အိမ်စာလုပ်ရတဲ့စိတ်ဖိစီးမှုဒဏ်ကြောင့် ဘဝကို အဆုံးသတ်သွားခဲ့တဲ့ ဆယ်ကျော်သက်ကောင်လေး

hw_01.jpg

အိမ်စာမလုပ်လို့၊ ကျောင်းစာမလုပ်လို့ဆိုပြီး ဆရာမဆူငေါက်တာ၊ မိဘတွေ ဆိုဆုံးမတာကို ခံရဖူးတယ်မလား။ မလေးရှားနိုင်ငံက ကလေးလေးကတော့ အိမ်စာလုပ်ရတဲ့စိတ်ဖိစီးမှုဒဏ်တွေကို တော်တော်လေးခံနေတဲ့ပုံပါပဲ။ Jalan Paya Terubong မြို့လေးက (၁၃) နှစ်အရွယ်သာရှိသေးတဲ့ အဲဒီဆယ်ကျော်သက်ကောင်လေးဟာ ကျောင်းကပေးလိုက်တဲ့ အိမ်စာတွေပြီးအောင် ကြိုးစားနေရတာဖြစ်ပြီး အဲဒါကြောင့်ပဲ သူ့ရဲ့နေအိမ်မှာ သူ့ရဲ့ဘဝကို အဆုံးသတ်သွားခဲ့တယ်လို့ သတင်းတွေအရ သိရပါတယ်။

အခင်းမဖြစ်ပွားခင်ညက အဲဒီကလေးရဲ့မိခင်က သူ့သားဟာ အိမ်စာတွေမပြီးတာခဏခဏရှိပြီလို့ သူ့ရဲ့ဆရာမကတိုင်ကြားခဲ့တာကြောင့် သူ့သားကို ရိုက်နှက်ဆုံးမခဲ့ပါတယ်။ ကလေးကို ဆိုဆုံးမပြီးတဲ့နောက်မှာ ကလေးရဲ့အခြေအနေကို သူ့မိခင်က လာစစ်ဆေးခဲ့ပါတယ်။ ကလေးက သူ့ရဲ့အိမ်စာတွေ မပြီးနိုင်ဘူးလို့ယူဆပြီး ရေသွားချိုးလိုက်ဦးမယ်လို့ သူ့မိခင်ကို ပြောခဲ့ပါတယ်။

ကလေးက နာရီဝက်ကြာတဲ့အထိ ရေချိုးခန်းထဲက ထွက်မလာတာကြောင့် သူ့အဖေက သွားကြည့်ခဲ့ပါတယ်။ ရေချိုးခန်းက ရေသံတွေကြားနေရပြီး ရေချိုးခန်းတံခါးကို ခေါက်ကြည့်တဲ့အခါမှာ အထဲကဘာသံမှမတုံ့ပြန်တဲ့အတွက် ရေချိုးခန်းတံခါးကို ဖျက်ခဲ့ပါတယ်။ တံခါးကို ဖျက်ပြီးဝင်သွားတဲ့အခါမှာ သူ့သားဟာ တဘတ်စောင်နဲ့ ကိုယ့်ကိုယ်ကိုသတ်သေနေတာကို တွေ့ခဲ့ရပါတယ်။

ဆေးရုံကို ပို့ဆောင်ပြီး ကလေးကို CPRနဲ့ အသက်ကယ်တင်ဖို့ ကြိုးစားခဲ့ပေမယ့် ကလေးဟာ တုံ့ပြန်မှုမရှိခဲ့ပါဘူး။ ကလေးဟာ ဆေးရုံပို့တဲ့လမ်းမှာပဲ အသက်မရှိတော့တာပါ။ ဒီဖြစ်ရပ်ကို အနောက်မြောက်ပိုင်းခရိုင်ရဲမှူးချုပ်က အတည်ပြုခဲ့ပါတယ်။

ဒီဆောင်းပါးလေးကနေတဆင့် စာဖတ်ပရိသတ်တွေကို ပြောချင်တာကတော့ မိမိတို့ရဲ့ဆယ်ကျော်သက်ကလေးတွေကို အိမ်စာချည်းပဲ၊ စာချည်းပဲလုပ်ဖို့ အရမ်းဖိအားမပေးဖို့ လိုပါတယ်။ ကလေးကို ကစားချိန်ကစားခိုင်းပါ၊ စာလုပ်ချိန်စာလုပ်ခိုင်းပါ။ အခုလိုငယ်ရွယ်တဲ့ကလေးတွေကို ရိုက်နှက်ဆုံးမမယ့်အစား ကလေးနားဝင်အောင် ချော့မော့ပြောဆိုတာက ကလေးတွေကို ဆုံးမတဲ့နေရာမှာ မှန်ကန်တဲ့နည်းလမ်းလို့ ထင်မြင်ယူဆမိပါကြောင်း..။

Ref: MSN News “Homework pressure drives teen to hang himself”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top