းရှိ ရေခဲပြင်များ ပျော်ဝင်ပျောက်ကွယ်သွားပါက ကမ္ဘာကြီးအနေနဲ့ အမှောင်ထုကို ကျရောက်သွားစေနိုင်သည်။ ထိုသို့ ရေခဲပြင်များပျောက်ကွယ်သွားပါက နေအပူချိန်ဟာ လည်း စံချိန်တင် မြင့်တက်လာဖို့သာရှိသည်။ ရေခဲပြင်အနေနဲ့ ကမ္ဘာ့ ရာသီဥတုကို ပြောင်းလဲ ချိန်ညှိပေးနိုင်ရုံသာ မက ကျရောက်လာတဲ့ နေရောင်ခြည်ကို လည်း ဝေဟင်ထက်သို့အလန်းပြန်တက်ပေးနိုင်သည်။ဒါကြောင့်အပူချိန်ကို ထိန်းညှိပေး နေသည်။ ထို့ကြောင့် အလင်းပြန်ပေးနိုင်တဲ့ ရေခဲပြင်များ ပျောက်ကွယ်သွားပါက ကမ္ဘာမြေကြီးနဲ့ သမုဒ္ဒရာ ပြင်သာ ကျန်လို့ ကျရောက်လာတဲ့ နေရောင်ခြည်ကို ဝေဟင်သို့ အလင်းမပြန်နိုင်တော့ပဲ အပူကို ပိုမိုစုပ်ယူနိုင်လို့ လေထုနဲ့ သမုဒ္ဒရာအတွင်း မြေပေါ်မြေအောက် အပူချိန်မြှင့်တက်မှုကို ဟန့်တားနိုင်မှု ခဲရင်းလာ လိမ့်မည်။ ပြီးခဲ့တဲ့ (၅) နှစ်အတောအတွင်း ကလင်းလန်း ရေခဲစိုင်နယ်မြေကြီး တွင်ရေခဲပြင်ပျော်ဝင်မှု (၂) ဆမြှင့်တက်ခဲ့ပြီး အနောက် အန္တာတိက တိုက်ဘက်တွင်တော့ (၃) ဆ ရေခဲပြင်များ ပျော်ဝင်ပျောက်ကွယ်ခဲ့ရသည်။

၄။ ပင်လယ်ရေမျက်နှာပြင်ဟာ တရိပ်ရိပ် တက်လာနေသည်။

လက်ရှိတွင်တော့ သမုဒ္ဒရာ ကြီးဟာ ကမ္ဘာကြီးပူနွေးလာမှုမှ အပူချိန် ပမာဏ (၉၃)ရာခိုင်နှုန်းကို စုပ်ယူပြီးခဲ့ပြီးဖြစ်သည်။ ၎င်းအနေနဲ့ ၁၉၈၀ ခုနှစ်ကတည်းကပင် အပူချိန် စုပ် ယူခဲ့ပြီးဖြစ်သည်။ သမုဒ္ဒရာ အပူစုပ်ယူမှတစ်ဆင့် ပင်လယ်ရေမျက်နှာပြင် မြင့်တက်မှုကို ရာခိုင်နှုန်းဝက် သက်ရောက်စေပြီး ကျန်တဲ့ ရာခိုင်နှုန်းဝက်ကတော့ ရေခဲပြင်များ ပျော်ဝင်ပျောက်ကွယ်ရာမှ သက်ရောက်စေခြင်း ဖြစ်သည်။ ဒီအတွက်ကြောင့် ၁၉၀၀ ခုနှစ်နှစ်များကပင် ပင်လယ်ရေမျက်နှာပြင် ဟာ (၁၉) စင်တီမီတာ မြင့်တက် လာခဲ့ပြီးဖြစ်သည်။ စိုးရိမ်စရာကောင်းသည်မှာ လွန်ခဲ့တဲ့ ဆယ်စုနှစ် (၂)ခုကတည်းကစလို့ ပင်လယ်ရေမျက်နှာပြင်မြင့်တက်မှု(၃) ဆတိတိ ရာစုနှစ် ပျမ်းမျှထက် ပိုမိုထိုးတက်ခဲ့သည်။ လက်ရှိ အခြေအနေတွေအရ လာမည့် နှစ် ၂၀၅၀ ပြည့်နှစ်တွင် ပင်လယ်ရေမျက်နှာပြင် (၈ စင်တီမီတာ ကနေ ၄၈ စင်တီမီတာ) လက်မ အားဖြင့် (၇ လက်မ မှ ၁၉ လက်မ) အထိမြှင့်တက်လာမည်ဟု ခန့်မှန်းထားသည်။ ဒီကိန်းဂဏန်းဟာ ၂၁ ရာစုနှစ်ကုန်တွင် (၂) တက်လာမည့် မြှင့်တက်မှု ထက် (၂) ဆ ထိ မြင့်တက်လာဦးမည်ဟု ပညာရှင်များ ဆိုကြသည်။ ဒီအချက်ကြောင့် ကန်းရိုးတန်းဒေသများသည် ဆိုးရွားတဲ့ရေလွှမ်းမိုးမှုများနဲ့ ရင်ဆိုင်ကြရမည်မှာ ဧကန်မလွဲဖြစ်သည်။

