သင်သဘောကျသွားစေလောက်မယ့် Samsung Galaxy S10 ရဲ့ စွမ်းဆောင်နိုင်မှု (၄) မျိုး

samsung-galaxy-s10-review-0-1280x720.jpg

လက်ရှိထွက်ရှိထားတဲ့ Samsung Galaxy S10၊ S10E နဲ့ S10 Plus အစရှိတဲ့ဖုန်းအမျိုးအစားတွေကတော့ အနည်းငယ်ပဲကွဲပြားသွားတဲ့ အမျိုးအစားတူဖုန်းတွေဖြစ်ပါတယ်။ ဒီဖုန်းတွေအားလုံးက သုံးရတာမြန်ဆန်ပြီး ပိုကောင်းမွန်တဲ့ ကင်မရာနှင့် သက်တမ်းကြာရှည်တဲ့ဘက်ထရီတွေလည်း ပါဝင်လာကြပါတယ်။ ဒါအပြင် ရေစိုလည်းခံနိုင်သလို ကြိုးမဲ့စနစ်နဲ့ အားသွင်းလို့ရပါသေးတယ်။ ကဲ….ဒီဖုန်းတွေရဲ့ ပိုကောင်းလာတဲ့ လုပ်ဆောင်ချက် (၄) မျိုးက ဘာတွေလဲဆိုတာ ဆက်ကြည့်လိုက်ရအောင်ပါ …

(၁) မျက်နှာပြင်အရည်အသွေး

မျက်နှာပြင် Resolution က (3040 x 1440) Pixels ရှိတာဖြစ်ပေမဲ့ ဘက်ထရီအားချွေတာဖို့ (2280 x 1080) Pixels အထိလျော့သုံးလို့ရပါတယ်

Galaxy S10 ဖုန်းတွေက မျက်နှာပြင်အကျယ် (၅.၈) လက်မကနေ (၆.၄) လက်မအထိရှိပါတယ်။ S10 နဲ့ S 10 Plus တို့က မျက်နှာပြင်အခုံးဖြစ်နေပေမဲ့ S 10E ကတော့ မျက်နှာပြင်အပြားပါ။ ပုံမှန်အားဖြင့် မျက်နှာပြင် Resolution က (3040 x 1440) Pixels ရှိတာဖြစ်ပေမဲ့ ဘက်ထရီအားချွေတာဖို့ (2280 x 1080) Pixels အထိလျော့သုံးလို့ရပါတယ်။ ဒါက ခရီးဝေးသွားလို့ အားသွင်းဖို့အဆင်မပြေတဲ့အခါမျိုးမှာ အဆင်ပြေတဲ့လုပ်ဆောင်ချက်တစ်ခုဖြစ်ပြီး Resolution လျှော့လိုက်ပေမဲ့ ကြည်လင်ရှင်းတောက်နေမှာပါ။

(၂) ဒေတာသိုလှောင်နိုင်မှု

1TB ( 1TB- 1000GB) အထိ နဂိုပါဝင်ထားပြီး SD ကဒ်နဲ့ 1.5 TB အထိ ထပ်တိုးမြှင့်သုံးစွဲနိုင်ပါတယ်

Samsung Galaxy S10 ဖုန်းတွေရဲ့ ဒေတာသိုလှောင်နိုင်မှုက iPhone XS နှင့် Pixel 3 တို့နဲ့ ယှဉ်လို့ရပါတယ်။ 128 GB နဂိုပါဝင်ထားပြီး micro SD ကဒ် ထပ်ထည့်လို့ရပြီး 512 GB အထိတိုးမြှင့်နိုင်ပါတယ်။ ဖုန်းထဲမှာ ဖိုင်တွေအများကြီးသိမ်းထားချင်တဲ့သူတွေအတွက် S10 Plus မှာ 1TB ( 1TB- 1000GB) အထိ နဂိုပါဝင်ထားပြီး SD ကဒ်နဲ့ 1.5 TB အထိ ထပ်တိုးမြှင့်သုံးစွဲနိုင်ပါတယ်။

