ထိုင်းနိုင်ငံရဲ့ ကိုဗစ်-၁၉ စည်းမျဉ်းတွေကို မထီမဲ့မြင်ပြုခဲ့တဲ့ နိုင်ငံခြားသား ၈၉ ဦး ဖမ်းဆီးခံရ

28-1-2021-yyl-07.jpg

ထိုင်းနိုင်ငံတောင်ပိုင်း နာမည်ကြီး အပန်းဖြေကျွန်းတစ်ကျွန်းက အရက်ဘားတစ်ခုမှာ ကိုဗစ်-၁၉ စည်းမျဉ်းတွေကို ချိုးဖောက်ပြီး ပါတီလုပ်ကာ ပျော်ပါးခဲ့ကြတဲ့ နိုင်ငံခြားသား ၈၉ ယောက် အရေးယူဖမ်းဆီးခံခဲ့ရပါတယ်။ အဲ့ဒီသတင်းကို ထိုင်းအာဏာပိုင်တွေက ဇန်နဝါရီလ ၂၇ ရက် ( ဗုဒ္ဓဟူးနေ့ ) က အတည်ပြုထုတ်ပြန်ခဲ့ပါတယ်။

အဖမ်းခံခဲ့ရတဲ့ နိုင်ငံခြားသားတွေဟာ အမေရိကန် ၊ ဗြိတိန် ၊ ဆွစ်ဇာလန် ၊ ဒိန်းမတ် စတဲ့ နိုင်ငံတွေအပါအဝင် နိုင်ငံပေါင်း ၁၀ နိုင်ငံက နိုင်ငံသားတွေဖြစ်တယ်လို့ သိရပါတယ်။ ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးစဉ် ရိုက်ထားခဲ့တဲ့ ဓာတ်ပုံကို ထုတ်ပြန်ခဲ့ရာ အဲ့ဒီနိုင်ငံခြားသားတွေဟာ ပါတီဝတ်စုံတွေကို ဝတ်ဆင်ထားကြပြီး Mask တွေကိုတော့ ဝတ်ထားတာကို တွေ့ရပါတယ်။

Surat Thani ပြည်နယ်ရှိ Koh Phangan ကျွန်းဟာ ညလုံးပေါက် ပါတီတွေ အမြဲလိုလိုရှိတာကြောင့် ခရီးသွားလူငယ်တွေကြားမှာ ရေပန်းစားနာမည်ကြီးတဲ့ ကျွန်းတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ကပ်ရောဂါကြောင့် ပြီးခဲ့တဲ့နှစ် ဧပြီလမှ စတင်ကာ ထိုင်းနိုင်ငံက ခရီးသွားဝင်ရောက်မှုကို ပိတ်ထားတာကြောင့် Koh Phangan ကျွန်းဟာ အရင်လို စည်းကားမှုသိပ်မရှိတော့ပါဘူး။

ပြီးခဲ့တဲ့လတုန်းက Surat Thani ပြည်နယ်မှာ ကိုဗစ်-၁၉ ကူးစက်ခံရသူ ၁၁ ယောက်တွေ့ရှိခဲ့တာကြောင့် ထိုင်းအာဏာပိုင်တွေက စည်းမျဉ်းတွေကို တင်းတင်းကျပ်ကျပ်ထုတ်ပြန်ထားခဲ့ပါတယ်။ ဒီလို ထုတ်ပြန်ထားချိန်မှာ စည်းမျဉ်းတွေကို မထီမဲ့မြင်လုပ်ပြီး ချိုးဖောက်ခဲ့ကြတဲ့ အဲ့ဒီ နိုင်ငံခြားသား ၈၉ ယောက် အနေနဲ့ ထောင်ဒဏ် ၂ နှစ်စီနဲ့ ဒဏ်ငွေ ဘတ် ၄၀,၀၀၀ ( အမေရိကန် ဒေါ်လာ ၁၃၃၀ ) စတဲ့ ပြစ်ဒဏ်ကို ကျခံသွားရဖို့ရှိနေပြီး အရက်ဘားပိုင်ရှင်ဖြစ်သူနဲ့ ဝန်ထမ်းတွေကတော့ ထောင်ဒဏ် ၁ နှစ် နဲ့ ဘတ် ၁၀၀,၀၀၀ ( အမေရိကန် ဒေါ်လာ ၃၃၃၀ ) စတဲ့ ပြစ်ဒဏ်ချမှတ်ခံရဖို့ရှိတယ်လို့ သိရပါတယ်။

စည်းမျဉ်းချိုးဖောက်ခဲ့သူတွေကို Koh Phangan ကျွန်းရှိ ရဲစခန်းမှာ ထိန်းသိမ်းထားပြီး တရားစွဲဆိုဖို့အတွက် စာရွက်စာတမ်းတွေ ပြင်ဆင်နေတယ်လို့ ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ပြီးခဲ့တဲ့ အင်္ဂါနေ့ညကလည်း Koh Phangan ကျွန်းမှာ ရှိတဲ့ အရက်ဘားတစ်ခုမှာ လာရောက်သောက်စားတဲ့ ထိုင်းနိုင်ငံသား ၂၂ ယောက်အပါအဝင် အရက်ရောင်းချသူ အချို့ကိုလည်း ဖမ်းဆီးခဲ့သေးတယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။

Ref: CNA: 89 foreigners arrested at Thai bar flouting COVID-19 rules

ငြိမ်းချမ်း (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top