လီယိုနာဒို ဒီကာပရီယို နဲ့ ပတ်သက်ပြီး လူသိပ်မသိတဲ့ အချက် (၉) ချက်

1-8-2022-yyl12.jpg

နာမည်ကြီးမင်းသား လီယိုနာဒို ဒီကာပရီယိုကိုတော့ မသိတဲ့သူမရှိသလောက်ဖြစ်တဲ့အတွက် ထွေးထွေးထူးထူး ပြောစရာလိုမယ်မထင်ပါဘူး။ သူဟာ တိုက်တန်းနစ်ဇာတ်ကားမှာ ဂျက်ခ်အဖြစ် ပါဝင်ခဲ့ပြီးနောက် သူ့ရဲ့ရုပ်ရည်ချောမောမှုက ပရိသတ်တွေကို ဖမ်းစားနိုင်ခဲ့ပြီး ပရိသတ်တွေရဲ့အချစ်ခံရတဲ့ မင်းသားတွေထဲက တစ်လတ်ဖြစ်လာခဲ့တာပါ။

လီယိုနာဒိုက အနုပညာသက်တမ်း နှစ် ၃၀ အတွင်း ရုပ်ရှင်ကားပေါင်း ၂၉ ကားမှာပဲ ပါဝင်သရုပ်ဆောင်ခဲ့တာပါ။ အခြားသရုပ်ဆောင်မင်းသားတွေနဲ့ ယှဉ်ရင် ပါဝင်ခဲ့တဲ့ ရုပ်ရှင်ကားအရေအတွက်က နည်းတယ်လို့ ဆိုရမှာပါပဲ။ ပရိသတ်တွေက သူနဲ့ပတ်သက်ပြီး တော်တော်များများကို သိထားကြမှာပါ။ ဒါပေမဲ့ လူသိပ်မသိဖူးလို့ထင်ရတဲ့ သူ့ဘဝအကြောင်းအနည်းငယ်ကို မျှဝေပေးချင်ပါတယ်။

(၁) လီယိုနာဒိုကို သူ့အမေက ကမ္ဘာကျော်ပန်းချီဆရာကြီး လီယိုနာဒို ဒါ ဗင်ချီရဲ့နာမည်ကို ပေးခဲ့တယ်

လီယိုနာဒိုရဲ့အမေ ကိုယ်ဝန်လွယ်ထားရချိန် Uffizi ပြတိုက်မှာ လီယိုနာဒို ဒါဗင်ချီရဲ့ပန်းချီကားကို ကြည့်နေရင်း ဗိုက်ထဲမှာ လီယိုနာဒို ကန်နေတာကို ပထမဆုံး ခံစားမိခဲ့တာပါ။ ဒါက ကောင်းတဲ့လက္ခဏာလို့ ယူဆခဲ့တာကြောင့် သူ့ကို လီယိုနာဒိုလို့ အမည်ပေးဖို့ ဆုံးဖြတ်ခဲ့တာပါ။

(၂) သူ့နာမည်က အလုပ်တစ်ခုရဖို့ အတားအဆီးဖြစ်လိမ့်မယ်လို့ သူ့အေးဂျင့်က ယုံကြည်ခဲ့တယ်

သူ့ရဲ့အသက်မွေးဝမ်းကျောင်းအစမှာ အေးဂျင့်တစ်ဦးရှာဖွေဖို့ ခက်ခဲခဲ့ပါတယ်။ အေးဂျင့်ကို ရှာတွေ့တော့ အမေရိကန်ပရိသတ်တွေကို ပိုပြီးဆွဲဆောင်နိုင်ဖို့ သူ့ကို လန်နီ ဝီလျံလို့ နာမည်ပြောင်းလဲဖို့ အကြံပြုခဲ့ပါတယ်။ လီယိုနာဒိုက နာမည်ပြောင်းဖို့ ငြင်းဆန်ခဲ့ပါတယ်။ သရုပ်ဆောင်စစ်ဆေးမှု (၁၀၀) ကို တက်ရောက်ခဲ့ပြီးတဲ့နောက်မှာတောင် တစ်နှစ်ခွဲလောက် အလုပ်လက်မဲ့ဖြစ်ခဲ့ပါတယ်။ (၂) နှစ်အကြာမှာ သူ့ရဲ့လက်ရှိနာမည်ကို လက်ခံပေးတဲ့ အေးဂျင့်တစ်ဦးကို တွေ့ရှိသွားခဲ့ပါတယ်။

(၃) သူ့ဘဝတစ်လျှောက်မှာ အစွဲလမ်းလွန်စိတ်ရောဂါကို ခံစားနေခဲ့ရတယ်

Obsessive-compulsive disorder (OCD) (အစွဲလမ်းလွန်စိတ်ရောဂါ) ကို ခံစားနေရတဲ့သူက အတွေးတွေအမြဲပေါ်လာပြီး စွဲလမ်းစိတ်နဲ့ တူညီတဲ့လှုပ်ရှားမှုတွေကို ထပ်ခါထပ်ခါ ပြုလုပ်ပါတယ်။ လီယိုနာဒိုက အဲဒီစိတ်ရောဂါကို ခံစားခဲ့ရပြီး သူ့ဘဝမှာ ဒီအခြေအနေမျိုးကြီး မလိုချင်တာကြောင့် တွန်းလှန်ကျော်လွှားဖို့ ကြိုးစားနေခဲ့တာပါ။

(၄) ၂၀၀၉ ခုနှစ်မှာ သဘာဝပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်နိုင်တဲ့ အပန်းဖြေစခန်းတစ်ခု ဖန်တီးဖို့ ရည်ရွယ်ချက်နဲ့ ကျွန်းတစ်ကျွန်းကို ဝယ်ယူခဲ့တယ်

