ဝိတ်တန်းနှစ်ခု ကမ္ဘာ့ချန်ပီယံအိပ်မက်ကို လက်မလျော့သေးသည့် Angela Lee

79f4eeeaaf5815c11acf62fec50101aa.jpg

လာမည့် ဇူလိုင်လ (၁၂) ရက်တွင် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၌ကျင်းပမည့် ONE: Masters of Destiny ပြိုင်ပွဲမတိုင်မီ ပြုလုပ်ခဲ့သည့် ONE Championship မှတွေ့ဆုံမေးမြန်းမှုတစ်ခုတွင် အဆိုပါပြိုင်ပွဲ၌ ပါဝင်ယှဉ်ပြိုင်မည့် နာမည်ကျော် စင်္ကာပူအားကစားမယ် Angela Lee သည် ၎င်း၏ ပထမဆုံးသောဝိတ်တန်းနှစ်ခု ကမ္ဘာ့ချန်ပီယံအိပ်မက်အား အကောင်အထည်ဖော်ရန် ဆက်လက်ကြိုးပမ်းနေမှုများကို ပြန်လည်ဖြေကြားခဲ့သည်။

ONE Championship တွင် မတူညီသည့်အားကစားနှစ်ခု၏ ကမ္ဘာ့ချန်ပီယံအဖြစ် ထိုင်းနိုင်ငံမှ Stamp Fairtex က မွေထိုင်းနှင့် ကစ်ဘောင်ဆင်ချန်ပီယံဘွဲ့များကို သိမ်းပိုက်ရပ်တည်နေသော်လည်း အားကစားနည်းတစ်မျိုးတည်းတွင် အမျိုးသမီးဝိတ်တန်းနှစ်ခုကမ္ဘာ့ချန်ပီယံ မပေါ်ထွက်သေးပေ။ ပထမဆုံးသော အမျိုးသမီး ဝိတ်တန်းနှစ်ခု ကမ္ဘာ့ချန်ပီယံအိပ်မက်အား အကောင်အထည်ဖော်နေသည့် Angela Lee သည် ဂျပန်နိုင်ငံ၌ ကျင်းပခဲ့သော ONE:A New Era ပြိုင်ပွဲ၌ လက်ရှိစတောဝိတ်တန်းကမ္ဘာ့ချန်ပီယံ တရုတ်အားကစားမယ် “The Panda” Xiong Jing Nan အား အပြင်းအထန်ဖိအားပေး ကစားနိုင်ခဲ့သော်လည်း ရှုံးနိမ့်ခဲ့ရခြင်းကြောင့် အိပ်မက်မှလှုပ်နှိုးခံခဲ့ရသည်။

ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားသမားများအတွက် အောင်ပွဲရှိသကဲ့သို့ ရှုံးနိမ့်ရသည့်ပွဲများလည်းရှိစမြဲဖြစ်သည်။ သို့သော် ရင့်ကျက်သော ပရော်ဖက်ရှင်နယ် အားကစားသမားများသည် ရှုံးနိမ့်မှုမှ သင်ခန်းစာယူကာ ONE Championship ပြိုင်ပွဲတွင် တစ်ကျော့ပြန် အစွမ်းပြရန် အားသွန်ခွန်စိုက် ပြန်လည်လေ့ကျင့်ပြင်ဆင်ကြသည်။ ယင်းအားကစားသမားများတွင် နာမည်ကျော် Angela Lee လည်း အပါအဝင်ဖြစ်ပြီး ၂၀၁၉ခုနှစ်ကို တက်တက်ကြွကြွ ဖြတ်သန်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“မတ်လပြိုင်ပွဲနောက်ပိုင်း နောက်ထပ် တစ်ပွဲယှဉ်ပြိုင်ရမှာကို ကျွန်မအရမ်းပျော်ပါတယ်။ ဂျပန်မှာ ဘယ်လိုပဲဖြစ်ခဲ့ပါစေ၊ ဒီနှစ်ထဲမှာတက် တက်ကြွကြွနေဖို့ ကျွန်မ လိုလားခဲ့တယ်” ဟု ၎င်းက ဆိုသည်။

Angela Lee သည် စိန်ခေါ်မှုမှန်သမျှအား နောက်မတွန့်တတ်သူတစ်ဦးဖြစ်ပြီး လာမည့် ဇူလိုင်လအတွင်း၊ မလေးရှားနိုင်ငံ၊ Axiata Arena အားကစားရုံတွင် ကျင်းပမည့် ပြိုင်ပွဲ၌ နာမည်ကျော် ဂျုဂျစ်ဆုကမ္ဘာ့ ချန်ပီယံ Michelle Nicolini နှင့် အကြိတ်အနယ် ယှဉ်ပြိုင်မည်ဖြစ်သည်။ လူငယ်အားကစားမယ်တစ်ဦးဖြစ်သော Angela Lee သည် ဂျပန်တွင် ရှုံးနိမ့်ခဲ့သည့်ပြိုင်ပွဲအား သင်ခန်းစာယူပြီးနောက် ရှေ့ဆက်၍ အကောင်းဆုံး ယှဉ်ပြိုင်ရန် စိတ်အားထက်သန်လျှက်ရှိနေသည်။