၅။ သမုဒ္ဒရာများ ဂေဟ စနစ်ပျက်စီးလာခြင်း။

နှစ်စဉ် သမုဒ္ဒရာများသည် လေထုထဲ ထွက်ရှိတဲ့ ကာဗွန်ဓာတ်ငွေ့ (၄)ပုံ (၁) ပုံခန့်ကို စုပ်ယူပေးနေသည်။ ဒီအတွက်ကြောင့် ထိုကာဗွန်စုပ်ယူမှုကြီးက သမုဒ္ဒရာရဲ့ ဂေဟ စနစ်ကို ကြီးမားစွာ ပြောင်းလဲမှုပေးနေသည်။ ၁,၇၀၀ ခုနှစ်အတွင်းကပင် သမုဒ္ဒရာ များဟာ အက်စစ်ဓာတ် (၃၀)ရာခိုင်နှုန်းခန့် မြင့်တက်မှုရှိလာနေပြီး ရာစု ကုန်ခါနီးတွင် (၂)ဆ ဖြစ်လာမည်ဖြစ်သည်။ ထိုသို အက်စစ်ဓာတ်မြှင့်မားလာမှုကြောင့် ရေအောက်ကြမ်းပြင် ဂေဟစနစ်ကို ယိုယွင်းပျက်စီးလာမှုကို တွန်းအားပေးနေသည်။ ဒီအတွက်ကြောင့် ရေသတ္တဝါ (၂၅) ရာခိုင်နှုန်းအတွက် အစားအစာထုတ်ပေးနေသည့် သန္တာကျွန်းများ (သန္တာကျောက်တန်း) ကို ပျက်စီးလာစေသည်။ ဒီလို သမုဒ္ဒရာ ဂေဟ စနစ်ကို ခြိမ်းခြောက်လာမှုကြောင့် ရေသတ္တဝါတွေရဲ့ အစား ကွင်းဆက်များ ထိခိုက်လာစေပြီး၊ (၃)ဘီလျံ သောလူသားများအတွက် ကျွေးမွေးပေးနေတဲ့ ငါးများလည်း မျိုးသုဉ်းလာမှု များဖြစ်လာမှုနဲ့ ရင်ဆိုင်နေကြရမှာဖြစ်သည်။

