ISS က အာကာသယာဉ်မှူးကို အပျော်တမ်းရေဒီယိုစက်သုံးပြီး ဆက်သွယ်စကားပြောခဲ့တဲ့ ၈ နှစ်သမီးလေး

18-8-2022-yyl-09.jpg

” ဒယ်ဒီကလည်း သမီး အိပ်ချင်နေသေးတာကို ဘာလို့ လာနှိုးတာလဲ”
အစ္စဘယ်လာက အိပ်ချင်မူးတူးပြောရင်း သူ့အဖေခေါ်ရာနောက် လိုက်လာခဲ့တယ်။ ရေဒီယိုရှေ့ရောက်တော့ သူ့အဖေက စကားပြောခွက်ကို အစ္စဘယ်လာရှေ့ ထိုးပေးတယ်။ အခုအထိ ဒယ်ဒီ ဘာလုပ်နေလဲဆိုတာ အစ္စဘယ်လာ မသိ။
ဒါပေမဲ့ တစ်ဖက်က စကားပြောနေသူက အမေရိကန်အာကာသယာဉ်မှူး လင်ဂရန် ဖြစ်နေတယ်ဆိုတာ သိလိုက်ရချိန်မှာတော့ အစ္စဘယ်လာရဲ့ ပျော်ရွှင်မှုက အတိုင်းထက် အလွန်ပါပဲ။ လင်ဂရန်က နိုင်ငံတကာအာကာသစခန်းကနေ အစ္စဘယ်လာနဲ့ စကားပြောနေတာပါ။

အစ္စဘယ်လာရဲ့အဖေက အပျော်တမ်းရေဒီယိုစက် အသုံးပြုပြီး လင်ဂရန်နဲ့ ချိတ်ဆက်နိုင်ခဲ့တာပါ။ အစ္စဘယ်လာတို့ သားအဖ ၂ ယောက်လုံးက အာကာသအကြောင်း၊ ရေဒီယိုဖမ်းယူမှုအကြောင်းတွေကို ဝါသနာထုံကြပါတယ်။ အစ္စဘယ်လာ ငယ်ငယ်ကတည်းက သူ့အဖေ ပေါင်ပေါ်မှာထိုင်ပြီး အာကာသယာဉ် လွှတ်တင်တာတွေ၊ အာကာသစခန်းက လှုပ်ရှားမှုတွေ၊ အာကာသထဲ လမ်းလျှောက်တဲ့ ဗီဒီယိုတွေကို ကြည့်လာခဲ့သူပါ။

နိုင်ငံတကာအာကာသစခန်းမှာလည်း အပျော်တမ်းရေဒီယိုဌာန ရှိပါတယ်။ ကမ္ဘာ့ပတ်လမ်းထဲကို ရောက်ရှိတဲ့အခါ အာကာသယာဉ်မှူးတွေက စာသင်ကျောင်းက ကလေးတွေနဲ့ စကားပြောနိုင်ဖို့ အပျော်တမ်းရေဒီယိုဌာနကတစ်ဆင့် ဆက်သွယ်ကြပါတယ်။ ဒါပေမဲ့ သူတို့က ကမ္ဘာ့အပေါ်ဘက်မှာ ၁၀ မိနစ်၊ ၁၅ မိနစ်လောက်ပဲ ကြာမြင့်တာဖြစ်လို့ အာကာသယာဉ်မှူးတွေနဲ့ ခဏလောက်ပဲ စကားပြောရလေ့ရှိပါတယ်။

လင်ဂရန်ကလည်း သြဂုတ်လ ၂ ရက်နေ့က ၈ နှစ်သမီးလေး အစ္စဘယ်လာနဲ့ စကားပြောခါင့်ရလို့ ဝမ်းသာနေပါတယ်။ ဒါက သဘောအကျဆုံးကိစ္စတစ်ခု ဖြစ်တယ်လို့တောင် သူ့ရဲ့ တွစ်တာမှာ ရေးသားခဲ့ပါသေးတယ်။

အပျော်တမ်းရေဒီယိုလိုင်စင် ၂၂ နှစ်ကြာ ကိုင်ဆောင်လာခဲ့တဲ့ မက်သရူးပိန်း( အစ္စဘယ်လာရဲ့အဖေ)ဟာ ၂၀၁၆ ခုနှစ် ဧပြီလကလည်း ဗြိတိန်နိုင်ငံ စာသင်ကျောင်းက ကျောင်းသား/သူတွေကို နိုင်ငံတကာအာကာသစခန်းမှာ ရှိနေတဲ့ ဗြိတိန်အာကာသယာဉ်မှူး တင်မ်ပိခ်နဲ့ စကားပြောနိုင်အောင် ကူညီပေးခဲ့ဖူးပါတယ်။

Ref: 8-year-old girl chats with ISS astronaut using ham radio

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top