လီယိုနာဒိုက သဘာဝစွမ်းအင်ကိုသာ မှီခိုမယ့် အိမ် (၃၆) လုံး ပါဝင်တဲ့ အပန်းဖြေစခန်းတစ်ခု တည်ဆောက်မယ်ဆိုတဲ့ အစီအစဉ်နဲ့ ဒေါ်လာ ၁.၇၅ သန်း ကုန်ကျခံပြီး ကျွန်းတစ်ကျွန်းဝယ်ခဲ့ပါတယ်။ ဒါပေမဲ့ သူ့အစီအစဉ်က မချောမွေ့ခဲ့ဘဲ ဆောက်လုပ်ရေး ခဏခဏနှောင့်နှေးခဲ့ပြီးနောက် အဆောက်အဦးဆောက်လုပ်ခွင့်ပါမစ်ကျခဲ့တာပါ။

Blood Diamond ဇာတ်ကားရိုက်ကူးရင်း မွေးစားခဲ့တဲ့ တောင်အာဖရိကလေးမလေးနဲ့အတူ

(၅) Blood Diamond ဇာတ်ကားရိုက်ကူးရင်း တောင်အာဖရိကလေးမလေးတစ်ဦးကို မွေးစားခဲ့တယ်

လီယိုနာဒိုဟာ တောင်အာဖရိကနိုင်ငံက ကလေးမလေးတစ်ဦးကို မွေးစားခဲ့ပေမဲ့ လော့စ်အိန်ဂျလိစ့်မြို့နေအိမ်ကို ခေါ်မလာခဲ့ဘဲ အဝေးကနေ စောင့်ရှောက်ပေးခဲ့ပါတယ်။ အဲဒီကလေးမလေးဆီကို ပိုက်ဆံတွေပို့ပြီး ထောက်ပံ့ပေးခဲ့ပါတယ်။

(၆) “Worst Actor”ဆုကို တစ်ကြိမ် ရရှိခဲ့တယ်

သူ့အနုပညာသက်တမ်းတစ်လျှောက် ဆုများစွာ ရရှိခဲ့တာပါ။ ၁၉၉၉ ခုနှစ်က သူဟာ ဘုရင် လူးဝစ်ဇာတ်ရုပ်အဖြစ် ပါဝင်ခဲ့တဲ့ The Man in the Iron Mask ဇာတ်ကားနဲ့ “Worst Screen Couple” ဆုကို ရရှိခဲ့ဖူးပါတယ်။

(၇) သူ့ရဲ့ခွေးလေးတွေကို အေးခဲနေတဲ့ ကန်တစ်ခုကနေ ကယ်တင်ခဲ့တယ်

“Don’t Look Up” ဇာတ်ကားကို ရိုက်ကူးနေရင်း ဖြစ်ခဲ့တာပါ။ ကန်ထဲမှာ သူ့ရဲ့ခွေးတစ်ကောင် ရှိနေတာမြင်ပြီး လီယိုနာဒိုက ကယ်ဖို့ ကန်ထဲ ခုန်ချခဲ့ပါတယ်။ အဲဒီအချိန်မှာ သူ့ရဲ့နောက်ထပ်ခွေးတွေက သူ့နောက်ကလိုက်လာပြီး ခုန်ချခဲ့ပါတယ်။ ကံကောင်းစွာနဲ့ပဲ သူက သူ့ရဲ့ခွေးတွေအကုန်လုံးကို ကယ်တင်နိုင်ခဲ့ပါတယ်။

(၈) သူ့ရဲ့ချိန်းတွေ့ခဲ့တဲ့မှတ်တမ်းကို ကြည့်မယ်ဆိုရင် (၂၅) နှစ်ထက်ကြီးတဲ့ အမျိုးသမီးတွေနဲ့ မတွဲခဲ့ဖူးတာကို တွေ့ရတယ်

အခုနှစ်ထဲ (၄၈) နှစ် ပြည့်တော့မယ့် လီယိုနာဒိုက သူ့နဲ့ အသက်အရမ်းကွာတဲ့ မိန်းကလေးတွေနဲ့ တွဲဖြစ်တာများပါတယ်။ လက်ရှိမှာတော့ အသက် ၂၂ နှစ်အရွယ် ကာမီလာ မော်ရိုနီနဲ့ ချစ်သူတွေဖြစ်နေပါတယ်။ ၂၀၁၇ ခုနှစ်ကတည်းက တွဲခဲ့ကြတာပါ။

(၉) တိုက်တန်းနစ်သင်္ဘောနစ်မြုပ်စဉ်အတွင်း အသက်ရှင်ကျန်ရစ်ခဲ့သူရဲ့ ဘိုးဘွားရိပ်သာ စရိတ်စကတွေအတွက်ကူညီပေးခဲ့တယ်

မေးလ်ဗီနာ ဒိန်းဟာ တိုက်တန်းနစ်သင်္ဘောနစ်မြုပ်စဉ်အတွင်း နောက်ဆုံးအသက်ရှင်ကျန်ရစ်ခဲ့သူပါ။ ဘိုးဘွားရိပ်သာမှာနေထိုင်ဖို့အတွက် ငွေကြေးအလုံအလောက်မရှိခဲ့တာကြောင့် တိုက်တန်းနစ်အမှတ်တရပစ္စည်းတွေကို ရောင်းချဖို့ဖြစ်လာခဲ့ပါတယ်။ မရောင်းဖို့အတွက် လီယိုနာဒိုနဲ့ ကိတ်ဝင်းစလက်တို့က ဒေါ်လာ ၃၀၀၀၀ လှူဒါန်းခဲ့ပါတယ်။

Ref: Brightside “9 Facts About Leonardo DiCaprio We Didn’t Know About”

WL(ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top