၆။ ဟာရီကိန်းမုန်တိုင်းများဟာ ပိုမိုပြင်းထန်လာနေသည်။

အတ္တလန်တိတ်သမုဒ္ဒရာ ကိုလေ့လာနေတဲ့ သိပ္ပံပညာရှင်များ၏အဆိုများအရ နွေရာသီအတွင်း သမုဒ္ဒရာ မျက်နှာပြင်အပူချိန်နဲ့ အပူပိုင်းမုန်တိုင်းများနဲ့ တိုက်ရိုက် ဆက်နွယ်မှုကို လေ့လာတွေ့ရှိခဲ့သည်။ သမုဒ္ဒရာမျက်နှာပြင်ပိုမိုပူနွေးလာလေ အားကောင်း တဲ့ မုန်တိုင်းများ အတ္တလန်တိတ်သမုဒ္ဒရာ အတွင်း ပေါ်ပေါက်လာနိုင်စေသည်။ ဒါကြောင့် ပြီးခဲ့တဲ့နှစ်ပေါင်း (၂၀) အတွင်း ဟာရီကိန်းမုန်တိုင်းများ ပိုမိုဖြစ်ပေါ်လာပြီး အင်အားလည်း ပိုမို ကောင်းလာကြသည်။ ဟာရီကိန်းမုန်တိုင်းများဖြစ်ပွားမှု အချက်အလက်ဒေတာ များအရ ပျမ်းမျှအားဖြင့် ၁၉၀၀−၁၉၈၀ ခုနှစ်များအတွင်း ထိုသို့သောမုန်တိုင်းများ တစ်နှစ် (၂) ကြိမ်သာကျရောက်လေ့ရှိပြီး ထိုနှစ်များနှောင်းပိုင်းများတွင် (၃) ဆတက်ပြီး တစ်နှစ်ကို ဟာရီကိန်း များ (၆) ကြိမ်အထိ ကျရောက်လာနေသည်။

၇။မြစ်ချောင်းများ ရေကြီးလာနေသည်။

လေထုပိုမို ပူနွေးလာခြင်းသည် လေထုအတွင်း ရေငွေ့အစိုင်အခဲများကို ပိုမို ဖြစ်တည်လာစေသည်။ ထို့ကြောင့် မိုးများကြီးလာ (သို့) ပိုမိုရွာချလေ့ရှိပြီး ရေများကြီးလာစေသည်။ သဘာဝဖြစ်စဉ်တစ်ခုဖြစ်တတ်တဲ့ အယ်နီနို ဖြစ်သလိုနည်းတူ (အယ်နီနို အနေနဲ့ ဖြစ်လာရင် မုန်တိုင်းများ ကို အပူပိုင်းဒေသသို တွန်းပို့လေ့ရှိသည်။) သို့သော် ကမ္ဘာကြီးပူနွေးလာမှုကြောင့် အီကွေတာ၏ မြောက်ဘက်ဒေသ သို့ မုန်တိုင်းများကို ပုံစံပြောင်းပြီး တွန်းပို့ လာနေသည်။ ဒီလို သဘာဝဖြစ်စဉ်တွေပြောင်းလဲလာရခြင်းရဲ့ နောက်ဆက်တွဲများကို ပြောပြရလျင် အမေရိက မြောက်ဘက်ပိုင်းတွင် မိုးရွာသွန်းမှု (၇၀)ရာခိုင်နှုန်း မြှင့်တက်ခဲ့သည်။ ခြုံငုံရလျှင် ရေငွေ့ တွေသည်လည်း ဖန်လုံအိမ်ဓာတ်ငွေ အပူငွေ့များလို မကောင်းကျိုးသံသရာလည်စေသည်။ ဆိုလိုသည်မှာ စိုစွတ်ခြင်းသည် ပိုမိုပူနွေးခြင်းကြောင့်ဖြစ်သည် ဒါကြောင့် ပိုမိုပူနွေးလာလေ ပိုမို စိုစွတ်မှုအခြေအနေကို ဖန်တီးပေးစေသည်။ ခန့်မှန်းခြေများအရ ၂၁၀၀ ခုနှစ်များတွင် မိုးရွာသွန်းမှု ပိုမို ပြင်းထန်လာမည်ဖြစ်သည်။

