၂၀၂၂ ကမ္ဘာ့ဖလားကို အိမ်ရှင်အဖြစ် လက်ခံကျင်းပရမယ့်အရေးကို နောင်တရခြင်း မရှိဘူးဆိုတဲ့ ကာတာ

khalifa-stadium-birds-eye_yi55m6ixddy2189untcar332l.jpg

၂၀၂၂ ကမ္ဘာ့ဖလားမတိုင်ခင် ၅ နှစ် အလိုမှာ ကျင်းပခဲ့တဲ့ အခမ်းအနားတစ်ခုမှာ ၂၀၂၂ ခုနှစ် ကာတာ ကမ္ဘာ့ဖလား ကျင်းပရေးတာဝန်ခံ ဟက်ဆန် အဲလ်သာဝေဒီ (Hassan Al Thawadi) က ကာတာနိုင်ငံဟာ ၂၀၂၂ ခုနှစ်မှာ ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲကြီးအတွက် အသင့်တော်ဆုံး နိုင်ငံ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

၂၀၂၂ ခုနှစ် ကာတာ ကမ္ဘာ့ဖလား ကျင်းပရေးတာဝန်ခံဖြစ်တဲ့ ဟက်ဆန် အဲလ် ဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပဖို့ ကြိုးပမ်းခဲ့ခြင်းအတွက် နောက်တရခြင်း မရှိကြောင်း ပြောဆိုခဲ့ပြီး ကာတာနိုင်ငံဟာ ဘောလုံးလောကရဲ့ ထိပ်သီးပြိုင်ပွဲတစ်ခုကို တစ်ခြားနိုင်ငံများနည်းတူ အိမ်ရှင်အဖြစ် ကျင်းပနိုင်တဲ့ အခွင့်အရေးရှိကြောင်း ပြောဆိုခဲ့ပါတယ်။

“ကမ္ဘာ့ဖလားကို အိမ်ရှင်အဖြစ် ကျင်းပခွင့်ရတယ်ဆိုတာ ပေးဆပ်ရတဲ့ တန်ဖိုးနဲ့ တန်ပါတယ်။ ကျွန်တော်တို့နိုင်ငံ အခုအချိန်မှာ အကျပ်အတည်းနဲ့ ရင်ဆိုင်နေရပေမဲ့ ကမ္ဘာ့ဖလားအိမ်ရှင်ဖြစ်ရတဲ့အတွက် ဘယ်တော့မှ နောင်တမရပါဘူး။ တန်ဖိုးရှိတဲ့ ဘယ်အရာမှ အလွယ်တကူ မရပါဘူး။ ” ကာတာကမ္ဘာ့ဖလား ကျင်းပရေးတာဝန်ခံ ဟက်ဆန် အဲလ် သာဝေဒီ ကဆိုပါတယ်။

၂၀၂၂ ကမ္ဘာ့ဖလား အိမ်ရှင်အဖြစ် ကျင်းပခွင့်ကို FIFA မှ ကာတာနိုင်ငံအား အငြင်းပွားဖွယ်ရာ ရွေးချယ်ခဲ့ပြီးနောက်ပိုင်း ကာတာနိုင်ငံဟာ လက်ရှိအချိန်မှာတော့ နိုင်ငံတကာအကျပ်အတည်းထဲ ရောက်ရှိနေပါတယ်။ ကာတာနိုင်ငံဟာ အလုပ်သမားများအပေါ် ခေါင်းပုံဖြတ်မှုများအပြင် အကျင့်ပျက်ခြစားမှုများကြောင့် လတ်တလောမှာ ဝေဖန်ခံနေရပြီး သူ့ရဲ့ အာရေးဗီးယန်း အိမ်နီးချင်းနိုင်ငံများဖြစ်တဲ့ ဆော်ဒီအာရေဗျ၊ UAE ၊ ဘာရိန်း ၊ အီဂျစ်နိုင်ငံတို့နဲ့ နိုင်ငံရေး တင်းမာမှုတွေလည်း ဖြစ်ပွားလျက်ရှိပါတယ်။

