သနပ်ခါးကို ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုစာရင်းဝင်အဖြစ် သတ်မှတ်ဖို့ ၉၀ ရာခိုင်နှုန်းသေချာနေပြီလို့ ဆို

yyl-014.jpg

သနပ်ခါးကို ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု(Intangible Cultural Heritage)စာရင်းဝင်အဖြစ် သတ်မှတ်ဖို့ ၉၀ ရာခိုင်နှုန်း သေချာတယ်လို့ ခန့်မှန်းထားကြောင်း မြန်မာနိုင်ငံသနပ်ခါး စိုက်ပျိုးထုတ်လုပ် တင်ပို့သူများအသင်း ဥက္ကဋ္ဌ ဦးကျော်မိုးက ပြောပါတယ်။ “ကျွန်တော်တို့ သနပ်ခါးနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို ကောက်ယူပြီး ဖြစ်ပါတယ်၊ ကမ္ဘာဒြပ်မဲ့ ယဉ်ကျေးမှု စာရင်းဝင်အဖြစ် သတ်မှတ်နိုင်ဖို့ ကိုးဆယ်ရာခိုင်နှုန်းလောက် သေချာနေပြီလို့ ခန့်မှန်းပါတယ်၊ ပိုပြီး သေချာသွားအောင် လိုအပ်တာတွေ အားလုံးကို ပြင်ဆင်နေပါတယ်၊ သက်ဆိုင်ရာဌာနတွေနဲ့ ကျွန်တော်တို့ အသင်းတွေ ပူးပေါင်းပြီး ဆောင်ရွက်နေတာ ဖြစ်ပါတယ်၊ ယူနက်စကိုရဲ့ သတ်မှတ်ခြင်းခံရရင် မြန်မာနိုင်ငံမှာ ပထမဆုံး ကမ္ဘာဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင် ဖြစ်လာမှာပါ”လို့ မြန်မာနိုင်ငံ သနပ်ခါးစိုက်ပျိုး ထုတ်လုပ်တင်ပို့သူများအသင်း ဥက္ကဋ္ဌ ဦးကျော်မိုးက ပြောသည်။

သနပ်ခါးကို ကမ္ဘာဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်အဖြစ် တင်သွင်းနိုင်ဖို့အတွက် သနပ်ခါးသုံးစွဲခြင်းရဲ့ နောက်ကြောင်းရာဇဝင်ကို စစ်တမ်းကောက်ယူမှုတွေ ပြုလုပ်ခဲ့ပြီး ယူနက်စကိုကို တင်ပြဖို့ ဗီဒီယိုဖိုင် အချက်အလက်တွေ လုပ်ဆောင်ခဲ့ပြီးဖြစ်လို့ ၂၀၂ဝ ပြည့်နှစ် မတ်လကုန်ပိုင်းတွင် တင်သွင်းသွားမယ်လို့ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းမြှင့်တင်ရေး လုပ်ငန်းကော်မတီ အဖွဲ့ဝင် ဦးရဲမြတ်အောင်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ ထိတွေ့ကိုင်တွယ်လို့မရတဲ့ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် တော်တော်များများရှိပေမဲ့ ကမ္ဘာဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်အဖြစ် သတ်မှတ်ခံထားရခြင်း မရှိသေးပါဘူး။ အဲဒီအတွက် လွန်ခဲ့တဲ့ နှစ်တစ်ထောင်ကျော် ကာလကတည်းက ရိုးရာယဉ်ကျေးမှုဓလေ့အဖြစ် လိမ်းခြယ်ခဲ့ကြပြီး ယနေ့တိုင် ဆက်လက်ရှင်သန်နေတဲ့ သနပ်ခါးကို ကမ္ဘာဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်နိုင်အောင် အမည်စာရင်းတင်သွင်းနိုင်ဖို့ ၂၀၂ဝ ခုနှစ် ဇန်နဝါရီလကတည်းက စတင်ဆောင်ရွက်ခဲ့တာပါ။ တစ်မျိုးသားလုံးရဲ့ ယဉ်ကျေးမှုလက္ခဏာအဖြစ် ကိုယ်စားပြုပြီး တန်ဖိုးထား ထိန်းသိမ်းစောင့်ရှောက်ခံထားရတဲ့ မြန်မာ့သနပ်ခါးဟာ UNESCO ရဲ့ ကမ္ဘာဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်ထားတဲ့ စံနှုန်းငါးချက်နဲ့လည်း ကိုက်ညီမှုရှိပါတယ်။

ပုဂံခေတ် အေဒီ ၁၁ ရာစု ကုန်ခါနီးမှာ ကျန်စစ်မင်းရဲ့သားတော် ရာဇကုမာရ်မင်းသား လှူဒါန်းခဲ့တဲ့ ဂူပြောက်ကြီး ဘုရားမှာ သနပ်ခါးသွေးနေတဲ့ နံရံဆေးရေးပန်းချီတွေကို အစောဆုံးတွေ့ရှိခဲ့လို့ အဲဒီကာလမတိုင်ခင် အနော်ရထာမင်းလက်ထက်ကတည်းက သနပ်ခါး သုံးစွဲခဲ့တယ်လို့ သုံးသပ်နိုင်ပါတယ်။ လက်ရှိမှာ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက သနပ်ခါးအပါအဝင် နိုင်ငံရဲ့ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်တွေ ဖော်ထုတ်ထိန်းသိမ်းနိုင်စေဖို့ တိုင်းဒေသကြီး ပြည်နယ်အဆင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ ဖော်ထုတ်ထိန်းသိမ်း ကာကွယ်မြင့်တင်ရေး လုပ်ငန်းကော်မတီကို ဖွဲ့စည်းထားပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရရဲ့ ဦးဆောင်မှုအရ စာရင်း ကောက်ယူနေပါတယ်။ လက်ရှိအချိန်အထိ ကောက်ယူရရှိတဲ့ စာရင်းတွေအရ မြန်မာနိုင်ငံအတွင်းမှာ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ပေါင်း ၂၅ဝဝ ကျော်ရှိတယ်လို့ သိရပါတယ်။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top