ဒေါင်းဆင်ဒရုန်းဝေဒနာရှင် ဖခင်အကြောင်းကို ဂုဏ်ယူဝင့်ကြွားစွာ ထုတ်ပြောပြခဲ့တဲ့ လူငယ်လေး

yyl-17-036.jpg

ဆီးရီးယားနိုင်ငံက အသက် (၂၁) နှစ်အရွယ် ဆာဒါ အစ်စ်ဆာ (Sader Isssa) ဆိုတဲ့လူငယ်တစ်ဦးဟာ သွားဆေးတက်နေတဲ့ တတိယနှစ်ကျောင်းသားတစ်ယောက်ဖြစ်ပြီး ဒေါင်းဆင်ဒရုန်းဝေဒနာရှင်ဖခင် ဂျိတ် အစ်စ်ဆာ (Jad Issa)ရဲ့ ပြုစုပျိုးထောင်မှုနဲ့ ကြီးပြင်းလာခဲ့တဲ့သူပါ။ သူ ငယ်ငယ်လေးကတည်းက သူ့ရဲ့ဖခင်က ဒေါင်းဆင်ဒရုန်းဖြစ်နေပေမဲ့ အခြားကလေးတွေလိုပဲ ချစ်ခြင်းမေတ္တာ အပြည့်အဝ ရရှိခဲ့ပါတယ်။ သူ့ဖခင်က သူ့ရဲ့ဘဝကို အကောင်းဆုံးဖြစ်အောင် အမြဲတမ်းကြိုးစားပေးခဲ့တာပါ။ မကြာသေးခင်ကမှ ဆာဒါက ဒေါင်းဆင်ဒရုန်းရောဂါသည် ဖခင်ရဲ့ပြုစုပျိုးထောင်မှုက ဘယ်လိုမျိုးလဲဆိုတာကို ဂုဏ်ယူဝင့်ကြွားစွာနဲ့ ဖွင့်ဟခဲ့ပါတယ်။

ဒေါင်းဆင်ဒရုန်းနဲ့လူတွေကို အားနည်းချက်ရှိတဲ့သူ၊ အခြားသူတွေကို မှီခိုရတဲ့သူတွေအဖြစ် တွေးထင်ကြတာကို ဆာဒါက သိပါတယ်။ ဒါပေမဲ့ သူ့ဖခင်က သူ့အတွက် ဘယ်လောက်တောင် အလုပ်ကြိုးစားခဲ့လဲ၊ သူ့ကို အမြဲတမ်းဘယ်လို ပံ့ပိုးမှုတွေပြုလုပ်ခဲ့လဲဆိုတာကို မျှဝေခဲ့တာပါ။ “အခြားကလေးတွေလိုပဲ ကျွန်တော့အတွက် သာမန်ဘဝမျိုးနဲ့ လုံခြုံမှုရှိအောင် အရာရာတိုင်းကို လုပ်ပေးဖို့ အဖေက ကြိုးစားခဲ့ပါတယ်။ အဖေက အခြားသူတွေကိုလည်း အဆုံးမသတ်နိုင်တဲ့ ချစ်ခြင်းမေတ္တာတွေေ အမြဲတမ်းပေးပါတယ်” လို့ ဆာဒါက ပြောပါတယ်။

ဆာဒါရဲ့ဖခင်က သူ့အိမ်အနီးနားက သီးနှံကြိတ်ခွဲစက်မှာ အလုပ်လုပ်ပြီးဆာဒါကလည်း သူ့ဖခင်ကို မကြာခဏကူညီပေးသလို အလုပ်မှာလည်း အဖော်ပြုပေးဖြစ်ပါတယ်။ သူ့ဖခင်က အခြားသူတွေဆီက ဘာမှမမျှော်လင့်ဘဲနဲ့ ဖြူစင်တဲ့အချစ်တွေကို ပေးတဲ့အတွက် အခြားလူတွေကလည်း သူ့ကို ရိုသေလေးစားကြသလို ကောင်းကောင်းဆက်ဆံကြပါတယ်။ သူ့ဖခင်က ဆာဒါကို လူတွေနဲ့ မိတ်ဆက်ပေးတဲ့အခါမျိုးမှာ သူ့သားက ဆရာဝန်တစ်ယောက်လို့ ဂုဏ်ယူဝင့်ကြွားစွာနဲ့ ထုတ်ပြောလေ့ရှိတယ်လို့ ဆာဒါက ပြောပါတယ်။ သူ့ဖခင် သူ့ကို ဂုဏ်ယူသလိုပဲ သူကလည်း သူ့ဘဝတစ်လျှောက်လုံးမှာ သူလိုအပ်တဲ့အခါတိုင်း ပံ့ပိုးမှုတွေလုပ်ပေးခဲ့တဲ့အတွက် သူ့ဖခင်ကို ဂုဏ်ယူမိတယ်လို့ ဆာဒါကဆိုပါတယ်။

ဆာဒါက သူ့ဖခင်ကို ရည်ညွှန်းရေးသားထားတဲ့ပို့စ်တစ်ခုကို အင်စတာဂရမ်မှာ ပြီးခဲ့တဲ့လက တင်ခဲ့ပါသေးတယ်။ သူရေးသားခဲ့တာက ဆယ်စုနှစ် (၂) စုကျော်တဲ့အထိ ခင်ပွန်းကောင်း၊ ဖခင်ကောင်းအနေနဲ့ စွမ်းဆောင်နိုင်ဖို့ဆိုတာ မလွယ်ကူပါဘူးဆိုတဲ့စာသားလေးဖြစ်ပါတယ်။

Ref: Mothership “Son shares how father with Down syndrome raised him & did everything to give him ‘normal life’”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top