ကမ္ဘောဒီးယားသားပြီးတော့ မလေးရှားသားကို အနိုင်ယူခဲ့တဲ့ ဗီယက်နမ်လက်ဝှေ့သမား ဒူးနတ်

ဩဂုတ်လ ၂ ရက်နေ့က မန္တလေးမြို့ရဲ့ မန္တလာသီရိ အားကစားရုံမှာ ယှဉ်ပြိုင်ထိုးသတ်ခဲ့တဲ့ WLC-9: King of Nine limbs လက်ဝှေ့ပြိုင်ပွဲရဲ့ ငုယင်ထရန်ဒူးနတ် (ဗီယက်နမ်)နဲ့ အီဇက်ဇာကီ (မလေးရှား)တွဲဆိုင်းမှာ ဒူးနတ်က အမှတ်နဲ့ အနိုင်ရခဲ့ပါတယ်။

အသွက်၊ အသွက်ချင်း တွေ့နေပြီး ကောင်တာ (ခံစစ်အသားပေး၊ တန်ပြန်တိုက်စစ်ချောင်း ကစားခြင်း) ပထမအချီမှာ ခြေကန်ချက်တွေနဲ့ အကဲစမ်းခဲ့ကြပြီး သတိကြီးကြီးနဲ့ ထိုးသတ်ခဲ့ကြပါတယ်။ ဒုတိယအချီမှာတော့ ဆိုင်ကန်၊ ပြိုင်ကန်ကြပြီး အီဇက်ဇာကီရဲ့ ညာလက်သီးက ဒူးနက်ကို ထိခဲ့သလို ဒူးနက်ရဲ့ ညာခြေကန်ချက်ကလည်း အီဇက်ဇာကီရဲ့ကျောကို ထိခဲ့ပါတယ်။

တတိယအချီမှာ ဒိုင်က ချိန်မနေဘဲ ထိုးကြဖို့ တိုက်တွန်းခဲ့ပြီးနောက် ပွဲရှိန်ပိုမြင့်လာပါတယ်။ ဒူးနတ်ရဲ့ အောက်ခြေပိုင်း ကန်ချက်ကြောင့် အီဇက်ဇာကီ လဲကျခဲ့ပါတယ်။ စတုတ္ထအချီမှာလည်း ဒူးနတ် အသာရခဲ့ပါတယ်။ အီဇက်ဇာကီ ခြေလှမ်းမှားသွားချိန်မှာ ပြေးလိုက်ပြီး အမြင့်ကန်ချက် ကန်ခဲ့ပေမဲ့ အီဇက်ဇာကီ guard (လက်အကာ) ကာနိုင်ခဲ့လို့ သက်သာရာရခဲ့ပါတယ်။ စက္ကန့်ပိုင်းအကြာမှာလည်း ဒူးနတ်ရဲ့ ဘက်ထောက်လက်သီးကြောင့် အီဇက်ဇာကီ လဲကျခဲ့ပါတယ်။

နောက်ဆုံးအချီမှာလည်း ဒူးနတ်က လက်ပြန်ရိုက်ချက်၊ ညာဖြောင့်လက်သီးနဲ့ အီဇက်ဇာကီကို အမှတ်စဉ် ရေခံရအောင် ထိုးသတ်နိုင်ခဲ့ပြီး ဘက်ဝိုက်လက်သီး၊ ညာခြေအမြင့်ကန်ချက်တး တွဲလုံးကလည်း ပြိုင်ဘက်ကို ထိမှန်ခဲ့ပါတယ်။

၅ ချီပြီးဆုံးလို့ အမှတ်နဲ့ ဆုံးဖြတ်ရာမှာ ဒူးနတ်က အနိုင်ရခဲ့ပါတယ်။ ဒူးနတ်ဟာ WLC-7မှာ မ္ဘောဒီးယားလက်ဝှေ့သမား ပစ်ခ်မထဲခမန်းကို ပထမအချီမှာပဲ အမြင့်ခြေကန်ချက်နဲ့ အလဲထိုး အနိုင်ရခဲ့သူပါ။

Photos – TH
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top