(၃) ကင်မရာအရည်အသွေး

ပုံကောင်းတစ်ပုံရရှိအောင် အလိုအလျောက်ထိန်းညှိပေးတဲ့စနစ်ပါဝင်

ဖုန်းအများစုရဲ့ ကင်မရာတွေက Outdoor ပုံတွေရိုက်တဲ့အခါ အလင်းအားကောင်းကိုယူပြီး နှစ်လိုဖွယ်ရာကောင်းတဲ့ပုံတွေကို ရိုက်ယူတာပါ။ ဒါပေမယ့် ပုံကောင်းတစ်ပုံရဖိုအတွက်ကတော့ သင့်တင့်တဲ့ အလင်းပေးမှုရှိဖို့လိုအပ်ပါတယ်။ Samsung ရဲ့ကင်မရာက တကယ့်ကို နည်းပညာအမြင့်ဆုံးပိုင်းမှာ ရှိနေပါတယ်။ ဒါ့အပြင် ပုံကောင်းတစ်ပုံရရှိအောင် အလိုအလျောက်ထိန်းညှိပေးတဲ့စနစ်ပါဝင်ပြီး တစ်ချက်နှိပ်ရုံနဲ့ စနစ်ကို အဖွင့်အပိတ်လုပ်လို့ရပါတယ်။ အဲဒီစနစ်နဲ့ရိုက်ထားတဲ့ အံ့သြစရာရလဒ်ကိုကြည့်ချင်ရင်တော့ အဖွင့်အပိတ်လုပ်ပြီးသာ စမ်းကြည့်လိုက်ပါ။

နောက်တစ်ခုကတော့ ကင်မရာမှန်ဘီလူးကို ပုံမှန်အနေအထားကနေ အရမ်းကျယ်တဲ့ ထောင့်ကျယ်အနေအထား (Wide Angle) ပြောင်းလို့ရပါတယ်။ ပေါ့ထရိတ်ပုံ (Portrait) တွေမှာအသုံးပြုတဲ့ spot color mode ( ပုံထုတ်တဲ့အခါမှာသုံးတဲ့ အခြေခံအရောင် (၄) မျိုးကို ခွာခြားသတ်မှတ်တဲ့ နည်းလမ်း) ကိုအသုံးပြုထားပါတယ်။ ပုံရိုက်ပြီးတဲ့အခါမှာလည်း Effect တွေပိုပြီးပါလာတဲ့အတွက် အခြားသူတွေထက် ပိုမိုက်တဲ့ပုံတွေလုပ်လို့ရတာပေါ့။

(၄) ဘက်ထရီသက်တမ်းနဲ့ အားမျှဝေပေးနိုင်ခြင်း

Wireless PowerShare လုပ်ဆောင်မှုအသစ်တစ်ခုဖြစ်ပြီး ဖုန်းက ကြိုးမဲ့အားသွင်းကိရိယာအဖြစ်ပြောင်းလဲသွားတာပါ

Galaxy S 10 ဖုန်းတွေရဲ့ အားခံမှုက အားအပြည့် 100% ကနေစသုံးမယ်ဆိုရင် မနက်မိုးလင်းကနေ ညအိပ်ရာဝင်ချိန်အထိ ဒေတာဖွင့် ဝိုင်ဖိုင်ဟော့စပေါ့ (wifi hostpot) လွှင့်ပြီးတော့ကို သုံးနိုင်ပါတယ်။ နောက်ထပ် အရမ်းမိုက်တဲ့လုပ်ဆောင်မှုတစ်ခုကတော့ ဖုန်းအချင်းချင်း အားမျှဝေအသုံးပြုလို့ရတာပါပဲ။ Wireless Power Share လုပ်ဆောင်မှုအသစ်တစ်ခုဖြစ်ပြီး S10 ဖုန်းက ကြိုးမဲ့အားသွင်းကိရိယာအဖြစ်ပြောင်းလဲသွားတာပါ။

အားသွင်းပေးတဲ့ဖုန်းက ဘက်ထရီ (၃၀) ရာခိုင်နှုန်းရောက်တဲ့အခါမှာ အလိုအလျောက် အားသွင်းမှုကိုဖြတ်ချပေး

ကြိုးမဲ့အားသွင်းစနစ်သုံးလို့ရတဲ့ ဖုန်းတွေကို အားမျှဝေပေးနိုင်ပြီး iPhone ကိုတောင် အားသွင်းပေးနိုင်ပါတယ်။ ဒီလိုမျိုး အားမျှဝေပေးတဲ့နေရာမှာ အားသွင်းပေးတဲ့ဖုန်းက ဘက်ထရီ (၃၀) ရာခိုင်နှုန်းရောက်တဲ့အခါမှာ အလိုအလျောက် အားသွင်းမှုကိုဖြတ်ချပေးမှာပါ။ ဒါကြောင့်မို့ ကိုယ်တိုင် လျှပ်စစ်မီးပလပ်ပေါက်နဲ့အားသွင်းလို့မရသေးတဲ့အချိန်မှာ ဖုန်းကို ဆက်ပြီးအသုံးပြုလို့ရနေဦးမှာဖြစ်ပါတယ်။

Ref: CNet “5 Galaxy S10 features you’re going to love most”
Lwin Phay Oo (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top