ပြင်းထန်တဲ့လေ့ကျင့်မှုနှင့် ဖိုးသော်၏ အမေရိကခရီးစဉ်

60175235_2358569957708564_3900588405150449664_n.jpg

မြန်မာ့ဂုဏ်ဆောင် ကိုယ်ခံပညာကစားသမား ဖိုးသော်သည် လာမည့်ဇွန်လအတွင်း ယှဉ်ပြိုင်ရမည့် ပြိုင်ပွဲအတွက် အမေရိကန်နိုင်ငံ၊ ဘော်စတွန်မြို့တွင်သွားရောက်လေ့ကျင့်နေပြီဖြစ်သည်။

ဖိုးသော်သည် လာမည့် ဇွန်လအတွင်း တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့၌ ကျင်းပမည့် ONE Championship ၏ ONE: Legendary Quest ပြိုင်ပွဲကြီးတွင် မြန်မာနိုင်ငံကိုယ်စားပြုကာ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး နိုင်ပွဲရယူနိုင်ရန်အတွက်လည်း ဆန္ဒပြင်းပြနေသူဖြစ်သည်။

ဖိုးသော်သည် ၎င်း၏လေ့ကျင့်ရေးခရီးစဉ်အတွက် ပြီးခဲ့သည့်မေလ (၁၃) ရက်နေ့တွင် ရန်ကုန်မြို့ မှထွက်ခွာခဲ့ခြင်းဖြစ်ပြီး လိုအပ်သောလေ့ကျင့်မှုများအပြင် လေ့ကျင့်ရေးနှင့် ကိုယ်ခံပညာရပ်ဆိုင်ရာအတွေ့အကြုံအသစ်များကိုလည်း သင်ယူရန် အသင့်ရှိနေသူဖြစ်သည်။

ဖိုးသော်သည် အမေရိကန်နိုင်ငံ ဘော်စတွန်မြို့ရှိ Cidatel Mix Martial Arts and Fitness Gym တွင်လေ့ကျင့်နေခြင်းဖြစ်

ဖိုးသော်သည် ၎င်း၏ အမေရိကလေ့ကျင့်ရေးခရီးစဉ်အတွက် (၂၃) နာရီကြာ လေယာဉ်စီးခဲ့ရပြီး မေလ (၁၄) ရက်နေ့တွင် ချက်ချင်းပင် လေ့ကျင့်ရာအားကစားခန်းမသို့ သွားရောက်ကာ လေ့ကျင့်မှုများကို စတင်ပြုလုပ်ခဲ့သည်။

”မြန်မာနိုင်ငံက ကျွန်တော့်ရဲ့ မိတ်ဆွေသူငယ်ချင်းတွေရော၊ ကျွန်တော့်ကို အားပေးတဲ့သူတွေရော အကုန်လုံးကိုသတိရနေပါတယ်။ ကျွန်တော့်ရဲ့ လေ့ကျင့်မှုပုံစံတွေ အတွေ့အကြုံတွေကိုလည်း လူမှုကွန်ရက်ကနေ ဝေမျှပေးသွားမှာပါ”ဟု ဖိုးသော်က ၎င်း၏လေ့ကျင့်ခရီးစဉ်အကြောင်းကို ပရိသတ်များအားပြောပြခဲ့သည်။

ဖိုးသော်သည် အမေရိကန်နိုင်ငံ ဘော်စတွန်မြို့ရှိ Cidatel Mix Martial Arts and Fitness Gym တွင်လေ့ကျင့်နေခြင်းဖြစ်ပြီး ၎င်း၏လေ့ကျင့်မှု ဗီဒီယိုများ ဓာတ်ပုံများကိုလည်း လူမှုကွန်ရက်မှတစ်ဆင့် ပရိသတ်များအတွက်ပြန်လည် မျှဝေပေးလျက်ရှိသည်။

ဖိုးသော်သည် မြန်မာ့ဂုဏ်ဆောင် အားကစားသမားတစ်ဦးအဖြစ်သို့မရောက်မီအချိန်တွင် ဘဝ၏ အခက်အခဲ၊အချိုးအကွေ့များစွာကို ကြုံတွေ့ကာ ဖြတ်သန်းလာခဲ့ရသူဖြစ်ပြီး စိတ်ဓာတ်မာကျောမှုကြောင့် အခက်အခဲများစွာကိုဖြတ်ကျော်နိုင်ခဲ့ပြီး အောင်မြင်သော ကိုယ်ခံပညာရှင်တစ်ဦးအဖြစ်သို့ ရောက်ရှိရန်ကြိုးစားနိုင်ခဲ့သည်။

