သူ့ချစ်သူနဲ့အတူ နေဖို့ ၉ နှစ်အရွယ် သားဖြစ်သူကို ၂ နှစ်ကြာ တစ်ဦးတည်း ပစ်ထားခဲ့တဲ့မိခင်

25.1.24-yyl-2.jpg

ပြင်သစ်သတင်းစာမှာ ရေးသားဖော်ပြခဲ့တဲ့ သတင်းတစ်ပုဒ်ကတော့ စာဖတ်ပရိသတ်တွေကို အံ့အားသင့် တုန်လှုပ်စေခဲ့ပါတယ်။ မိခင်အရင်းက ၉ နှစ်အရွယ် သားဖြစ်သူကို တိုက်ခန်းထဲမှာ ၂ နှစ်ကြာ တစ်ဦးတည်း ပစ်ထားခဲ့ပြီး သူကတော့ သူ့ချစ်သူနဲ့အတူ နေထိုင်ခဲ့တဲ့အကြောင်းအရာပါ။

အမည်မဖော်တဲ့ ကလေးငယ်ဟာ ၂၀၂၀ ပြည့်နှစ်ကနေ ၂၀၂၂ ကြားကာလအတွင်း နာဆက်မြို့မှ တန်ဖိုးနည်းတိုက်ခန်းမှာ တစ်ဦးတည်း နေခဲ့ရတာပါ။ သူဟာ မုန့်၊ စည်သွပ်ဘူးနဲ့ အိမ်နီးချင်းတွေရဲ့ ပေးစာကမ်းစာကို စားသောက်ပြီး ရှင်သန်ခဲ့ရပါတယ်။ အဲဒီကာလမှာ သူ့မိခင်အရင်းကတော့ ဒီတိုက်ခန်းနဲ့ ၃ မိုင်ပဲ ဝေးတဲ့နေရာမှာ သူ့ချစ်သူနဲ့အတူ နေထိုင်ခဲ့တာပါ။ မေ့လောက်မှ တစ်ခါလာကြည့်ပြီး သူ လာတဲ့အခါမှာတော့ စားစရာတချို့တလေ ယူလာတတ်ပါတယ်။ ဒါပေမဲ့ သားဖြစ်သူနဲ့ ကြာကြာနေလေ့ မရှိသလို သူ့အိမ်ကိုလည်း ဘယ်တုန်းကမှ မခေါ်ခဲ့ဖူးပါဘူး။

တိုက်ခန်းထဲမှာ ကလေးငယ်တစ်ယောက်တည်း နေရတဲ့အကြောင်းကို အချိန်တော်တော်ကြာမှ ပတ်ဝန်းကျင်က သိသွားခဲ့ပြီး ရဲတပ်ဖွဲ့ထံ အကြောင်းကြားခဲ့တာပါ။ ရဲတပ်ဖွဲ့က သူ့မိခင်အရင်းကို ရှာတွေ့ချိန်မှာတော့ သားဖြစ်သူကို စွန့်ပစ်ခဲ့ခြင်းမရှိဘူးလို့ ငြင်းဆန်ခဲ့ပြီး ပတ်ဝန်းကျင်က သားပုပ်လေလွင့် ပြောတာလို့ မိခင်ဖြစ်သူ အလက်ဇန္ဒြားက တုံ့ပြန်ခဲ့ပါတယ်။

သားဖြစ်သူနဲ့အတူ နေထိုင်ပြီး မနက်တိုင်း ကျောင်းလိုက်ပို့လေ့ ရှိတယ်လို့ အလက်ဇန္ဒြားက ထွက်ဆိုခဲ့ပေမဲ့ သူ့ရဲ့ဖုန်းထဲက လမ်းကြောင်းခြေရာခံမှတ်တမ်းတွေနဲ့ ကွဲလွဲနေပါတယ်။ ဒါပေမဲ့ အလက်ဇန္ဒြားကတော့ သူ့ဖုန်းကို အိမ်မှာ ထားခဲ့တာများတယ်လို့ ဆိုပါတယ်။

ဝမ်းနည်းစရာ အဖြစ်ဆိုး ကြုံခဲ့ပေမဲ့ ကလေးငယ်ဟာ နေ့တိုင်း ကျောင်းသွားလေ့ရှိပြီး အတန်းထဲမှာလည်း စာတော်တဲ့ ကျောင်းသားတစ်ယောက် ဖြစ်ပါတယ်။ ဒါကြောင့်လည်း ကျောင်းမှ ဆရာ၊ ဆရာမတွေက ကလေးငယ်ရဲ့ ဖြစ်ရပ်ကို ရိပ်မိခဲ့ခြင်း မရှိပါဘူး။

ပြီးခဲ့တဲ့နှစ်မှာ ကလေးငယ်ကို မွေးစားခံရမယ့်သူအဖြစ် စာရင်းသွင်းခဲ့ပြီးနောက်မှာ အလက်ဇန္ဒြားက ၂ ကြိမ်ပဲ လာတွေ့ခဲ့တာပါ။ အခုအခါမှာတော့ သားဖြစ်သူက မိခင်ကို စိတ်နာနေဖွယ်ရှိပြီး မိခင်နဲ့ အဆက်အသွယ် လုံးဝဖြတ်တောက်မယ်လို့ ဆိုပါတယ်။

ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး တရားရုံးက အလက်ဇန္ဒြားကို ဆိုင်းငံ့ထောင်ဒဏ် ၁၈ လ ချမှတ်ခဲ့သလို ခြေရာခံ စောင့်ကြည့်နိုင်တဲ့ ခြေကျင်းဝတ်တပ်ကိရိယာ ၆ လကြာ ဝတ်ဆင်ထားဖို့လည်း ဆုံးဖြတ်ခဲ့ပါတယ်။

Ref: 9-Year-Old Boy Lives Alone in Apartment for Two Years After Mother Moves with Boyfriend

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top