မိတ်ကပ်မပါဘဲလည်း လှနေချင်တယ်ဆိုရင်

40519025_259155731601624_1741570974664359936_n.jpg

ဒီနေ့ခေတ်မှာတော့ မိတ်ကပ်ဆိုတာက အမျိုးသမီးတွေကြားထဲ မပါမဖြစ်၊ မရှိမဖြစ်လိုမျိုးတောင် ဖြစ်လို့နေပါပြီ။ မပြင်တတ်ဘူး၊ မလိမ်းတတ်ဘူးဆိုတဲ့သူတွေတောင် BB cushion ဒါမှမဟုတ်လည်း BB cream လောက်တော့ လိမ်းနေကြတာပါပဲ။

ပြင်လိုက်ရင် လှသွားတယ်ဆိုတာကိုလည်း အားလုံး လက်ခံလာကြတာပဲလေ။ ဆိုတော့ကာ မိတ်ကပ်မပါဘဲလည်း လှမယ်ဆိုတဲ့ခေါင်းစဉ်ကြီးက နည်းနည်းတော့ ရယ်စရာကောင်းနေမှာပေါ့။ အဓိကက အောက်ခံ အသားအရေပါပဲ။ တစ်နည်းအားဖြင့် ကိုယ်ပိုင် အသားအရေပေါ့။ သူသာကောင်းနေမယ်ဆို မိတ်ကပ်ဆိုတာ သိပ်အများကြီး ထည့်စဉ်းစားနေစရာ မလိုတဲ့ အရာပါ။

ကဲ … တော်ကီတွေပွားမနေတော့ဘဲ ဘယ်လိုများ မိတ်ကပ်မပြင်မဆင်ဘဲ လှနေနိုင်မလဲဆိုတဲ့ ခေါင်းစဉ်ဆိကို ခပ်သွက်သွက်လေး သွားလိုက်ကြရအောင်။

ရေဓာတ်ပြည့်ဝနေပါစေ

မျက်နှာပေါ် ဟိုဟာတင်ရ၊ ဒီဟာတင်ရမှာ ပျင်းတဲ့သူတွေအတွက်ပါ။ စာရေးသူဆိုလည်း ပျင်းတာပါပဲ။ ဆိုတော့ ရေသာများများသောက်ပေးလိုက်ပါ။ ကိုယ်အတွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တဲ့အပြင် အသားအရေကိုလည်း ညီညာ ကြည်လင်လာစေပါတယ်။ ဘယ်သွားသွား ရေတစ်ဘူးလောက် ထည့်သွားပါ။ မထည့်ချင်ဘူးဆိုရင်လည်း သတိရတိုင်း ရေသောက်ဖို့တော့ မမေ့ပါနဲ့။

နေ့တိုင်း မျက်နှာသစ်ပါ

ဘာတွေပြောနေတာလဲ။ အိပ်ယာနိုးရင်တော့ မျက်နှာက သစ်ပြီပေါ့။ သွားတောင်တိုက်သေးတာကို။ ဆိုပေမဲ့ ညရောက်ရင်တော့ မသစ်ချင်ကြတော့ပါဘူး။ အရက်နာကျဖြစ်လာတဲ့ နေ့မျိုးတွေ၊ အလုပ်ပင်ပန်းလာတဲ့နေ့မျိုးတွေဆို မိတ်ကပ်တောင် မဖျက်ဘဲ အိပ်ယာပေါ် တန်းရောက်တာပါပဲ။ ဒီအရာမျိုးက ထိခိုက်လွယ်သော အသားအရေ ပိုင်ရှင်တွေ လုံးဝ မလုပ်သင့်တဲ့အရာပါ။

မိတ်ကပ်တွေကြောင့် ချွေးပေါက်ပိတ်ပြီး အဆီနဲ့ အညစ်အကြေးတွေ ဖြစ်သွားတတ်ပါတယ်။ အဲဒီကနေမှတစ်ဆင့် ကြာလာရင် ဝက်ခြံတွေပေါက်၊ ချွေးပေါက်တွေ ပိုပိုကျယ်လာတတ်ပါတယ်။ ဒါကြောင့် အိပ်ယာမဝင်ခင် မိတ်ကပ်ဖျက်ဆေးနဲ့ အရင်ဖျက်ပါ။ ပြီးမှ မျက်နှာသစ်ပါ။ တိုနာလိမ်းဖို့လည်း မမေ့ပါနဲ့။

