အသည်းကွဲတာကို ကုစားရင်း အောင်မြင်တဲ့ သဲပန်းချီပညာရှင် ဖြစ်လာသူ

19-12-2022-yyl22.jpg

မက်ဆီနဲ့ ရော်နယ်ဒိုတို့ရဲ့ ပုံတူများ

ချစ်သူနဲ့ လမ်းခွဲပြတ်စဲတယ်၊ ပြီးတော့ စက်မှုအင်ဂျင်နီယာအလုပ်ကပါ ထွက်လိုက်ရချိန်မှာ ဂျိမ်းစ်ဆန်းတစ်ယောက် ဖိအား အဆမတန်ခံစားခဲ့ရပါတယ်။ အသည်းကွဲတာကို ကုစားဖို့ စိတ်ဝင်စားတာ တစ်ခုခုလုပ်ဖို့ကြံရွယ်ရင်း အွန်လိုင်းပေါ်မှာ သဲပန်းချီလက်ရာတွေကို သူ သတိထားမိခဲ့တာပါ။ ဂျိမ်းစ်ဆန်းက ကနေဒါနိုင်ငံ တိုရွန်တိုမြို့မှာ နေထိုင်သူပါ။

အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီရဲ့ပုံတူ

သဲပန်းချီ ပညာရှင်တွေထံကနေ လေ့လာသင်ယူဖို့ တရုတ်နဲ့ ဂျပန်ကို သူ ခရီးထွက်ခဲ့တယ်။ ခရီးစရိတ်၊ စားစရိတ်၊ ပညာသင်စရိတ် ဒေါ်လာ ၃၀၀၀၀ လောက် ကုန်တယ်။ ” ကျွန်တော် အင်ဂျင်နီယာအလုပ်ကနေထွက်ပြီး သဲပန်းချီသင်ဖို့ ဆုံးဖြတ်လိုက်တော့ အားလုံးက ဒီကောင် ရူးနေပြီလို့ ထင်ကြတယ်။ အခု ပြန်တွေးကြည့်တော့မှ ကျွန်တော့်ဘဝတစ်လျှောက် အကောင်းဆုံး ဆုံးဖြတ်ချက်ဖြစ်နေခဲ့တာ တွေ့ရတယ်။

အသည်းကွဲတာကို ကုစားရင်း အောင်မြင်တဲ့ သဲပန်းချီပညာရှင် ဖြစ်လာသူ ဂျိမ်းစ်ဆန်း

ဂျိမ်းစ်ဆန်းက မက်ဆီ၊ ရော်နယ်ဒိုတို့လို ဘောလုံးဂန္ထဝင်တွေ၊ ရုပ်သံကြယ်ပွင့် ဝမ့်နက်စ်ဒေးအဒမ်တို့ရဲ့ ပုံတူသဲပန်းချီတွေ ဖန်တီးခဲ့တယ်။ ၂၀၁၈ လောက်ကစပြီး သူ့ရဲ့လက်ရာတွေကို TikTok ပေါ် တင်ခဲ့တယ်။ အဲဒီကစပြီး တစ်စထက်တစ်စ လူသိများ ထင်ရှားလာခဲ့တာပါ။ အခုတော့ follower ၃.၄ သန်းကျော် ရှိနေပါပြီ။ တစ်လကို သဲပန်းချီ ၁၀ ကား၊ ၁၅ ကား ဖန်တီးဖြစ်တယ်။ တစ်နေ့ကို ၁၀ နာရီလောက် အလုပ်လုပ်တယ်။ ဇွန်းသေးသေးလေးနဲ့ သဲတွေကို အရောင်ခွဲ၊ အကန့်လေးတွေထဲထည့်ပြီး အပ်လေးနဲ့ လိုချင်တဲ့ပုံဖော်တာပါ။

ဖန်ခွက်မှာ ဖန်တီးထားတဲ့ သဲပန်းချီလက်ရာတစ်ခု

BMW ကုမ္ပဏီ၊ Nickelodeon ရုပ်သံလိုင်း၊ ဘာစီလိုနာဘောလုံးအသင်း လိုဂိုတွေကိုလည်း သူ ဖန်တီးခဲ့တယ်။ သူ့မှာ ဝန်ထမ်း ၅ ယောက် ခန့်ထားပြီးပြီ။ သူ့ရဲ့သဲပန်းချီကားတစ်ကားက ဒေါ်လာ ၁၅၀၀ ကနေ ဒေါ်လာ ၄၅၀၀ အထိ ရရှိနေပါပြီ။

ရုပ်သံကြယ်ပွင့် ဝမ့်နက်စ်ဒေးအဒမ်တို့ရဲ့ ပုံတူ

Ref: Artist Makes Spectacular Sand Art Portraits That Sell for Thousands After Quitting His Engineering Job–LOOK

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top