မြန်မာနိုင်ငံတွင် တရားဝင်ဝန်ဆောင်မှုပေးသွားတော့မည့် ဂျာမနီလက်ကားရောင်းဝယ်ရေးလုပ်ငန်းစု METRO

Image-6B_Credit-to-METRO-Wholesale-Myanmar.jpg

ဂျာမနီလက်ကားရောင်းဝယ်ရေးလုပ်ငန်းစုကြီးဖြစ်သော METRO (မက်ထရို) က နိုင်ငံတကာလုပ်ငန်းခွဲစာရင်းတွင် (၃၆) နိုင်ငံမြောက်အဖြစ် မြန်မာနိုင်ငံဈေးကွက်သို့ စတင် ဝင်ရောက်လာပြီဖြစ်ကြောင်း တရားဝင် ထုတ်ပြန်ကြေညာလိုက်ပါသည်။ ရန်ကုန်မြို့တွင်ရှိသော METRO ၏ ခေတ်မီသိုလှောင်ရုံနှင့်အတူ ဒစ်ဂျစ်တယ်နည်းပညာဖြင့် ထိရောက်စွာ ကုန်ပစ္စည်းမှာယူ၊ ပို့ဆောင်ပေးနိုင်သော ဝန်ဆောင်မှုစနစ်များကိုအသုံးပြု၍ METRO Wholesale Myanmar သည် လျင်မြန်စွာတိုးတက်ပြောင်းလဲလျက်ရှိသော ဟိုတယ်နှင့် ခရီးသွားလာရေးကဏ္ဍများမှ ဒေသခံဝယ်ယူစားသုံးသူများကို ဝန်ဆောင်မှုများ ပေးအပ်လျက်ရှိပါသည်။

အခြားနိုင်ငံများရှိ လုပ်ငန်းလည်ပတ်ပုံနှင့်မတူသော သာလွန်ထူးခြားသည့်အချက်မှာ METRO သည် မြန်မာနိုင်ငံတွင် လက်ကားရောင်းဝယ်ရေးစတိုးဆိုင်များစွာတည်ဆောက်၍ ဖြန့်ဖြူးရောင်းချသွားမည်မဟုတ်ဘဲ e-commerce နှင့် သယ်ယူပို့ဆောင်ရေးစနစ်များကို အသုံးပြုထားပြီး စားသုံးသူများ လွယ်ကူအဆင်ပြေချောမွေ့စွာဖြင့် တစ်နေရာတည်းတွင် လိုအပ်သည်များအားလုံး ဝယ်ယူရရှိနိုင်သော ဒစ်ဂျစ်တယ်နည်းပညာသုံးအရောင်းစနစ် ထားရှိလျက်ရှိသည်။

ရန်ကုန်မြို့ပြင်ရှိ သီလဝါအထူးစီးပွားရေးဇုန်တွင် တည်ဆောက်ထားသော (၅,၈၀၀) စတုရန်းမီတာ အကျယ်အဝန်းရှိ ခေတ်မီ ပင်မသိုလှောင်ရုံကြီးမှတစ်ဆင့် မြန်မာနိုင်ငံတွင် ဝန်ဆောင်မှုပေးသွားမည့် အဓိကလက်ကားရောင်းဝယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။ ပင်မသိုလှောင်ရုံတွင် တင်သွင်းလာသောကုန်ပစ္စည်းများကို ခေတ်မီစက်ကိရိယာများဖြင့် အရည်အသွေးကြပ်မတ်စစ်ဆေးပြီး သတ်မှတ်ထားသော စားသောက်ကုန်ဘေးအန္တရာယ်ကင်းရှင်းရေး စံချိန်စံညွှန်းများနှင့်အညီ လက်ခံ၊ သိုလှောင်၊ ပြုပြင်၊ ထုတ်ပိုးပြီး B2B စားသုံးသူများထံ ပို့ဆောင်ပေးလျက် ရှိပါသည်။

