ကြိုတင်လက်မှတ်ရောင်းရမှုစံချိန်အသစ် တင်နိုင်ခဲ့တဲ့ “Avengers: End Game”

endgame-e1554347209864.jpg

ပစိဖိတ်စံတော်ချိန် အင်္ဂါနေ့ မနက် (၅) နာရီ မြန်မာစံတော်ချိန် ညနေ ( ၆:၃၀) အချိန်မှာ “Avengers: End Game”ရဲ့ကြိုတင်ရုပ်ရှင်လက်မှတ်များကို လက်မှတ်ရောင်းတဲ့website အသီးသီးမှာ စတင်ရောင်းချခဲ့ပြီးတော့ နောက်ထပ် (၆) နာရီအတွင်းမှာပဲ ယခင်က ကြိုတင်လက်မှတ်ရောင်းချမှု အမြင့်ဆုံးဖြစ်ခဲ့တဲ့ “Star Wars: The Force Awakens”ရုပ်ရှင်ဇာတ်ကားရဲ့ တစ်ရက်ရောင်းရငွေကို ကျော်တက်သွားနိုင်ခဲ့ပါတယ်။

“Avengers: End Game” လက်မှတ်ကို ဝယ်ယူသူ များပြားလွန်းခဲ့တာကြောင့် လက်မှတ်ရောင်းချသော ဝက်ဘ်ဆိုဒ်များ အလုပ်မလုပ်တော့တဲ့အထိ ဖြစ်ခဲ့တဲ့အပြင် လက်မှတ်ဝယ်ယူလို့ရသေးတဲ့ ဝက်ဘ်ဆိုဒ်တွေမှာလည်း တန်းစီစနစ်နဲ့စောင့်ဆိုင်းနေရတာကို တွေ့ရှိရမှာပါ။

“Avengers:End game ရုပ်ရှင်လက်မှတ် ကိုဝယ်ယူဖို့တန်းစီနေတဲ့ လိုင်းထဲ သင်ရောက်နေပါပြီ။ ခန့်မှန်းစောင့်ဆိုင်းချိန်- တစ်နာရီ။ သင့်အလှည့်ရောက်တဲ့အချိန်ကြရင် ဝက်ဘ်ဆိုဒ်ထဲဝင်လို့ရမှာဖြစ်ပါတယ်။ စောင့်ဆိုင်းနေတဲ့အချိန်အတွင်းမှာ ဒီစာမျက်နာကိုဖွင့်ထားပါ။ မဖွင့်ထားရင် အစကနေပြန်တန်းစီရမှာဖြစ်ပါတယ်။ သင့်အလှည့်ရောက်ပါက ရုပ်ရှင်လက်မှတ်ဝယ်ဖို့ မိနစ် (၂၀) အချိန်ရမှာဖြစ်ပါတယ်” ဆိုတဲ့ စာသားကို ကြိုတင်လက်မှတ်ရောင်းတဲ့ဝက်ဘ်ဆိုဒ် တစ်ခုဖြစ်တဲ့ ဖန်ဒါဂို (Fandago) မှာဖော်ပြထားခဲ့ပါတယ်။

နောက်ဆုံး ဝက်ဘ်ဆိုဒ်ကို ဝင်လို့ရခဲ့သော်လည်း ဝက်ဘ်ဆိုဒ်ကောင်းကောင်းအလုပ်မလုပ်တာကြောင့် ဝယ်ထားသောလက်မှတ်များအလိုအလျောက် ပျက်ပြယ်သွားခြင်း၊ လက်မှတ်ဝယ်ယူရာတွင်ကြန့်ကြာနေခြင်း၊ ဝက်ဘ်ဆိုဒ်ထဲရောက်ပြီးမှ အလိုအလျောက်ပြန်ထွက်သွား၍ ပြန်တန်းစီရခြင်း အစရှိသည့်အဆင်မပြေမှုများစွာကြုံ တွေ့ခဲ့ရကြောင်းလည်း ကြိုတင်လက်မှတ်ဝယ်ယူခဲ့တဲ့ ရုပ်ရှင်ပရိသတ်များက လူမှုကွန်ယက်များပေါ် တင်ထားခဲ့ပါတယ်။

“Avengers: End Game” ဟာ Marvel Cinematic Universe ရဲ့ (၂၂) ကားမြောက်ဖြစ်ပြီး မနှစ်က “Avengers: Infinity War” ရုပ်ရှင်က အဖြစ်အပျက်များနောက်ပိုင်း ဘာဆက်ဖြစ်ကြလဲဆိုတာကို ပြသသွားမှာဖြစ်တာကြောင့် တစ်ကမ္ဘာလုံးတင်မက မြန်မာပြည်က စူပါဟီးရိုးရုပ်ရှင်ပရိသတ်များကြားထဲမှာပါ ရေပန်းစားနေတာဖြစ်ပါတယ်။

ဒီဇာတ်ကားကို ဧပြီလ (၂၆) ရက်နေ့ကစပြီး ကမ္ဘာနှင့်တစ်ဝန်းမှာ ပြသသွားမှာ ဖြစ်ပြီးတော့ Marvel Cinematic Universe ရဲ့ ဝင်ငွေအကောင်းဆုံးဇာတ်ကားဖြစ်လာမယ်လို့ ရုပ်ရှင်ဝေဖန်ရေးသမားတွေက ခန့်မှန်းထားကြပါတယ်။

Ref: Variety “Avengers: Endgame’ Breaks Records (and Websites) With First-Day Sales”
Elsa(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top