အန္တရာယ်များတဲ့ သင်္ကြန်ရေကစားနည်းတွေ

myanmars-new-year-water-festival-is-terrible-for-women-1461864677.jpg

ရိုးရာအစဉ်အလာအရ သင်္ကြန်ဆိုတာ ငွေဖလားထဲမှာ နံ့သာရည်ထည့်ပြီး သပြေခက်နဲ့ တစ်ဦးကိုတစ်ဦး ပက်ဖြန်းခဲ့ကြတာပါ။ ခေတ်ကာလတွေပြောင်းလဲလာတာနဲ့အမျှ ရေလောင်းတဲ့ ပုံစံတွေကလည်း ပြောင်းလဲလာပါတယ်။

အခုပြောချင်တာက သင်္ကြန်မှာ အန္တရာယ်များတဲ့ မီးသတ်ပိုက်လုံး ၊ ကားရေဆေးပိုက် ၊ ရေခဲရေ တွေ အကြောင်းပါ။ သင်္ကြန်မှာက လမ်းလျှောက်ရင်း ရေပက်ခံထွက်သူတွေရှိသလို စက်တပ်ယာဉ်တွေ နဲ့ လည်ပတ်ကြသူတွေလည်း ရှိကြပါတယ်။ လမ်းလျှောက်ရင်း ရေပက်ခံထွက်သူတွေကို မီးသတ်ပိုက်နဲ့ လှမ်းပက်တဲ့အခါ မျက်စိတွေ ၊နားတွေ အကာအကွယ်ယူချိန်ရပေမဲ့ ဆိုင်ကယ်မောင်းတဲ့ သူရဲ့မျက်နှာ တည့်တည့်ကို ချိန်ပြီး မီးသတ်ပိုက်နဲ့ လှမ်းချိန်တာမျိုးကတော့ မဖြစ်သင့်ဘူးလို့ပဲ မြင်မိပါတယ်။ ဘယ်လောက် အန္တရာယ်များလဲဆို တချို့ဆိုင်ကယ်တွေ အရှိန်မထိန်းနိုင်ဘဲ မှောက်နိုင်တာကြောင့်ပါ။

မီးသတ်ပိုက်ဆိုတာ တစ်မီတာအကွာလောက်ကနေ ရေပက်ရင်တောင် ရေလုံးထိရင် မျက်စိ ထိခိုက်စေနိုင်ပါတယ်။ ဒါကို သိသိကြီး နဲ့ ရေပက်ခံကားတွေရပ်ခိုင်း ၊ ကားနောက်မှာ မိန်းကလေးတွေပါမှန်းသိရင် မီးသတ်ပိုက်နဲ့ ချိန်ထိုးကြတော့တာပါ။ ၁၀ မိနစ်လောက်ကားကိုတားထားပြီး မီးသတ်ပိုက်လုံးနဲ့ ရေပက်ခံရတဲ့ လူတွေ နေရာက စဉ်းစားကြည့်ရင် ဘယ်လောက်တောင် ရေမွန်းသွားနိုင်မလဲဆိုတာ တွေးကြည့်လို့ရပါတယ်။

နောက်တစ်ခုပြောချင်တာက ကားရေဆေးပိုက်တွေ ပေါ့။ ဒီပိုက်တွေသုံးပြီး တော်တော်ဝေးတဲ့ အကွာအဝေးကနေ အပက်ခံရရင်တော့ ခံသာသေးပေမဲ့ မျက်စိတွေ ၊ နားတွေ ထိခိုက်အောင် ရေပက်တာမျိုးကတော့ အပျော်ကနေ အပျက်ဘက် ကူးသွားစေနိုင်တာမျိုး ဖြစ်နေပါတယ်။

ဒီလို နွေရာသီ အပူရှိန်ပြင်းပြင်းမှာ ရေခဲရေနဲ့ ရေပက်တာမျိုးလည်း လုံးဝကို မပြုသင့်ပါဘူး။ “အသည်းထဲကိုအေးမြသွားမယ့် ရေခဲရေ”ဆိုပြီး တချို့မဏ္ဍပ်တွေမှာ ရေခဲတုံးတွေပါတဲ့ ရေပါထည့်လောင်းကြပါသေးတယ်။

မြန်မာ့နှစ်ကူး သင်္ကြန်ဆိုတာ တစ်ဦးနဲ့ တစ်ဦး အေးချမ်းစေလို့တဲ့ ဆန္ဒနဲ့ ရေပက်ဖြန်းကြတဲ့ ပွဲပါ။ ဒါကြောင့် သူတစ်ပါးထိခိုက်စေလောက်အောင် မီးသတ် ပိုက်လုံးတွေ ၊ ကားရေဆေးပိုက်တွေ ၊ ရေခဲရေ စတာတွေနဲ့ ပက်ဖြန်းခြင်း မပြုသင့်ပါဘူး။ သဘာဝကြီးက ဖောဖောသီသီပေးထားတဲ့ ရေသယံဇာတကို ဒီလိုပဲ မဆင်မခြင် သုံးမယ့် အစား ချွေတာပြီးသုံးကြစေချင်မိပါတယ်။

ရိုးရာလေး ပရိသတ်တွေလည်း သင်္ကြန်မှာ ရေပက်ခံထွက်ရင်အင်္ကျိလက်ရှည် ဝတ်ပြီး ဦးထုပ်ဆောင်းကြဖို့ သတိပြုစေချင်ပါတယ်။ နွေအပူရှိန် ကာကွယ်ကြပါ။ အန္တရာယ်များတဲ့ သင်္ကြန်ရေပိုက်ရန်မှလည်း ကာကွယ်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း နှစ်သစ်ကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းတဲ့သူတွေ ဖြစ်ကြပါစေကြောင်း…။

May Moe (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top