မိတ်ပျောက်သွားတဲ့အခါ အမာရွတ်လေးတွေကြောင့် အရုပ်မဆိုးစေဖို့

p0.png

နွေရာသီမှာ မိတ်ပေါက်တာမဆန်းပေမယ့် မိတ်တွေပျောက်သွားရင်တော့ ဖြစ်ကျန်ခဲ့တဲ့ အမာရွတ်တွေကို သူများမြင်ရင်တော့ ဆန်းနေမှာနော်။ မိတ်ဖုလေးတွေ ပျောက်သွားရင် ကျန်ခဲ့တဲ့အကွက်လေးတွေက ညှင်းတွေလိုလို၊ ပွေးတွေလိုလို အထင်ခံရတာ တော်တေ်ာဆိုးပါတယ်။ သူကတော့ အန္တရာယ်မပေးနိုင်ပေမယ့် နေရခက်စေတာရယ်၊ အမာရွတ်ကျန်တာရယ် ကြောင့် မိတ်ပေါက်လာတာနဲ့ ကိုယ်သက်သာမယ့်နည်းလမ်းကို ရှာရပါတော့တယ်။

မိတ်ဖုတွေဟာ အပူချိန်ပြင်းလွန်းလို့ အရေပြားကတုံ့ပြန်လာတဲ့အရာပါ။ ချွေးထွက်ပြွန်တွေပိတ်ဆို့ပြီး အရေပြားထဲမှာချွေးတွေငုပ်သွားတဲ့အခါ မိတ်ထွက်လာပါတယ်။ နီနီဖုအသေးလေးတွေခပ်ကျဲကျဲ သို့မဟုတ် အပြင်လိုက်ထွက်တတ်တဲ့ မိတ်ဖုလေးတွေက အများအားဖြင့် အဝတ်အစားနဲ့ဖုံးအုပ်ထားတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာ ဖြစ်လာတတ်တယ်။ ဥပမာ ကျော၊ လည်ပင်း၊ ရင်ဘတ်၊ ချိုင်းကြား၊ ဗိုက် တို့မှာပေါ့။ ဒါပေမယ့် အမာရွတ်ကျန်ရင်ကျ လူမြင်လောက်တဲ့ လက်မောင်းနဲ့ချိုင်း ဒါမှမဟုတ် လည်ပင်းမှာဆို လက်ပြတ်လေးလည်းမဝတ်ရဲ၊ လည်ပင်းပေါ်မှာစိုးလို့ ဆံပင်လည်းလှန်မတင်ရဲ ဖြစ်ရတာတွေ ရှိပါတယ်။

အချိန်တန်ရင် သူ့အလိုလိုပျောက်ကင်းမှာဆိုပေမယ့် နေရခက်တာတွေသက်သာအောင်၊ အမာရွတ်မကျန်အောင် ဒီအချက်တွေ ဂရုစိုက်ပေးလိုက်ပါ။

ဒါဆို မိတ်အတွက်နဲ့ စိုးရိမ်နေဖို့ မလိုတော့ဘူးပေါ့ –

  • ချွေးအလွန်အကျွံမထွက်အောင် နေပူထဲသိပ်မထွက်ဖြစ်ဖို့၊ နေမလောင်ဖို့ သတိပြုပါ။ တတ်နိုင်သလောက် အရိပ်ထဲနေပါ။
  • လေဝင်လေထွက်ကောင်းပြီး အသားအေးတဲ့အဝတ်အစားတွေဝတ်ပါ။ ပူအိုက်စေပြီး ချွေးမစုပ်တဲ့အသားတွေ ဝတ်ရင် ပိုဆိုးစေနိုင်တယ်။
  • အဝတ်အစားကျပ်ကျပ်တွေမဝတ်ပါနဲ့။ အသားမှာကပ်မနေဘဲ ချောင်ချိတာကို ရွေးပါ။
  • ရေတစ်နေ့နှစ်ကြိမ်ချိုးပါ။ သိပ်မပြင်းတဲ့ဆပ်ပြာကိုပဲသုံးပါ။
  • အရေပြားကို မပွတ်တိုက်ပါနဲ့။ ရေချိုး၊ ဆပ်ပြာတိုက်တဲ့အခါ ဖြစ်ဖြစ်၊ ရေသုတ်တဲ့အခါဖြစ်ဖြစ် အသာအယာပဲထိတွေ့ပါ။ မိတ်ဖုတွေပွန်းပဲ့ ပေါက်ပြဲရင် အမာရွတ်ကျန်မှာသေချာပါတယ်။
  • အရေးကြီးဆုံးနဲ့ လိုက်နာရအခက်ဆုံးအချက်က မကုတ်ဖို့ပါပဲ။ မိတ်တွေက မခံနိုင်အောင် ယားတတ်တာမို့ မကုတ်မိအောင် ထိန်းပါ။ အမာရွတ်ကျန်နိုင်တဲ့အဓိကအချက်ဖြစ်ပါတယ်။
  • သနပ်ခါးလိမ်းပါ။ အပူကြောင့်ဖြစ်တဲ့ မိတ်ဖုတွေကို သနပ်ခါးရဲ့အအေးဓာတ်နဲ့ကုစားပါ။ မြန်မြန်ချပ်ရပ်သွားပါလိမ့်မယ်။ သိပ်မပျစ်တဲ့ ရေကျဲလေးတော့ဖြစ်ပါစေ။
  • အရေပြားကို မခြောက်သွေ့အောင်ဂရုစိုက်ပါ။ ရေဓာတ်ဖြည့်ပေးတဲ့ အစိုဓာတ်ထိန်းပစ္စည်း (moisturizer )တစ်ခုခုလိမ်းပါ။ ဓာတုပစ္စည်းမပါတာကိုသုံးပါ။ သဘာဝပစ္စည်းအခြေခံတဲ့ ဂျယ်လ်ဆိုပိုကောင်းပါတယ်။ ဥပမာ ရှားစောင်း သို့မဟုတ် သခွားသီးဂျယ်လ်လိုမျိုး။
  • ရေများများသောက်ပါ။ ရေဓာတ်က ပိတ်ဆို့နေတဲ့ချွေးပေါက်တွေကို ပွင့်စေပြီး အပူဖုတွေကြောင့် အရေပြားပူလောင်မှုကို သက်သာစေပါတယ်။
  • လေသလပ်ခံပေးပါ။

ဒါပေမယ့်
အရမ်းများနေတာ၊
ဆိုးရွားလာတာ၊
အနာဖုတွေကြီးလာတာဆိုရင် ဆရာဝန်ပြပါ။

ရေးသားသူ – Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ – Dr. Thurein Hlaing Win

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top