နဖူးစာရွာလည်လို့ အသက် (၉၀) ကျော်မှ ပြန်လည်ဆုံဆည်းခွင့်ရခဲ့တဲ့ ဒုတိယကမ္ဘာစစ်က စုံတွဲ

64586122_424256848424844_6684490338452635648_n.jpg

ကမ္ဘာပေါ်မှာ အကြောင်းအမျိုးမျိုးကြောင့် ဝေးကွာနေရတဲ့ချစ်သူနှစ်ဦး ပြန်လည်ပေါင်းစည်းတာလောက် ကြည်နူးဖွယ်ကောင်းတဲ့အရာ မရှိတော့ပါဘူး။ ကံကြမ္မာအလှည့်အပြောင်းကြောင့် နာကျင်စရာကောင်းလောက်အောင် ဝေးကွာနေရတဲ့ အချစ်ငှက်လေးနှစ်ဦးကိုတော့ အဲဒီကံကြမ္မာကပဲ တစ်ဖန်ပြန်လည်ပွေ့ဖက်ခွင့် ပေးခဲ့ပါတယ်။

(၉၇) နှစ်အရွယ်ဖြစ်တဲ့ စစ်မှုထမ်းဟောင်း ကာရာ ထရေ ရိုဘင် (ကေတီ) (Kara Troy (K.T) Robbins) ဟာ လက်ရှိ အသက် (၉၂) နှစ်ရှိပြီဖြစ်တဲ့ ပြင်သစ်မိန်းမပျို ဂျနီနာ ဂန်အေ (Jeannine Ganaye) ဆိုသူနဲ့ သူတို့ငယ်ရွယ်စဉ်ကာလ (၁၉၄၀) ခုနှစ်၊ ဒုတိယကမ္ဘာစစ်အတွင်း မေတ္တာမျှခဲ့ကြပါတယ်။ ဒါပေမဲ့လည်း ကံကြမ္မာအလှည့်အပြောင်းကြောင့် ဝေးကွာခဲ့ရပြီး (၇၅) နှစ်ကြာမှ အံ့အားသင့်ဖွယ် ပြန်ဆုံဆည်းခဲ့ရပါတယ်။

ကေတီဟာ စစ်အတွင်း ပြင်သစ်နိုင်ငံအရှေ့မြောက်အရပ်မှာရှိတဲ့ Meurthe-et-Moselle ဆိုတဲ့ဌာနမှာ တပ်သားအဖြစ် တာဝန်ထမ်းဆောင်စဉ် ဂျနီနာကို တွေ့ခဲ့တာပဲဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက ကေတီဟာ သူတို့ရဲ့အဝတ်အစားတွေကို လျှော်ဖို့လူလိုနေတာဖြစ်ပြီး ဂျနီနာရဲ့အမေက ကူညီပေးခဲ့ပါပြီ။ သိပ်မကြာခင် နှစ်လလောက်မှာပဲ ကေတီဟာ ရှေ့တန်းထွက်ဖို့ ဆင့်ခေါ်ခံခဲ့ရပါတယ်။

စစ်ကြီးပြီးလို့ ကိုယ်စီအိမ်ထောင်ကျခဲ့ကြပေမယ့် ငယ်ကချစ်နှစ်တစ်ရာဆိုသလို တစ်ယောက်နဲ့တစ်ယောက်မမေ့နိုင်ရှိခဲ့ကြပြီး ကေတီကတော့ ဂျနီနာကို တစ်နေ့ပြန်တွေ့ရမယ်ဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ ရှင်သန်နေခဲ့ပါတယ်။

ကံကောင်းထောက်မစွာနဲ့ပဲ French TV crew က ရိုက်ကူးနေတဲ့ (၇၅) နှစ်ပြည့်သမိုင်း အစီအစဉ်ကနေတစ်ဆင့် သူတို့နှစ်ဦးဟာ ရိုက်ကူးရေးလုပ်နေစဉ်အတွင်း ပြင်သစ်မှာ ပြန်လည်ဆုံဆည်းခွင့်ရခဲ့ကြပါတယ်။ ကေတီဟာ ဂျနီနာရဲ့ ဓာတ်ပုံအဟောင်းလေးကို (၇၅) နှစ်ကြာအောင် မပျောက်မပျက်သိမ်းထားတာဖြစ်လို့ သတင်းထောက်တွေကလည်း ရှာဖွေနိုင်ခဲ့တာဖြစ်ပါတယ်။

အချစ်တွေရှင်သန်နေဆဲဖြစ်တဲ့ သူတို့နှစ်ဦးရဲ့တွေ့ဆုံမှုဟာ အတိတ်က လွမ်းဆွတ်ဖွယ်ရာတွေ၊ ကြည်နူးဖွယ်ရာတွေ၊ နွေးထွေးတဲ့အနမ်းတွေနဲ့ ပြည့်နှက်လို့နေခဲ့ပြီး နောက်ဆုံးတစ်ဖန်ပြန်နှုတ်ဆက်ရတဲ့အခါမှာလည်း မျက်ရည်ကိုယ်စီနဲ့ဖြစ်ခဲ့ရပြန်ပါတယ်။

“ငါနောက်တစ်ကြိမ်ပြန်လာပြီး မင်းကိုလာခေါ်မယ်” လို့ ဂျနီနာကိုပြောခဲ့တယ်ဆိုပြီး ကေတီက ရိုက်ကူးရေးအဖွဲ့သားတွေကို အပြန်လမ်းတစ်လျှောက်မှာ ပြောပြခဲ့ပါတယ်။

ဗီဒီယိုလေးကိုတော့ အောက်လင့်ခ်ကနေတစ်ဆင့်ဝင်ကြည့်လို့ရပါတယ်။

https://bit.ly/2Iu4z2Y

Ref: I hear intelligence “U.S. Veteran, 97, And French Woman, 92, Who Fell In Love During WW2 Reunited”
Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top