သကြား အများကြီးမစားပါနဲ့

သကြားစားသုံးမှု ပမာဏက တစ်ယောက်နဲ့တစ်ယောက် မတူဘူးပေါ့နော်။ စာရေးသူဆို အရမ်းချိုတဲ့ လက်ဖက်ရည်တွေ သောက်လို့မရပါဘူး။ နှစ်ရက်၊ သုံးရက်လောက် သောက်မိပြီဆိုတာနဲ့ အသားအရေက ညစ်လာပြီး အဆီဖု၊ ဝက်ခြံဖုလေးတွေ ထွက်လာတော့တာပါပဲ။ အလားတူ ဒိန်ချဉ်တို့၊ သရက်သီး ဖျော်ရည်တို့လိုမျိုးမှာလည်း သကြားအများကြီး ထည့်သောက်လို့ မရပါဘူး။ အသားအရေက သိသိသာသာကို လက္ခဏာပြလာပါတယ်။ ဆိုတော့ ကိုယ်စားနေတဲ့ အစားအစာတွေထဲက သကြားပါဝင်မှု ပမာဏကို လေ့လာပြီး လျော့စားကြည့်လိုက်ပါ။

Moisturizer

မိတ်ကပ် မလိမ်းချင်ဘူးဆိုရင်တော့ moisturizer ကို မဖြစ်မနေ သုံးပေးရပါတယ်။ ဒါမှ မျက်နှာလေးက ရေဓာတ်ပြည့်ဝနေပြီး ဖူးဖူးစိုစိုလေးဖြည့်နေမှာပေါ့။ Moisturizer က အသားအရေ မညီညာမှုကိုလည်း ထိန်းသိမ်းပေးနိုင်ပါတယ်။

အုန်းဆီ

ဘာမှမလိမ်းထားတဲ့ မျက်နှာမှာ ပင်ကို ပကတိ အလှတရားလေး ရှိဖို့တော့ လိုတာပေါ့။ မျက်နှာတစ်ခုလုံးရဲ့ အဓိက အသက်က မျက်ခုံးနဲ့ မျက်တောင်မွေးပါ။ ထူထဲပြီး ပုံကျနေတဲ့ မျက်ခုံးမွေးလေးက အင်မတန်မှ ဆွဲဆောင်မှုရှိပါတယ်။ မျက်တောင်မွေးလေးတွေကလည်း ကော့ပြီး ရှည်နေဖို့ လိုပါသေးတယ်။

ဘာမှ ထူးထူးခြားခြားတွေ လုပ်နေဖို့ မလိုပါဘူး။ အုန်းဆီကို မျက်တောင်မွေးနဲ့ မျက်ခုံးပေါ် ညအိပ်ယာမဝင်ခင် ပုံမှန်လေးလိမ်းပြီး အိပ်ပေးပါ။ မျက်တောင်မွေးနဲ့ မျက်ခုံးမွေးလေးတွေ ရှည်လာစေရုံတင်မကဘဲ နက်မှောင် သန်စွမ်းလာစေနိုင်ပါတယ်။

စိတ်ဖိစီးမခံပါနဲ့

ဒီတစ်ချက်ကတော့ အရမ်းခက်မှာနော်။ ကိုယ်ဖန်တီးယူထားတာ မဟုတ်ဘဲ ပတ်ဝန်းကျင်ကြောင့် စိတ်ညစ်ရတာမျိုးတွေ ရှိနေလေတော့ ဘယ်လွယ်ပါ့မလဲ။ ဆိုပေမဲ့ တစ်ခါ စိတ်ညစ်တိုင်း အလှတစ်ယူနစ် လျော့တယ်လို့ တွေးထားပါ။ ဘာမဟုတ်တာတွေ အတွက်နဲ့ အလှပျက်မခံပါနဲ့။ ဟုတ်ချင်လည်း ဟုတ်မှာပေါ့။ ဆိုပေမဲ့ ကိုယ့်အလှလောက် ဘယ်အရာမှ အရေးမကြီးပါဘူး။

ယုံကြည်ချက်ရှိပါ

စာရေးသူ ဒီအချက်ကို ဆောင်းပါးတိုင်းလိုလိုမှာ ထည့်ပြောပါတယ်။ မိန်းကလေးတစ်ယောက် အနေနဲ့ လှချင်တယ်၊ ထက်မြက်ချင်တယ်ဆိုရင် ယုံကြည်ချက်ရှိပါ။ ကိုယ့်ပုံစံအတိုင်းပဲနေပါ။ ဒီတစ်ချက်ထဲနဲ့တင် သင်က မိတ်ကပ် မလိမ်းလည်းဘဲ လုံးဝ လှပ ကျော့ရှင်းနေနိုင်ပါပြီ။

Ref: Pinterest “A College Girl’s Guide: How to look Gorgeous without Makeup”

Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top