၈။ ရေများ ရှားပါး ပျောက်ကွယ်လာနေသည်။

ပြည်လည်သုံးသပ်ရရင် ကမ္ဘာပေါ်ရှိ ကြီးမားတဲ့ မြစ်ချောင်းအင်းအိုင်များသည် ရေခဲတောင်၊ ရေခဲမြစ်များမှတစ်ဆင့် မြစ်ဖျားခံလာကြရသည်။ အခုလိုအပူချိန်မြင့်တက်လာခြင်းကြောင့် ရေခဲအရင်းအမြစ်များ ရှားပါးလာပြီး ရေငွေ့ပြန်မှုကို ပိုမိုထုတ်လွတ်စေသည်။ အထူးသဖြင့် မိုးနည်းသော ဒေသများဖြစ်တဲ့ အမေရိကန် အနောက်တောင်ဒေသ၊ အာဖရိကတိုက် မြောက်ဖက်ဒေသများ၊ တရုတ်အနောက်ဖက်ပိုင်းရှိ ဒေသများသည် ရေခဲမြစ်များဖြင့် ထိုဒေသရှိ မြစ်ချောင်းအင်းအိုင်များကို ရေပြန်လည်ဖြည့်နေရသည်။ ဤအခြေအနေတွင် အပူချိန်မြင့်တက်လာနေမှုက ထိုဒေသများကို ခြိမ်းခြောက်လာပြီး စိုးရိမ်မှုပိုမိုမြင့်တက်လာစေသည်။ ဒါ့အပြင် အမေရိကန် ကယ်လီဖိုးနီးယား နဲ့၊ မက္ကဆီကို မြောက်ပိုင်းဒေသများတွင် ကြီးမားတဲ့ မိုးခေါင်မှုဟာ အနှစ် (၃၀) ခန့်နေပြီးဖြစ်သည်။ အမေရိကန် ရဲ့ ရေ (၃) ပုံ (၁) ပုံကို ထောက်ပံ့ပေးနေတဲ့ ဆီယာရာ ရေအရင်းအမြစ်ဟာလည်း သမိုင်းတစ်လျှောက် အနိမ့်ဆုံးရေမှတ် ရောက်နေသည်။ ဒါ့အပြင် ကော်လိုရာဒိုမြစ် ဟာလည်း နှစ်ပေါင်း ၁၂၀၀ အတွင်း ရေးစီးဆင်းမှု နှုန်း အနှိမ့်ဆုံး တွင်ရှိနေပြီး လူ့အသက် ပေါင်း သန်း (၄၀) ကို ခြိမ်းခြောက်နေလျက်ရှိသည်။

နိဂုံးချုပ်ဆိုရလျှင် နောင်လာမည့် မျိုးဆက်များအနေနဲ့ ရာသီဥတုပြောင်းလဲလာမှုများကို လက်ရှိ မျိုးဆက်များ ထက် ပိုမိုပြီး အဆိုးဝါးဆုံး ခံစားရမည်ဖြစ်သည်။ ဒီအတွက်ကြောင့် လက်ရှိတွင် ထိရောက်တဲ့ ပြောင်းလဲမှု တစ်စုံတစ်ရာမလုပ်ဆောင်ပါက အဆိုးဘက် သာဦးတည် သွားမည်ဖြစ်သည်။ တကယ်တမ်းသုံးသပ်ရလျှင် ကမ္ဘာကြီးအနေနဲ့ မြန်မြန်ဆန်ဆန် ကုသမှု လိုနေတဲ့ ကာလပင်ဖြစ်သည်။ ဒါကြောင့် အရေးပေါ် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဥပဒေများ၊ မူဝါဒများ၊ ရေတို ရေရှည် စီမံကိန်းများ ကို အနှေးနဲ့ အမြန် အကောင်အထည်ဖော် ဆောင်ရွက်သင့်နေပြီးဖြစ်ပါတယ်။ ပြိုင်တူတွန်းလျှင်ရွေ့နိုင်ပါသည်။ လှပတဲ့ အနာဂတ်ကို ဖန်တီးဖို့ လက်ရှိကာလမှာ ထိရောက်တဲ့ အလုပ်လုပ်ဖို့သာ လိုတော့သည်။

TharHtoo (ရိုးရာလေး)

ကိုးကား
How is our climate changing?

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top