ကွက်လပ်တွေကိုဖြည့်ပေးခဲ့သူ စေတနာရှင်ဆရာကြီး ကမ္ဘာ့အကြီးမြတ်ဆုံးကျောင်းဆရာအဖြစ် ရွေးချယ်ဂုဏ်ပြုခံရ

teacher2.jpg

ကင်ညာနိုင်ငံက ဝေးလံခေါင်ဖျား ကျေးလက်တောနယ်ဘက်မှာ ကလေးငယ်တွေကို စာသင်ကြားပေးနေတဲ့ ကင်ညာကျောင်းဆရာ ပီတာ တာဘီချီ (Peter Tabichi) ဟာ ကမ္ဘာ့အကြီးမြတ်ဆုံးကျောင်းဆရာအဖြစ် ကင်ပွန်းတပ်ခြင်းခံခဲ့ရပြီး ၂၀၁၉ ခုနှစ်ရဲ့ တစ်နှစ်တာဆရာဆုဖြစ်တဲ့ Global Teacher Prize နဲ့အတူ ဒေါ်လာတစ်သန်း ဆုကြေးချီးမြှင့်ဂုဏ်ပြုခြင်းခံခဲ့ရပါတယ်။ ဒီဆုကို ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ဒူဘိုင်းမြို့၊ ဆုပေးပွဲအခမ်းအနားမှာ ပေးအပ်သွားခဲ့တာဖြစ်ပြီး Varkey Foundation က ချီးမြှင့်ပေးတဲ့ဆုဖြစ်ပါတယ်။

အသက် (၃၆) နှစ်အရွယ် ဆရာကြီး ပီတာဟာ ဆင်းရဲနွမ်းပါးတဲ့ ကင်ညာကလေးငယ်တွေကို သိပ္ပံပညာနဲ့ သိပ္ပံဘာသာရပ်ကို သင်ကြားပေးနေသူဖြစ်ပြီး စာသင်ကြားပေးရုံသာမက သူရရှိသမျှ ကျောင်းဆရာလခတွေရဲ့ ၈၀ ရာခိုင်နှုန်းကို မပြည့်စုံတဲ့ကလေးငယ်တွေရဲ့ ကျောင်းစရိတ်၊ ဝတ်စုံနဲ့ စာအုပ်ခဲတံဖိုးတွေအတွက် သုံးစွဲ ဖြည့်ဆည်းပေးပြီး ကလေးတွေရဲ့ပညာရေးလိုအပ်ချက်ကို အစစအရာရာ ထောက်ပံ့ပေးခဲ့သူ စေတနာရှင်ဆရာကြီးပါ။

နာကူရူ အရပ်ဒေသ၊ ပီဝါနီကျေးရွာက ကင်ညာမူလတန်းကျောင်းလေးမှာ ကလေးငယ်အများစုဟာ ကျောင်းဝတ်စုံမရှိ၊ ကျောင်းစာအုပ်ဖိုးတောင် မတတ်နိုင်ရှာဘဲ ချို့ချို့ငဲ့ငဲ့ နဲ့ ပညာသင်ယူနေရတာဖြစ်ပြီး ကျောင်းသားဦးရေလည်းတအားများပြားပါတယ်။ စာသင်ကျောင်းမှာ လိုအပ်ချက်များစွာရှိနေတဲ့အချိန် ဆရာကြီးက ဒီကွက်လပ်ကို သူတတ်နိုင်တဲ့အားနဲ့ ဖြည့်စွမ်းပေးခဲ့တာဟာ တကယ့်ကို လေးစားဖွယ်ရာဖြစ်ခဲ့ပါတယ်။

ကျောင်းရဲ့သင်ထောက်ကူပစ္စည်းအနေနဲ့ မလောက်မငှရှိနေတဲ့အပြင် ကွန်ပျူတာတစ်လုံးသာရှိပြီး အင်တာနက်လိုင်းလည်း ညံ့တဲ့နေရာပါ။ ဒါ့အပြင် စာသင်သားတွေဟာ ကျောင်းတက်နိုင်ဖို့အတွက် (၄) မိုင်ခရီးကြမ်းကို လမ်းလျှောက်လာကြရတာဖြစ်ပါတယ်။ ဆရာကြီးကိုယ်တိုင်ကလည်း အင်တာနက်ပေါ်က သိပ္ပံသင်ခန်းစာတွေကို ရယူနိုင်ဖို့ အင်တာနက်ဆိုင်ရှိရာအထိသွားရောက်ရတာပါပဲ။

ဒါဟာ စေတနာ၊ ဝါသနာ၊ အနစ်နာနဲ့ပြည့်စုံတဲ့ ဆရာတစ်ဦး အစစ်အမှန်ပေါ်ထွက်လာခဲ့တာကို အသိအမှတ်ပြုခဲ့ကြတာဖြစ်ပြီး အခုရရှိခဲ့တဲ့ ဆုကြေးငွေ ဒေါ်လာတစ်သန်း ကိုလည်း ကျောင်းရဲ့လိုအပ်ချက်တွေအတွက် ထပ်မံအသုံးပြုသွားမှာဖြစ်တယ်လို့ပြောကြားသွားခဲ့သူ ဆရာကြီးရဲ့စကားသံတွေကိုလည်း ဖော်ပြပေးလိုက်ပါတယ်။

“သိပ္ပံပညာရပ်ဟာ ကမ္ဘာကြီးရဲ့အနာဂတ်ပဲ။ ကျွန်တော်တပည့်တွေကို သိပ္ပံပညာရပ်နဲ့ ကမ္ဘာကြီးဆီ လျှောက်လှမ်းသွားစေချင်တယ်။ အာဖရိကကို သိပ္ပံပညာမှာ ခေတ်နောက်မကျစေရပါဘူး။ မျက်နှာမငယ်စေရပါဘူး။ အာဖရိလိုနေရာကနေ အင်ဂျင်နီယာတွေ၊ သိပ္ပံပညာရှင်တွေ၊ စွန့်ဦးတီထွင်သူရဲကောင်းတွေ ပေါ်ထွက်လာစေရပါမယ်။ ကလေးတွေက စူးစမ်းလေ့လာမှုအားကောင်းတယ်။ ပါရမီထူးကြတယ်။ ဉာဏ်ရည်မြင့်ကြတယ်။ ဒါတွေကို ကျွန်တော်မြင်တွေ့ရပြီးချိန်မှာ အာဖရိကအတွက် အချိန်တန်ပြီလို့ခံစားမိတဲ့အတွက် ကျေနပ်မိပါတယ်။”

Ref: BBC “Kenyan science teacher Peter Tabichi wins global prize”
AI (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top