ဖိုးသော်သည် လေ့ကျင့်မှုကိုရပ်နားခြင်းမရှိဘဲ နေ့စဉ်ပြုလုပ်လေ့ရှိသူဖြစ်

ထို့အပြင် ဖိုးသော်သည် လေ့ကျင့်မှုကိုရပ်နားခြင်းမရှိဘဲ နေ့စဉ်ပြုလုပ်လေ့ရှိသူဖြစ်ပြီး ပြိုင်ပွဲယှဉ်ပြိုင်ရန်ရှိသည့်အခါတိုင်း ယှဉ်ပြိုင်ရမည့် ပြိုင်ဘက်နှင့် ကိုယ်အလေးချိန် အရပ်အမောင်းတူသောလေ့ကျင့်ဖော်ကိုရှာဖွေလေ့ကျင့်ရင်း ပြိုင်ပွဲအတွက် ပြင်ဆင်တတ်သူလည်းဖြစ်သည်။

”ပြိုင်ပွဲအတွက် အတတ်နိုင်ဆုံးအကောင်းမွန်ဆုံးဖြစ်အောင် ကြိုးစားနေပါတယ်။ အစစအရာရာအတွက် ရုန်းကန်နေရတဲ့ကာလမှာ ကိုယ်ဖြစ်ချင်တာအတွက် မြင်နေရတဲ့ အရာတွေကအားလုံး ခွန်အားတစ်ခုပါပဲ ။ အားလုံးကို ကျွန်တော်နဲ့ အတူလိုက်ခဲ့ဖို့ ဖိတ်ခေါ်ပါတယ် ”ဟု ဖိုးသော်က ပြောကြားခဲ့သည်။

ဖိုးသော်သည် အမေရိက လေ့ကျင့်ရေးခရီးစဉ်တွင် ၎င်း၏ အိပ်မက်များကို အကောင်အထည်ဖော်ရန်အတွက် နယ်ပယ်အစုံမှ ကိုယ်ခံပညာရှင်ပေါင်းစုံတို့နှင့် အတွေ့အကြုံများဖလှယ်ကာ လေ့ကျင့်လျက်ရှိသလို မြန်မာနိုင်ငံသို့ပြန်ရောက်သည့် အချိန်တွင်လည်း ပြန်လည်မျှဝေနိုင်ရန် ဆန္ဒရှိသူဖြစ်သည်။

ONE Championship မတိုင်မီ မထင်မရှားအားကစားသမားဘဝမှ နှစ်အနည်းငယ်အတွင်း အောင်မြင်မှုများစွာရယူနိုင်သည့် ဖိုးသော်၏ အောင်မြင်မှုသော့ချက်မှာ အမြဲမပြတ် ကိုယ့်အားကိုယ်ကိုး၍ လေ့လာနေခြင်း (Self-learning) ပင်ဖြစ်သည်။ ဖိုးသော်သည် ကိုယ်ခံပညာသိုင်းပေါင်းစုံ ပြိုင်ပွဲ၏ ခေတ်ဦးပိုင်းတွင် ရှေ့ဆောင်လမ်းပြတစ်ဦးအဖြစ်တည်ရှိနေပြီး လက်ရှိအချိန်ထိလည်း ပြည်ပအထိ သွားရောက်လေ့ကျင့်ကာ ပြိုင်ပွဲများအတွက် ပြင်ဆင်ခြင်း၊ မြောက်မြားစွာသောကိုယ်ခံပညာရပ်များကိုသင်ယူကာ ပြန်လည်မျှဝေပေးခြင်း စသော အချက်များသည်လည်း ဖိုးသော်၏ ကောင်းမွန်သော ပြယုဂ်များပင်ဖြစ်သည်။

ကိုယ်ခံပညာသိုင်းပေါင်းစုံ ပြိုင်ပွဲ (၈) ပွဲတွင် (၇) ပွဲနိုင်၊ (၁) ပွဲ ရှုံးဆိုသော မှတ်တမ်းကောင်းဖြင့် သက်သေပြထား

