JWST အာကာသကြည့် နက္ခတ်တာရာမှန်ပြောင်းရဲ့ အစိတ်အပိုင်းအားလုံး တပ်ဆင်ပြီးစီး

intl07.jpg

ဂျိမ်းစ်ဝက်ဘ်အာကာသကြည့်နက္ခတ်တာရာမှန်ပြောင်း(JWST)ရဲ့ အစိတ်အပိုင်းအားလုံးကို တပ်ဆင်ပြီးစီးခဲ့ပါပြီ။ JWST ဟာ အာကာသအတွင်း စောင့်ကြည့်လေ့လာမှုလုပ်နေတဲ့ Hubble နက္ခတ်တာရာကြည့် မှန်ပြောင်းနေရာမှာ အစားထိုးဝင်ရောက်နေရာယူမှာဖြစ်ပါတယ်။ JWST ကို အရေးကြီးတဲ့ စမ်းသပ်မှုတချို့လုပ်ရဦးမှာဖြစ်ပြီး ၂၀၂၁ ခုနှစ်မှာ ပတ်လမ်းအတွင်း လွှတ်တင်နိုင်ဖို့ မျှော်လင့်ထားပါတယ်။

စကြဝဠာအတွင်း တောက်ပနေတဲ့ ရှေးအကျဆုံးကြယ်တွေရဲ့ အလင်းရောင်ကို မြင်တွေ့နိုင်ဖို့အတွက် JWST မှာ ကြီးမားတဲ့ကြေးမုံပြင်နဲ့ နည်းပညာမြင့်ပစ္စည်းတွေ အသုံးပြုထားပါတယ်။ ဒါ့အပြင် လူသားတွေနေထိုင်ရာ နေစကြဝဠာအပြင်ဘက်မှာ တွေ့ရတဲ့ ဂြိုဟ်သစ်တွေရဲ့ ပတ်ဝန်းကျင်ကို နားလည်သဘောပေါက်ဖို့နဲ့
အဲဒီပတ်ဝန်းကျင်မှာ သက်ရှိတွေ ရှင်သန်နေထိုင်နိုင်ခြင်း ရှိ၊ မရှိ ခွဲခြမ်းစိတ်ဖြာနိုင်မယ့် စွမ်းအားရှိလိမ့်မယ်လို့ ဆိုပါတယ်။ JWST ကို နာဆာအဖွဲ့၊ ဥရောပအာကာသအေဂျင်စီ(ESA)နဲ့ ကနေဒါအာကာသအေဂျင်စီ(CSA)တို့ ပူးပေါင်းဖန်တီးခဲ့တာပါ။

JWST ရဲ့ အဓိကအစိတ်အပိုင်း ၃ ခုကတော့ မှန်ပြောင်း(ကြေးမုံပြင် ၂ ချပ်နဲ့ ပစ္စည်းကိရိယာတွေ)၊ ကောင်းကင်ပြင်မြင်ကွင်း ရှင်းလင်းအောင် အရိပ်မိုးပေးမယ့် နေကာနဲ့ ပတ်လမ်းအတွင်း နေ့စဉ်လုပ်ငန်းဆောင်ရွက်မှုကို စီမံခန့်ခွဲပေးမယ့် အာကာသယာဉ်တစ်စင်း ဖြစ်ပါတယ်။ အခုအခါမှာတော့ လော့စ်အိန်ဂျလိစ်မြို့စက်ရုံမှာ အဲဒီအစိတ်အပိုင်းတွေကို တပ်ဆင်နိုင်ခဲ့ပါပြီ။ အရင်တုန်းက အစိတ်အပိုင်းတစ်ခုချင်းစီကို ထပ်ဖန်တလဲလဲ စမ်းသပ်မှုလုပ်ခဲ့သလို အစိတ်အပိုင်း ၃ ခု ပေါင်းပြီးချိန်မှာ နောက်ထပ်စမ်းသပ်မှုလုပ်ဖို့ ရှိနေပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top