ဆက်သွယ်ရေး အော်ပရေတာတစ်ခုဖြစ်တဲ့ MPT ဟာ 4G ဝန်ဆောင်မှုစနစ်ကို ဒီကနေ့မှာ စတင်လိုက်ပါတယ်။
4G/LTE ကွန်ရက်ကို နေပြည်တော်၊ ရန်ကုန်နဲ့ မန္တလေးမြို့ကြီးတွေမှာ ကနဦး အသုံးပြုနိုင်မှာဖြစ်ပြီး များမကြာမီကာလမှာ အခြားမြို့တွေမှာလည်း အသုံးပြုနိုင်တော့မှာဖြစ်တယ်လို့ MPT က ထုတ်ပြန်ထားပါတယ်။
LTE (Long Term Evolution)ဟာ 3G ထက်ပိုမြန်သော ဒေတာအမြန်နှုန်းရှိတဲ့4G/LTE အမျိုးအစားဖြစ်ပြီး ဒေတာများကို မြန်ဆန်စွာ အသုံးပြုနိုင်မယ့် စနစ်ဖြစ်ပါတယ်။
4G စနစ်ကို သုံးစွဲလိုသူတွေကတော့ ဖုန်း setting တွင် 4G/LTE ကွန်ရက်အသုံးပြုနိုင်မှုကို ရွေးချယ်ထားရမှာဖြစ်ပြီး MPT ၏ 4G/LTE ကွန်ရက်ရသော နေရာကိုရောက်လျှင် မိုဘိုင်းလ်ဖုန်းများက 4G/LTE ကွန်ရက်ကို အလိုအလျောက် ချိတ်ဆက်ပေးမှာဖြစ်ပါတယ်။
4G စနစ်သစ်အတွက် ဈေးနှုန်းတွေပြောင်းလဲမှာဟုတ်ဘဲနဲ့ Colorful Data Pack အစီအစဉ်၊ ပုံမှန်သုံးဒေတာနဲ့ ဖုန်းခေါ်ဆိုခ နှုန်းထားတွေမှာ သတ်မှတ်ထားတဲ့ နဂိုဈေးနှုန်းအတိုင်းပဲ ကောက်ခံသွားမယ်လို့ MPT-KSGM Joint Operations ရဲ့ အမှုဆောင်အရာရှိချုပ် ဖြစ်တဲ့ Mr. Toshitake Amamiya က ပြောပါတယ်။
4G စနစ်ကို အသုံးပြုနိုင်တဲ့ဖုန်းများနဲ့ ဆင်းမ်ကတ်တွေ အသုံးပြုနေတဲ့ MPT သုံးစွဲသူအားလုံးမှာ 4G/LTE ဝန်ဆောင်မှုကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။
GSM (2G/3G) ဆင်းမ်ကတ် အဟောင်းများကို သုံးစွဲသူများကလည်း 4G ဆင်းမ်ကတ်အဟောင်းများအစား နေပြည်တော်၊ ရန်ကုန် နှင့် မန္တလေး မြို့များရှိ MPT ဆိုင်များတွင် 4G သုံးနိုင်တဲ့ နံပါတ်တူ ဆင်းမ်ကတ်အသစ်များ အခမဲ့လဲလှယ်နိုင်မှာဖြစ်ပါတယ်။