အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးအစီအစဉ်ကို ဒေါ်နယ်ထရမ့် ထုတ်ပြန်

yyl-011-17.jpg

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ကာလရှည်စောင့်ဆိုင်းခဲ့ရတဲ့ သူ့ရဲ့ အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးအစီအစဉ်ကို ထုတ်ပြန်လိုက်ပါပြီ။ ဒေါ်နယ်ထရမ့်ရဲ့ အစီအစဉ်အရ လွတ်လပ်တဲ့ ပါလက်စတိုင်းနိုင်ငံ တည်ထောင်ဖို့ အဆိုပြုထားသလို အနောက်ကမ်းပါး အိမ်ရာစခန်းတွေမှာ အစ္စရေးနိုင်ငံရဲ့ အချုပ်အခြာအာဏာသက်ရောက်တယ်ဆိုတာကိုလည်း အသိအမှတ်ပြုထားပါတယ်။ ဒေါ်နယ်ထရမ့်ဟာ အိမ်ဖြူတော်မှာ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုနဲ့အတူ
ယှဉ်တွဲပြီး ဒီအစီအစဉ်ကို ထုတ်ပြန်ခဲ့တာပါ။ သူ့ရဲ့ အဆိုပြုကမ်းလှမ်းချက်တွေက ပါလက်စတိုင်းဒေသခံတွေအတွက် နောက်ဆုံးအခွင့်အရေးဖြစ်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။ ပါလက်စတိုင်းအုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင် မာမွတ်အက်ဘက်စ်ကတော့ ဒေါ်နယ်ထရမ့်ရဲ့ အစီအစဉ်ကို ပယ်ချခဲ့ပြီး ဒါက ပူးပေါင်းကြံစည်မှုတစ်ခုဖြစ်တယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။

”ဂျေရုစလင်က ရောင်းကုန်မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ အခွင့်အရေးတွေကလည်း ရောင်းကုန်မဟုတ်ပါဘူး။ လျှော့ဈေးနဲ့ပေးရမယ့်အရာမဟုတ်ပါဘူးလို့ ဒေါ်နယ်ထရမ့်နဲ့ နေတန်ယာဟုကို ကျွန်တော် ပြောပါရစေ။ ပူးပေါင်းကြံစည်ရာရောက်တဲ့ ခင်ဗျားတို့ရဲ့ စာချုပ်ကို အတည်ပြုမှာမဟုတ်ပါဘူး”လို့ မာမွတ်အက်ဘက်စ်က ပြောပါတယ်။

ကမ္ဘာ့အချိန်အကြာဆုံး ပဋိပက္ခတစ်ခုဖြစ်တဲ့ အရှေ့အလယ်ပိုင်းပဋိပက္ခကို ဖြေရှင်းနိုင်ဖို့ ရည်ရွယ်တဲ့ အဲဒီအစီအစဉ်ကို ဒေါ်နယ်ထရမ့်ရဲ့ သမက် ဂျရတ်ကက်ရှ်နာက ဦးဆောင်ပြီး ရေးဆွဲခဲ့တာပါ။ ပြီးခဲ့တဲ့အင်္ဂါနေ့ နံနက်ပိုင်းက ဂါဇာကမ်းမြောင်ဒေသမှာ ပါလက်စတိုင်းဒေသခံ ထောင်ချီ ဆန္ဒပြခဲ့ကြလို့ အစ္စရေးနိုင်ငံက သိမ်းပိုက်ထားတဲ့ အနောက်ကမ်းပါးမှာ အစ္စရေးစစ်တပ်က လုံခြုံရေးအားဖြည့်ခဲ့ရပါတယ်။ အနောက်ကမ်းပါး အိမ်ရာစခန်းတွေမှာ အစ္စရေးနိုင်ငံသား ၄၀၀၀၀၀ ကျော် နေထိုင်ပြီး နိုင်ငံတကာဥပဒေအရ အဲဒီအိမ်ရာစခန်းတွေကို တရားမဝင်ဘူးလို့ သတ်မှတ်ထားပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top