ကမ္ဘာနှင့်ဆင်တူသော ဂြိုဟ် (၂) လုံးအား အလင်းနှစ် (၁၂.၅) နှစ်အကွာအဝေးတွင်သာ တွေ့ရှိခဲ့

Sunset_Teegarden.jpg

နိုင်ငံတကာကနက္ခတ်ဗေဒပညာရှင်များဟာ ကမ္ဘာကနေ အလင်းနှစ် (၁၂.၅) နှစ်သာ ကွာဝေးတဲ့နေရာက ကြယ်တစ်လုံးကိုလှည့်ပတ်နေတဲ့ ဂြိုဟ် (၂) လုံးကို တွေ့ရှိခဲ့တယ်လို့ဆိုပါတယ်။ သူတို့ဟာ ရှာဖွေတွေ့ရှိရသလောက်ထဲမှာ အနီးဆုံးဂြိုဟ်များထဲအပါအဝင်ဖြစ်ပြီး habitable zone လို့ခေါ်တဲ့ သက်ရှိဖြစ်ထွန်းနိုင်တဲ့နေရာဒေသမှာ တည်ရှိနေခြင်းလည်းဖြစ်ပါတယ်။

ကမ္ဘာကနေ အလင်းနှစ် (၁၂.၅) နှစ်သာ ကွာဝေးတဲ့နေရာက ကြယ်တစ်လုံးကိုလှည့်ပတ်နေတဲ့ ဂြိုဟ် (၂) လုံးကို တွေ့ရှိခဲ့

Astronomy & Astrophysics ဂျာနယ်ရဲ့ဖော်ပြချက်အရ အဆိုပါကြယ်ရဲ့ အမည်ဟာ Teegarden’s Star ဖြစ်ပြီးတော့ ၂၀၀၃ ခုနှစ်က တွေ့ရှိခဲ့တဲ့ ကြယ်တစ်လုံးဖြစ်ပါတယ်။ သူဟာ ကျွန်တော်တို့ နေဒြပ်ထုရဲ့ ၁၀% ခန့်သာရှိပြီး မျက်နှာပြင်အပူချိန်ဟာ 2,700°C ဖြစ်တာကြောင့် 6,000°C ဖြစ်တဲ့ ကျွန်တော်တို့ နေနဲ့ယှဉ်ရင် အတော်အသင့်အေးစက်တယ်လို့ ပြောလို့ရပါတယ်။

သူ့ရဲ့ အပူချိန်ဟာနည်းတာကြောင့် သူ့ရဲ့ habitable zone ဟာလဲ ကြယ်နဲ့ ပိုမိုနီးကပ်တဲ့နေရာမှာ ရှိပါတယ်။ အခုတွေ့ရှိခဲ့တဲ့ ဂြိုဟ်အသစ် (၂) လုံးဖြစ်တဲ့ Teegarden b နဲ့ Teegarden c တို့ဟာ အဆိုပါကြယ်ကို တစ်ပတ်ပြည့်အောင်ပတ်ဖို့အတွက် (၄.၉) ရက်နဲ့ (၁၁.၄) ရက်သာ အသီးသီးကြာမြင့်ပြီး (၂) လုံးလုံးက ကျွန်တော်တို့ နေအဖွဲ့အစည်းအတွင်းမှာ ဒြပ်ထုအကြီးဆုံး rocky planet ဖြစ်တဲ့ ကမ္ဘာနဲ့ ဗီးနပ်စ်တို့ထက် ပိုမို ဒြပ်ထုကြီးမားတယ်လို့လည်း သိရပါတယ်။

ဂြိုဟ်အသစ် (၂) လုံးဖြစ်တဲ့ Teegarden b နဲ့ Teegarden c တို့ဟာ အဆိုပါကြယ်ကို တစ်ပတ်ပြည့်အောင်ပတ်ဖို့အတွက် (၄.၉) ရက်နဲ့ (၁၁.၄) ရက်သာ အသီးသီးကြာမြင့်