ဖိုးသော်သည် ရပ်နားနေတတ်သောသူမဟုတ်ဘဲ ၎င်း၏ အသက်အရွယ်ပိုင်းအရ အကောင်းဆုံးပုံစံကို ပြသရန်ခက်ခဲသော်လည်း ဇွဲမလျော့ဘဲ အကောင်းဆုံးဖြစ်ရန် ကိုယ်ခံပညာသိုင်းပေါင်းစုံ ပြိုင်ပွဲ (၈) ပွဲတွင် (၇) ပွဲနိုင်၊ (၁) ပွဲ ရှုံးဆိုသော မှတ်တမ်းကောင်းဖြင့် သက်သေပြထားသူဖြစ်သည်။

ဖိုးသော်သည် အမေရိကန်နိုင်ငံတွင် ပထမဦးဆုံးအကြိမ် သွားရောက်လေ့ကျင့်ခြင်းဖြစ်ပြီး ကြံ့ခိုင်မှုအပိုင်းအား အဓိကပြင်ဆင်သွားမည်ဖြစ်ကြောင်းလည်း ပရိသတ်ကိုအသိပေးထားသည်။

အိပ်ချိန်နှင့်စားချိန်မှလွဲကာ လေ့ကျင့်ရေးအတွက်အချိန်အားလုံးကို အသုံးချထားသူဖြစ်ပြီး ၎င်း၏လှုပ်ရှားမှုများကိုလည်း ပရိသတ်နှင့် မျက်ခြေမပြတ်စေရန်ဆန္ဒရှိနေသူလည်းဖြစ်သည်။ ဖိုးသော်၏ လူမှုကွန်ရက်မှတစ်ဆင့် မျှဝေထားသော လေ့ကျင့်ရေးဗီဒီယိုများ၊ ဓာတ်ပုံများသည် ၎င်း၏ပြင်းထန်သောလေ့ကျင့်ရေးမှုအကြောင်းကို အတိအကျကိုယ်စားပြုနေခြင်းမှာ ငြင်းဆိုဖွယ်ရာမရှိပေ။

”ကျွန်တော်တို့ဆီမှာ မရနိုင်တဲ့အရာက မြေပြင်ချုပ်ကွက်ကစားနည်းကို သေချာသင်ကြားပေးနိုင်မယ့်သူမရှိတာပါ။ ဒါကြောင့် ပြည်ပကိုထွက်ပြီး ပြိုင်ပွဲအတွက်ပြင်ဆင်ရပါတယ်။ ကိုယ်ရလာတဲ့ ပညာတွေ၊ အတွေ့အကြုံတွေကို ကိုယ့်ဆီက လူတွေဆီပြန်မျှဝေပေးဖို့ အတွက်လည်းပါဝင်ပါတယ်” ဟု ဖိုးသော်က ပြည်ပသို့ထွက်ကာလေ့ကျင့်ရသည့်အကြောင်းရင်းကိုပြောပြခဲ့သည်။

ဖိုးသော်နှင့် ယှဉ်ပြိုင်ရမည့် အင်ဒိုနီးရှားနိုင်ငံသား Victorio Senduk သည် Wushu နှင့် Kick Boxing ပညာရပ်များအား ကျွမ်းကျင်သူဖြစ်သောကြောင့် ပြိုင်ဘက်နှင့်ပတ်သက်ပြီး ဖိုးသော်၏ ပွဲကြိုပြင်ဆင်မှုသည်လည်း စိတ်ဝင်စားဖွယ်ရာ အဖြစ်ရှိနေပါသည်။ ဖိုးသော်သည် ရိုးရာလက်ဝှေ့သမားအဖြစ်မှ ကိုယ်ခံပညာသိုင်းပေါင်းစုံပြိုင်ပွဲသို့ရောက်ရှိလာသူဖြစ်ခဲ့သောကြောင့် မတ်ရပ်ထိုးသတ်ကစားနည်း တွင်ကျွမ်းကျင်သူဖြစ်ပြီး ကရာတေးဒိုပညာရပ်တွင်လည်း ကျွမ်းကျင်မှုထပ်ပိုကာကစားနိုင်သူဖြစ်သောကြောင့် Victorio Senduk အားရင်ဆိုင်မည့် ဖိုးသော်၏ နည်းဗျူဟာသည်လည်း စိတ်ဝင်စားဖွယ်ရာ ကောင်းနေသည်။

Ref: ONE Championship
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top