အိမ်ရှေ့ဖြတ်သွားတဲ့ ယာဉ်မောင်းသမားတွေ အရှိန်လျော့မောင်းနှင်စေဖို့ အမြန်နှုန်းကင်မရာနဲ့တူတဲ့ ငှက်အိမ်ကို ဖန်တီးပြုလုပ်ထားသူ

15-11-2021yyl7.jpg

Billingham မြို့လေးက မိုက်ခ် ဝရက်သ်မောလ် (Mike Wrathmall) ဆိုသူက သူ့အိမ်ရှေ့ကနေ ဖြတ်သွားတဲ့ ယာဉ်မောင်းသမားတွေ အရှိန်လျော့မောင်းနှင်စေဖို့ ရည်ရွယ်ပြီး အမြန်နှုန်းကင်မရာနဲ့တူတဲ့ ငှက်အိမ် (၁) လုံးကို ဖန်တီးဆောက်လုပ်ထားပါတယ်။ ယဉ်မောင်းသမားတွေက သူ့အိမ်ရှေ့ဖြတ်ရင် အရှိန်ပြင်းပြင်းနဲ့ မောင်းနှင်ကြတဲ့အတွက် အခုလိုမျိုး လုပ်ရတာဖြစ်ပါတယ်။

မိုက်ခ်က ငှက်အိမ်ကို သစ်သားနဲ့ ဖန်တီးထားပြီး အရှိန်လျော့မောင်းနှင်စေတဲ့ ကင်မရာနဲ့ တူသွားအောင် မီးခိုရောင်၊ အဝါရောင်တို့နဲ့ ဆေးသုတ်ခဲ့ပါတယ်။ “သတ်မှတ်ထားတဲ့ အမြန်နှုန်းထက်ကျော်ပြီး မောင်းတဲ့ လူတွေရှိနေပါတယ်။ နေထိုင်သူတွေက အဲဒါနဲ့ပတ်သက်ပြီး တစ်ခုခုလုပ်ဖို့ နှစ်တော်တော်ကြာ ကြိုးစားနေခဲ့တာပါ။ ဒါပေမဲ့ ဘယ်သူမှ မလုပ်ဖြစ်ခဲ့ကြပါဘူး။ ဒီရက်တွေမှာ ယာဉ်တိုက်မှုတွေဖြစ်လာမှာကို ကျွန်တော် စိတ်မအေးနိုင်ဖြစ်နေရပါတယ်။ ဒီအမြန်နှုန်းအတိုင်း မောင်းနေရင် တစ်နေ့တော့ တစ်စုံတစ်ယောက် မတော်တဆဖြစ်တော့မှာပဲ။ ယာဉ်တိုက်မှုဖြစ်တော့မှာပဲ”လို့ မိုက်ခ်က ပြောပါတယ်။

အမြန်နှုန်းကင်မရာဆိုင်းဘုတ်တပ်တာမျိုးကိုတော့ ရဲတွေက ခွင့်ပြုမထားပါဘူး။ အရင်က တချို့အိမ်ပိုင်ရှင်တွေက အမြန်နှုန်းကင်မရာသင်္ကေတလုပ်ထားတဲ့အတွက် ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။ အမြန်နှုန်းကင်မရာသင်္ကေတကို ဒေသဆိုင်ရာကောင်စီကတော့ လုပ်ဆောင်လို့ရပါတယ်။ အခြားသူတွေက အမြန်နှုန်းကင်မရာသင်္ကေတအတုကို ဖန်တီးရင် ဉပေဒနဲ့ ရင်ဆိုင်နေရတဲ့အတွက် ဒုက္ခရောက်နေရပါတယ်။

ဒါကြောင့် မိုက်ခ်က အမြန်နှုန်းကင်မရာသင်္ကေတချည်းတပ်ထားလို့မရတဲ့အတွက် အမြန်နှုန်းကင်မရာနဲ့တူတဲ့ ငှက်အိမ်ကို သူ့ခြံဝင်းထဲမှာ ဖန်တီးဆောက်လုပ်ခဲ့တာပါ။ အမြန်နှုန်းကင်မရာနဲ့တူတဲ့ငှက်အိမ်မှာ ငှက်လေးတွေနဲ့ ပြည့်နေတယ်။ နှုတ်သီးအပြာအသီးစားငှက်လေးတွေလည်း ငှက်အိမ်မှာ အစားလာစားကြတာ၊ နားခိုရာအိမ်အဖြစ်အသုံးပြုတာကို မြင်တွေ့ခဲ့ရတယ်လို့ မိုက်ခ်က ဆိုပါတယ်။

Cleveland ရဲတပ်ဖွဲ့က ပြောရေးဆိုခွင့်ရှိသူတစ်ဉီးကတော့ “ဒီနေရာမှာ အမြန်နှုန်းထိန်းတဲ့လုပ်ငန်းကို ဆက်လက်လုပ်ဆောင်နေပြီး မိုဘိုင်းအမြန်နှုန်းကင်မရာတွေကို ဖြန့်ကျက်ထားပါတယ်။ ကျွန်တော်တို့ ဒီကိစ္စကို ပြစ်မှုတစ်ခုအနေနဲ့ စုံစမ်းတာမျိုးမဟုတ်ပါဘူး။ ဒါပေမဲ့ အမြန်နှုန်းပြဿနာတွေကို ရဲဌာနကို တင်ပြဖို့ ဒီနေရာကလူတွေကို တိုက်တွန်းထားပါတယ်။ ဒါမှ ကျွန်တော်တို့ အရှိန်ဟုန်မြှင့်လုပ်ဆောင်နိုင်မှာဖြစ်တယ်”လို့ ဆိုပါတယ်။

Ref: Dailymail “Homeowner builds bird box that looks just like a SPEED CAMERA in bid to slow down passing drivers”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top