ဒီဂြိုဟ် (၂) လုံးတည်ရှိပုံဟာ ကျွန်တော်တို့ နေအဖွဲ့အစည်းရဲ့ အတွင်းပိုင်းဖွဲ့စည်းပုံများနဲ့ အတော်လေးဆင်တူနေတယ်လို့ University of Göttingen မှ စာတမ်းဦးဆောင်ရေးသားခဲ့သူ Mathias Zechmeister က ကြေညာချက်အတွင်းမှာ ထည့်သွင်းရေးသားထားပါတယ်။ သူတို့ဟာ ကမ္ဘာထက် အနည်းငယ်သာပိုမိုလေးလံကြပြီး habitable zone အတွင်းမှာတည်ရှိတာကြောင့် liquid water ရှိနိုင်ပြီး သက်ရှိများပါ ဖြစ်ထွန်းနေမယ်လို့ မျှော်လင့်နိုင်ပါတယ်။

ဒီကြယ်ကို အရင်ကတည်းက တွေ့ခဲ့တာ (၁၅) နှစ်ခန့်ရှိခဲ့ပြီဖြစ်ပေမယ့် သူ့ဘေးကဂြိုဟ်များနဲ့ အခြားတည်ရှိမှုများကို တိတိကျကျ ပြောနိုင်ဖို့ အချက်အလက် မလုံလောက်ခဲ့ပါဘူး။ ဒါကြောင့် Calar Alto Observatory မှာ ရှိတဲ့ CARMENES high-resolution spectrograph များကိုအသုံးပြုပြီးတော့ ထိုကြယ်ကို (၃) နှစ်ခန့် လေ့လာခဲ့ကြပါတယ်။ ဒါဟာ CARMENES အတွက် ကြီးမားတဲ့တွေ့ရှိမှုတစ်ခုဖြစ်ပြီး လင်းလက်တဲ့ကြယ်များရဲ့ ဘေးကဂြိုဟ်များကိုထောက်လှမ်းနိုင်ဖို့အတွက် အများကြီး ဆက်လက်မျှော်လင့်နိုင်တယ်လို့ ကြေညာချက်အတွင်းမှာ ဖော်ပြထားပါတယ်။

Starshade နည်းပညာလို ပိုမိုထိရောက်တဲ့နည်းလမ်းများနဲ့ ထောက်လှမ်းလာမယ်ဆိုရင်တော့ သူတို့ကိုတွေ့ရှိဖို့ ပိုမိုလွယ်ကူလာလိမ့်မယ်လို့ မျှော်လင့်နိုင်

အခုဆိုရင် ကမ္ဘာမြေပြင်ကသာမက အာကာသအတွင်းတယ်လီစကုတ်များ၊ စမ်းသပ်ခန်းများရဲ့ ကြိုးပမ်းမှုများကြောင့် နေအဖွဲ့အစည်းပြင်ပက ဂြိုဟ်ပေါင်း (၄၀၀၀) ကျော်ခန့်ကို တွေ့ရှိထောက်လှမ်းမိပြီး ဖြစ်ပါတယ်။ ဒီထဲမှာမှ ကမ္ဘာအရွယ်အစားခန့်ရှိတဲ့ဂြိုဟ်များဟာ အနည်းစုဖြစ်ပြီး အနာဂတ်မှာ Starshade နည်းပညာလို ပိုမိုထိရောက်တဲ့နည်းလမ်းများနဲ့ ထောက်လှမ်းလာမယ်ဆိုရင်တော့ သူတို့ကိုတွေ့ရှိဖို့ ပိုမိုလွယ်ကူလာလိမ့်မယ်လို့ မျှော်လင့်နိုင်ပါတယ်။

ဒီဆောင်းပါးကို ရိုးရာလေးရဲ့မိတ်ဖက် သိပ္ပံစာပေဝက်ဘ်ဆိုက် Curiosity မှာဖော်ပြထားတာဖြစ်ပါတယ်။

Ref: Curiosity
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top