အီလွန်မက်စ်ရဲ့အာကာသယာဉ်အကျိုးအပဲ့ လယ်သမားရဲ့မြေပေါ် ကျရောက်

1-8-2022-yyl14.jpg

အီလွန်မက်စ်ရဲ့ Space X Crew-1 အာကာသယာဉ်က အာကာသအကျိုးအပဲ့အပိုင်းအစတစ်ခုဟာ ဩစတြေးလျနိုင်ငံက လယ်သမားရဲ့မြေပေါ် ကျရောက်ခဲ့ပါတယ်။ အဲဒီအာကာသယာဉ်ကို ၂၀၂၀ ခုနှစ် နိုဝင်ဘာလက အာကာသထဲ လွှတ်တင်ခဲ့တာပါ။

လယ်သမား မစ်ခ် မိုင်နာစ်ဆိုသူက Snowy Mountains မှာရှိတဲ့ သူ့မြေကွက်ပေါ်က သိုးခြံထဲကနေ ကျယ်လောင်တဲ့ ပေါက်ကွဲသံထွက်ပေါ်လာခဲ့ပြီးနောက် အဲဒီအကျိုးအပဲ့ကို တွေ့ခဲ့ရတာပါ။ အဲဒီအကျိုးအပဲ့က အရှည် ၃ မီတာရှိပြီး အဝေးကနေဆိုရင် သစ်ပင်တစ်ပင်နဲ့တူတယ်လို့ မစ်ခ်က ပြောပါတယ်။ အာဏာပိုင်တွေက ဒီအကျိုးအပဲ့ကို စစ်ဆေးဖို့အတွက် Australian National University ရဲ့ အာကာသပညာရှင် ဘရက်တ် တက်ကာကို ခေါ်ခဲ့ပါတယ်။

ဩဂုတ်လ ၁ ရက်နေ့၊ ဒီနေ့မှာ ဘရက်တ်က ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ရေဒီယိုလိုင်းကနေတဆင့် ပြောပြသွားခဲ့ပါတယ်။ “Space X မှာ လူသားတွေကို အာကာသထဲ ခေါ်ဆောင်သွားဖို့ ဒီလို အာကာသယာဉ်အခန်းရှိတယ်။ ဒါပေမဲ့ အောက်ခြေအပိုင်းတစ်ခု ရှိတယ်။ ဒါကြောင့် အာကာသယာဉ်မှူးတွေ ပြန်လာတဲ့အခါ အာကာသယာဉ်အခန်း မဆင်းသက်ခင် အာကာထဲမှာ အောက်ခြေအပိုင်းကို ထားခဲ့ရတယ်”လို့ သူက ပြောပါတယ်။

အလယ်က အာကာသပညာရှင် ဘရက်တ် တက်ကာ

နယူး ဆောက်သ် ဝေးလ်ပြည်နယ်တောင်ပိုင်းက နေထိုင်သူတွေကလည်း ကမ္ဘာမြေပေါ် အဲဒီအစိတ်အပိုင်းကျရောက်တဲ့အချိန် ပေါက်ကွဲသံကြီး ကြားခဲ့ရတယ်လို့ ဆိုပါတယ်။ တချို့ကတော့ ပေါက်ကွဲတာကိုတောင် မြင်တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။တစ်နေ့တည်းမှာပဲ မစ်ခ်ရဲ့အိမ်နီးနားချင်း လယ်သမား ဂျော့ခ် ဝေါလစ်ကလည်း အလားတူအကျိုးအပဲ့တစ်ခုကို သူ့လယ်ကွင်းထဲ ကျရောက်ခဲ့တာ တွေ့ခဲ့ပါတယ်။ ကံကောင်းစွာနဲ့ပဲ ဂျော့ခ်ရဲ့အိမ်ရော၊ မစ်ခ်ရဲ့အိမ်ပါ ထိခိုက်ပျက်စီးမှု မရှိခဲ့ပါဘူး။

အာကာသအကျိုးအပဲ့အများစုက ကွဲထွက်သွားတာ (ဒါမှမဟုတ်) သမုဒ္ဒရာထဲ ကျရောက်ကြတာများပါတယ်။ မြေပြင်ပေါ်ကျတာ ရှားပါတယ်။ အာကာသပညာရှင် ဘရက်တ်က အာကာသအကျိုးအပဲ့အများစု သမုဒ္ဒရာထဲ ကျရောက်တာ မြင်တွေ့ခဲ့ပေမဲ့ ဒီ ၃ မီတာအပိုင်းအစက အာကာသထဲကနေ မြေပြင်ပေါ် ကျရောက်သွားခဲ့တာကြောင့် တချို့ကို ထင်ထင်ရှားရှားမမြင်တွေ့ခဲ့ရဘူးလို့ ပြောပါတယ်။

အာကာသပညာရှင် ဘရက်တ်နဲ့ မြင်တွေ့ရတဲ့ အာကာသအကျိုးအပဲ့

ဒီအပိုင်းအစကို Space X က ပိုင်ဆိုင်နေဆဲဖြစ်လို့ တရားဝင်လုပ်ထုံးလုပ်နည်းတွေအရ ဒီကိစ္စကို ဩစတြေးလျအာကာသအေဂျင်စီက လွှဲပြောင်းကိုင်တွယ်နေပါတယ်။ တကယ်လို့ SpaceX က ဒီအပိုင်းအစတွေကို ပြန်လိုချင်တယ်ဆိုရင်တော့ လယ်သမား ၂ ယောက်ကို ငွေကြေးပေးရပါလိမ့်မယ်။

ဒီအကျိုးအပဲ့အပိုင်းအစကို လယ်သမား (၂) ဦးကိုသာ သိမ်းထားခွင့်ပေးလိုက်ရင် သူတို့က ပြတိုက်ပို့တာဖြစ်ဖြစ် (ဒါမှမဟုတ်) eBay မှတောင် တင်ပြီးရောင်းချတာဖြစ်ဖြစ် လုပ်ကြလိမ့်မယ်လို့ ဘရက်တ်က ဆိုပါတယ်။

Ref: Ladbible “Huge Piece Of Elon Musk’s Space Junk Smashes Onto Farmer’s Property”

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top