အကြောင်းရင်းကတော့ ကာတာနိုင်ငံဟာ ထိုအိမ်နီးချင်းနိုင်ငံတွေကို မတည်ငြိမ်ဖြစ်စေရန် အီရန်နိုင်ငံနဲ့ ဆက်နွှယ်နေတဲ့ အကြမ်းဖက်သမားများကို ငွေကြေး ထောက်ပံ့နေတဲ့အတွက် ထိုနိုင်ငံများက ကာတာနိုင်ငံကို လက်ရှိအချိန်မှာ နိုင်ငံရေးနဲ့ စီးပွားရေး သပိတ်မှောက်ထားတဲ့အချိန်လည်း ဖြစ်ပါတယ်။ ကာတာနိုင်ငံကတော့ ဒီစွပ်စွဲချက်များကို ငြင်းဆန်ထားပါတယ်။

လက်ရှိအချိန်မှာ ပင်လယ်ကွေ့ အကျပ်အတည်းဖြစ်နေပေမဲ့ သာဝေဒီကတော့ ထိုနိုင်ငံများအနေနဲ့ သူတို့ရဲ့ နိုင်ငံသားများကို ကမ္ဘာ့ဖလားပွဲ လာရောက်ကြည့်ရှုခွင့် မပိတ်ပင်ကြဖို့လည်း တောင်းဆိုထားပါတယ်။ ကာတာနိုင်ငံဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကာလမှာ အရှေ့အလယ်ပိုင်းနဲ့ ဆော်ဒီအာရေဗျနိုင်ငံမှ ခရီးသည်များ တစ်သန်းခွဲခန့် လာရောက်ဖို့ မျှော်မှန်းထားတယ် လို့သိရပါတယ်။

ကာတာကမ္ဘာ့ဖလားပြိုင်ပွဲဟာ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်နေ့မှာ စတင်မှာ ဖြစ်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲကို ဒီလောက်ပူအိုက်တဲ့ သဲကန္တာရနိုင်ငံမှာ ကျင်းပခွင့်ပြုပေးခဲ့တဲ့ FIFA ရဲ့ အပြုအမူနဲ့ ပတ်သတ်ပြီးလည်း တော်တော်များများက မေးခွန်းထုတ်ခဲ့ကြပါတယ်။ ဒီကမ္ဘာ့ဖလားပြိုင်ပွဲဟာ ပုံမှန် ကမ္ဘာ့ဖလားပြိုင်ပွဲတွေထက် ပိုပြီးကျင်းပချိန် နည်းမှာ ဖြစ်ပြီး ၂၈ ခန့်သာကြာမယ်လို့ သိရပါတယ်။

ကာတာအစိုးရကတော့ ဒီနှစ်အစောပိုင်းမှာ သူ့အနေနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပဖို့အတွက် အဆောက်အဦးတွေ ၆၅% ခန့် ပြီးစီးနေပြီလို့ ပြောဆိုခဲ့ပါတယ်။ ကာတာနိုင်ငံဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပဖို့အတွက် တစ်ပတ်ကို ဒေါ်လာ သန်း ၅၀၀ ခန့် သုံးနေပြီး လတ်တလောမှာလည်း ကာတာနိုင်ငံဟာ အလုပ်သမားတွေကို လုပ်ခလစာ အနည်းဆုံးသာပေးထားတဲ့ အလုပ်သမား စနစ်တစ်ခုကို စတင်ကျင့်သုံးခဲ့တဲ့အတွက် ဝေဖန်ခံနေရပါတယ်။

ဒါ့အပြင် သာဝေဒီဟာ လက်ရှိအချိန်မှာ ဒိုဟာလိဂ်အသင်းဖြစ်တဲ့ Al Sadd မှာကစားနေတဲ့ ဘာစီလိုနာ ကစားသမားဟောင်း ဇာဗီကိုလည်း ကာတာ လက်ရွေးစင်အသင်းရဲ့ နည်းပြအဖြစ် ခန့်အပ်သွားဖို့ရှိတယ်လို့ ပြောဆိုခဲ့ပါတယ်။

Ref : AFP News : No regrets over hosting World Cup

လူမို (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top