လက်ရှိ မြန်မာနိုင်ငံတစ်ဝန်းတွင် အရည်အသွေးမြင့် စားသောက်ကုန်နှင့် အခြားကုန်ပစ္စည်း အမျိုးအစားပေါင်း (၂,၀၀၀) ကျော်ကို METRO ၏ ဝက်ဘ်ဆိုက်နှင့် မိုဘိုင်း အက်ပလီကေးရှင်း စသည့် ဒစ်ဂျစ်တယ်ပလက်ဖောင်းများမှတစ်ဆင့် ရွေးချယ်မှာယူနိုင်ပြီ ဖြစ်ပါသည်။ သယ်ယူပို့ဆောင်ရေးလုပ်ငန်းစဉ်များကို ခေတ်မီအပူချိန်ထိန်းကုန်တင်ကားများဖြင့် ထောက်ပို့ဝန်ဆောင်မှုပေးနိုင်သော ပြင်ပကုမ္ပဏီတစ်ခုမှတစ်ဆင့် ဆောင်ရွက်ပေးလျက်ရှိပါသည်။

METRO သည် မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ ဒေသခံစားသောက်ကုန် ထုတ်လုပ်သူများ၊ ဖြန့်ဖြူးရောင်းချသူများနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ခဲ့ပါသည်။ METRO သည် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူများထံမှ စားသောက်ကုန်များ တိုက်ရိုက်ဝယ်ယူသောကြောင့် ၎င်းတို့အနေဖြင့် ကုမ္ပဏီ၏ကုန်စည်စီးဆင်းမှုစနစ်ထံမှ အကျိုးအမြတ်များရရှိခံစားနိုင်ကြမည် ဖြစ်ပါသည်။ တစ်ချိန်တည်းမှာပင် METRO ၏ B2B ဝယ်ယူစားသုံးသူများမှာ လတ်ဆတ်သန့်ရှင်းသည့် အရည်အသွေးမြင့်ကုန်ပစ္စည်းများကို ဝယ်ယူနိုင် ကြမည်ဖြစ်သည်။

METRO Myanmar ၏ လက်ရှိ ဝန်ထမ်းအင်အား (၉၀) ရာခိုင်နှုန်းကျော်၊ ဝန်ထမ်းဦးရေ (၁၅၀) နီးပါးမှာ ဒေသခံကျွမ်းကျင်သူများကို ခန့်အပ်ထားခြင်းဖြစ်ပါသည်။ ၎င်းတို့အတွင်း B2B ဝယ်ယူစားသုံးသူများနှင့် ဆက်ဆံရေးပိုမိုကောင်းမွန်အောင် လုပ်ကိုင်သွားရန် တာဝန်ပေးထားသည့် ကျွမ်းကျင်မှုရှိပြီးသေချာစွာ လေ့ကျင့်သင်ကြားပေးထားသော အရောင်းမြှင့်တင်ရေးအဖွဲ့တစ်ဖွဲ့ရှိပါသည်။ အဆိုပါအဖွဲ့သည် ဒစ်ဂျစ်တယ်နည်းပညာဖြင့် ကုန်ပစ္စည်းမှာယူခြင်း၊ သယ်ယူပို့ဆောင်ခြင်း လုပ်ငန်းစဉ်များ ပြုလုပ်နိုင်ရန်နှင့်စားသောက်ကုန်ဘေးအန္တရာယ် ကင်းရှင်းရေး၊ အရည်အသွေးစောင့်ကြည့်စစ်ဆေးရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးတို့ကို လမ်းညွှန်ပေးလျက် ရှိပါသည်။

ကုမ္ပဏီသည် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလတွင် METRO ပလတ်စတစ်လျှော့ချရေးလှုပ်ရှားမှုကို စတင်ခဲ့ပြီး သမားရိုးကျ တစ်ခါသုံးပလတ်စတစ်အိတ်များအစား ပြန်လည်အသုံးပြုနိုင်သောပစ္စည်းများ အစားထိုးသွားရန်နှင့် လာမည့်နှစ်များတွင် ပြန်လည်သန့်စင်ခြင်း သို့မဟုတ် အခြားပစ္စည်းများထုတ်လုပ်ရာတွင် ပြန်လည်အသုံးပြုနိုင်ခြင်းတို့ကို ပြုလုပ်သွားရန် လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်လျက်ရှိပါသည်။

METRO Wholesale Myanmar ကို ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စတင်တည်ထောင်ခဲ့ပြီး METRO နှင့် စင်ကာပူ စတော့အိတ်ချိန်းတွင် စာရင်းသွင်းမှတ်ပုံတင်ထားသည့် Yoma Strategic Holdings တို့ အကျိုးတူ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။ METRO အကြောင်း အသေးစိတ်သိရှိလိုပါက https://metro-wholesale.com တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top