ပလက်စတစ်ဆာဂျရီလုပ်အပြီးမှာ မိခင်ပင် ရုပ်မမှတ်မိတော့လောက်အောင် ပြောင်းလဲခဲ့တဲ့သား

ugly-thai-man-goes-through-plastic-surgery-mother-couldnt-even-recognise-him-world-of-buzz-3-768x432.jpg

ထိုင်းနိုင်ငံက အသက် ၂၂ နှစ်အရွယ်ရှိတဲ့ စက်ရုံ အလုပ်သမားတစ်ဦးဟာ ပလတ်စတစ် ဆာဂျရီ များစွာ ပြုလုပ်ခဲ့ပြီးနောက်ပိုင်းမှာ သူ့ကိုမွေးထားတဲ့ မိခင်ဖြစ်သူတောင် မမှတ်မိတော့တဲ့အထိ လုံးဝပြောင်းလဲသွားခဲ့ပါတယ်။

နော့ပတ်ဂျစ် မွန်လင် (Noppajit Monlin)ဟာ လိမ်နေတဲ့ သူ့မေးရိုးကြောင့် အစားကောင်းကောင်း ဝါးလို့မရတဲ့အပြင် သူ့ရဲ့ပုံပန်း ချို့ယွင်းနေမှုကြောင့် အလုပ်မှာလည်း သူငယ်ချင်းများရဲ့ ဖယ်ကြဉ်ခြင်းကို ခံခဲ့ရသူတစ်ယောက်ဖြစ်ပါတယ်။ ဒါ့ကြောင့် မွန်လင်ဟာ သူ့ရဲ့ ရုပ်ရည်ကို အမြဲပြောင်းလဲချင်နေခဲ့ပြီး နောက်ဆုံးမှာတော့ သူ့ရဲ့ ဆန္ဒကပြည့်ဝခဲ့ပါတယ်။

မွန်လင်ဟာ ထိုင်းနိုင်ငံမှာ ပြသနေတဲ့ ကိုရီးယားစတိုင် makeover စီးရီး တစ်ခုဖြစ်တဲ့ Let Me In Thailand အစီအစဉ်ရဲ့ ရွေးချယ်ခြင်းကို ခံခဲ့ရပြီး တောင်ကိုရီးယားမှာ ပလတ်စတစ် ဆာဂျရီကို သွားရောက်ကုသခွင့်ရခဲ့ပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာ ပလတ်စတစ်ဆာဂျရီ ကုသခဲ့အပြီးမှာ မွန်လင်တစ်ယောက် ဘယ်လောက်ပြောင်းလဲသွားသလဲဆိုတော့ သူ့ကိုမွေးခဲ့တဲ့ အမေရင်းတောင် မမှတ်မိတော့တဲ့အထိပါပဲ။

မွန်လင်ဟာ သူလိုချင်နေတဲ့ ရုပ်ရည်ကို ရဖို့အတွက် မေးရိုး၊ နဖူးနဲ့ မျက်ခွံများကို ပလတ်စတစ် ဆာဂျရီ ခွဲစိတ်မှုပြုလုပ်ခဲ့ရတဲ့အပြင် တောင်ကိုရီးယား ခွဲစိတ်ဆရာဝန်များက မွန်လင်ကို Botox ထိုးဆေးများအပြင် သူ့ရဲ့မျက်နှာပေါ်မှ အမဲစက်များ ပျောက်စေဖို့အတွက် အရေးပြား အထူးကုသမှုများကိုပါ ပြုလုပ်ပေးခဲ့ရတယ်လို့ သိရပါတယ်။

အခုအချိန်မှာတော့ မွန်လင်ဟာ လုံးဝလူသစ်တစ်ယောက်အဖြစ် ပြောင်းလဲသွားပါပြီ။ လူသစ်တစ်ယောက်လို့ မဆိုနိုင်ရင်တောင် ရုပ်ပိုင်းဆိုင်ရာအရတော့ လုံးဝပြောင်းလဲသွားခဲ့တယ်လို့တော့ ဆိုရမှာပါ။ မွန်လင်ဟာ ဒီခွဲစိတ်မှုအပြီးမှာ ၃ လ ခန့် အနားယူခဲ့ပြီး သူ့အမေဆီကို ပြန်တဲ့အခါမှာတော့ မွန်လင်က “အမေ ကျွန်တော်ကို မမှတ်မိဘူးလား။ သေချာကြည့်ပါဦး ”လို့ ပြောတဲ့အခါမှာတော့ မွန်လင်ရဲ့ အမေဖြစ်သူက “သားလား။ မွန်လင် မင်းရော ဟုတ်ရဲ့လား” လို့ မျက်ရည်လည်ရွဲနဲ့ သားဖြစ်သူကို မယုံနိုင်တဲ့အသွင်နဲ့ ကြည့်နေတဲ့တာကို Let Me In Thailand TV ရှိုးက ပြသခဲ့ပါတယ်။

Let Me In Thailand TV ရှိုးရဲ့ အင်တာဗျူးတစ်ခုမှာလည်း မွန်လင်က သူ့ရဲ့ ဘဝဟာ လုံးဝပြောင်းလဲသွားကြောင်းပြောဆိုခဲ့ပြီး “လူတွေက ကျွန်တော်ဟာ တခြားလူတစ်ယောက်ပဲလို့ ပြောကြတယ်။ ကျွန်တော် နေရထိုင်ရတာလည်း ပိုကောင်းလာတယ်။ အရင်ကဆို လူတွေက မင်းမျက်နှာက ကြောက်စရာကွာလို့ ပြောကြပြီး လူ့ပတ်ဝန်းကျင်ကိုက ကျွန်တော်ကို လက်မခံခဲ့ပါဘူး။ အခုချိန်ကျတော့လည်း ကျွန်တော်မှာသူငယ်ချင်းတွေ ပေါလွန်းလို့ပါပဲ” လို့ ပြောဆိုခဲ့ပါတယ်။

မွန်လင်ကတော့ သူ့ရဲ့ ပုံပန်းသွင်ပြင် ပြောင်းလဲသွားပေမဲ့ သူဟာအရင်က သူပါပဲ လို့ပြောဆိုခဲ့ပြီး လွန်ခဲ့တဲ့ ၃ နှစ်ခန့်က သူနဲ့ချစ်ခဲ့ကြတဲ့ လိင်ပြောင်း အမျိုးသမီးဖြစ်သူကို ချစ်နေဆဲပါပဲလို့ ပြောဆိုခဲ့ပါတယ်။ “သူက ကျွန်တော်ကို ဂရုစိုက်ပြီး ချစ်ပါတယ်။ သူက မိန်းမ အစစ်တစ်ယောက် မဟုတ်ပေမဲ့ ကျွန်တော်အတွက် မိန်းမတစ်ယောက်လိုပါပဲ။ ကျွန်တော် ခုလို ပုံပြောင်းပြီး ဘဝသစ်ကိုရောက်သွားပေမဲ့ ကျွန်တော်နှလုံးသားကတော့ မပြောင်းလဲသွားပါဘူး” လို့ မွန်လင်က သူ့ချစ်သူနဲ့ ပတ်သတ်ပြီး ပြောဆိုခဲ့ပါသေးတယ်။

Ref : Mirror News : Mother Couldn’t Recognise Her Own Son

Saw Ywan (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top