ပြိုင်ဘက် နာမည်ကျော် ဂျုဂစ်ဆုအားကစားမယ် Michelle Nicolini နှင့် ပတ်သက်၍ Angela Lee က “ ကျွန်မ စိတ်လှုပ်ရှားမိပါတယ်။ ဒါက တကယ့်ကို ပွဲကြီးပွဲကောင်း ဖြစ်လာမှာပါ။ ဂျုဂျစ်စုနဲ့ပတ်သတ်ပြီး သူမှာ ကစားသမားဘဝ မှတ်တမ်းအနေနဲ့ ခမ်းခမ်းနားနားရှိခဲ့ ပါတယ်။ ONE Championshipမှာ သူ စပြီး ပြိုင်ပွဲဝင်ကတည်းက တချိန်တော့ ထိပ်တိုက်ဆုံတွေ့ရမယ်ဆိုတာ ကျွန်မသိခဲ့ပြီးသားပါ” ဟု ဆိုသည်။

ONE Championship ၏ အမျိုးသမီးဝိတ်တန်းနှစ်ခု၏ ပထမဆုံးသော ကမ္ဘာ့ချန်ပီယံ ဖြစ်လာရေးဆိုသည့် ကြီးကျယ်ခမ်းနားသော အိပ်မက်ကို အကောင်အထည်ဖော်နေသည့် Angela Lee အတွက် စတောဝိတ်တန်းတွင် ဆက်လက် ပြိုင်ပွဲဝင်နေရန် လိုအပ်သကဲ့သို့ ၎င်း၏အက်တမ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံဘွဲ့ကိုလည်း အောင်မြင်စွာ ကာကွယ်ထားနိုင်ရန် လိုအပ်သည်။

Angela Lee သည် ပြိုင်ဘက် Nicolini အား ရင်ဆိုင်ကျော်ဖြတ်နိုင်မည်ကို ယုံကြည်ကြောင်း ဖွင့်ဟပြောဆိုခဲ့သည်။ ထို့အပြင် “The Panda” Xiong Jing Nan နှင့်ထိုးသတ်ခဲ့သည့် ONE Championship စတောဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်လုပွဲနောက်ပိုင်း ၎င်းအနေဖြင့် မည်မျှတိုးတက်မှုရရှိခဲ့ကြောင်းနှင့် ၂၀၁၉ ခုနှစ် မကုန်မီ အက်တမ်ဝိတ်တန်းခါးပတ်အား ကာကွယ်ရန်ပြင်ဆင်ထားကြောင်းများကို ထုတ်ဖော်ပြောဆိုခဲ့သည်။ ထို့အပြင် ပြီးခဲ့သောပြိုင်ပွဲတွင် ၎င်းအနေဖြင့် များစွာထိခိုက်မှုမဖြစ်ခဲ့ကြောင်းလည်း ပြောဆိုခဲ့သည်။

“ကျွန်မက မြန်မြန်ဆန်ဆန် ပြိုင်ပွဲပြန်ဝင်ချင်နေတာပါ။ ပြီးခဲ့တဲ့ပြိုင်ပွဲမှာ ကြီးကြီးမားမားထိခိုက်ခဲ့တာမရှိပါဘူး။ ဒဏ်ရာနည်းနည်းပါးပါးပဲ ရခဲ့တာပါ” ဟု ၎င်းကဆိုသည်။

အသက် (၂၂) နှစ်အရွယ် စင်္ကာပူအားကစားမယ်က “စတောဝိတ်တန်းမှာ ကျွန်မ နောက်ထပ်တစ်ပွဲ ယှဉ်ပြိုင်ပါမယ်။ ဒါပေမဲ့ သေချာတာကတော့ ဒီနှစ်မကုန်မီမှာ ကျွန်မရဲ့အက်တမ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံ ခါးပတ်ကိုကာကွယ်ဖို့အတွက် ကိုယ်အလေးချိန်ပြန်ချဖို့လည်း ပြင်ဆင်နေရပါတယ်။ စိန်ခေါ်မယ့်သူကိုတော့ မသိနိုင်သေးပါဘူး” ဟု Angela Lee က ပြောကြားခဲ့သည်။

Ref: ONE Championship
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top