ထိုင်းနိုင်ငံမှာ ခြင်္သေ့ပေါက်ကို ကားနောက်ခန်းထဲ ထည့်ပြီး ကားပတ်မောင်းခဲ့သူ

25.1.24-yyl-1.jpg

ထိုင်းနိုင်ငံက အမျိုးသားတစ်ယောက်ဟာ ခြင်္သေ့ပေါက်ကို ကားနောက်ခန်းထဲ ထည့်ပြီး ကားပတ်မောင်းခဲ့တာကြောင့် ထောင်ဒဏ်ချမှတ်ခံရဖွယ် ရှိနေပါတယ်။ ဇန်နဝါရီလ ၂၁ ရက်မှာ Ann Isaan Russia ဆိုတဲ့ ဖေ့ဘွတ်ခ်အသုံးပြုသူက ပတ္တရားမြို့မှာ ခြင်္သေ့ပေါက်တစ်ကောင်ကို Bentley ကား နောက်ခန်းထဲ ထည့်ပြီး ကားမောင်းနေတဲ့ ဗီဒီယိုကို တင်ခဲ့တာပါ။

ခြင်္သေ့ကို အစိမ်းရောင်လည်ပတ် ဝတ်ဆင်ပေးထားပြီး ကြိုးချည်ထားတာပါ။ ခြင်္သေ့က ငြိမ်သက်စွာ ထိုင်နေပြီး ပတ်ဝန်းကျင်ကို ငေးကြည့်နေပေမဲ့ လမ်းသွားလမ်းလာတွေကတော့ ခြင်္သေ့ ခုန်ဆင်းလာမလားဆိုပြီး စိုးရိမ်မကင်း ဖြစ်ခဲ့ကြပါတယ်။ ” ပတ္တရားဆိုတာ ဒါပဲ”လို့ ရေးထားတဲ့ ဗီဒီယိုကို ထိုင်းနိုင်ငံ အမျိုးသားဥယျာဉ်များ၊ သားရဲတိရစ္ဆာန်နဲ့ အပင်များထိန်းသိမ်းရေးဌာနက သတိထားမိသွားပြီး ဒီကိစ္စကို စုံစမ်းစစ်ဆေးမှု လုပ်ခဲ့ပါတယ်။

ခြင်္သေ့ပိုင်ရှင်ဟာ ဆာဝမ်ဂျစ်လို့ အမည်ရပြီး ရက်ချာဘူရီပြည်နယ်မှာ တရားဝင်မွေးမြူခွင့်လိုင်စင် ယူထားသူပါ။ ခြင်္သေ့ပိုင်ရှင်က သူ့ရဲ့လိုင်စင်ကို ချုံဘူရီပြည်နယ်၊ ပတ္တရားမြို့ထံ ရွှေ့ပြောင်းဖို့ လျှောက်ထားပေမဲ့ အခုချိန်မှာ တရားဝင်ခွင့်ပြုချက် မရသေးပါဘူး။

သူ့အနေနဲ့ ခြင်္သေ့ကို အများပြည်သူဆိုင်ရာနေရာ ခေါ်ထုတ်ခဲ့မှုနဲ့ပတ်သက်ပြီး ထောင်ဒဏ် ၆ လ၊ ငွေဒဏ် ဘတ် ၅ သိန်းအထိ ချမှတ်ခံရနိုင်ဖွယ် ရှိတယ်လို့ ထိုင်းနိုင်ငံ အမျိုးသားဥယျာဉ်များ၊ သားရဲတိရစ္ဆာန်နဲ့ အပင်များထိန်းသိမ်းရေးဌာန အထွေထွေညွှန်ကြားရေးမှူး အက်သာဖွန်က ဆိုပါတယ်။

Ref: Twisting the lion’s tail: Man takes lion cub out for joyride in Pattaya

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top