တစ်နေ့တည်း သစ်ပင် ၆၆သန်းစိုက်ပျိုးကာ ကမ္ဘာ့စံချိန်တင်ခဲ့တဲ့ အိန္ဒိယနိုင်ငံ

ZQgUxwEa1OUWBVXE1KdHPxQBSCn5Tzj-ycvpDk4ZiS8.jpg

အိန္ဒိယနိုင်ငံအလယ်ပိုင်း မက်ဟာပရာဒက်ရှ်ပြည်နယ် (Madhya Pradesh) ရှိ နာမဒါ  မြစ်ကမ်းပါးတစ်လျှောက်မှာ ဇူလိုင်လ ၂ ရက်နေ့က လူပေါင်း တစ်သန်းခွဲခန့်ဟာ ၁၂ နာရီခန့်ကြာအောင် အပင်ပေါင်း ၆၆ သန်းကို စိုက်ပျိုးခဲ့ပြီး  ကမ္ဘာ့သစ်ပင်အများဆုံး စိုက်ပျိုးမှုအဖြစ် စံချိန်တင်သွားခဲ့ပါတယ်။

အိန္ဒိယနိုင်ငံဟာ လောင်စာအဖြစ် သစ်တောများကိုခုတ်ယူမှုများ၊ တိရစ္ဆာန် စားကျက်မြေနဲ့ မြေနေရာအဖြစ် သစ်တောများကို  ခုတ်ထွင် ရှင်းလင်းမှုများကြောင့် သစ်တောပြုန်းတီးမှုနှုန်း မြင့်မားတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်ကစပြီး ၂၅၀၀ စတုရန်း ကီလိုမီတာ  အကျယ်ရှိတဲ့ သစ်တောများဟာ ပြုန်းတီးခဲ့တယ်လို့ မှတ်တမ်းများအရသိရပါတယ်။ ဒါ့ကြောင့် အိန္ဒိယအစိုးရဟာ နိုင်ငံရဲ့ သစ်တောဧရိယာကို တိုးတက်အောင် လုပ်ဆောင်နေတယ် လို့ပြောဆိုခဲ့ပြီး နောက်ဆုံးရည်မှန်းချက်က  နိုင်ငံရဲ့ဧရိယာ ၃၃ % ခန့်ကို သစ်တောများ ပြန်လည်ဖုံးအုပ်လာစေရန် လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

ပထမစံချိန်တင်ထားတဲ့ ကမ္ဘာ့အများဆုံး သစ်ပင်စိုက်ပျိုးမှုကတော့ အိန္ဒိယနိုင်ငံ မြောက်ဘက်ပိုင်းရှိ ဥတာပရာဒက်ရှ် (Uttar Pradesh )  ပြည်နယ်မှာ လူပေါင်း ၈သိန်းကျော်က သစ်ပင်ပေါင်း ၅၀.၄ သန်းကို ၂၄ နာရီ စိုက်ပျိုးခဲ့ခြင်း ဖြစ်ပါတယ်။ အစုအပြုံလိုက် သစ်ပင်စိုက်ပျိုးခြင်းဟာ  အိန္ဒိယအစိုးရရဲ့ ရာသီဥတုပြောင်းလဲမှုအပေါ် တိုက်ဖျက်ခြင်းလုပ်ငန်းစဉ်တွေထဲမှာမှ တစ်ခုဖြစ်ပြီး အိန္ဒိယအစိုးရဟာ နိုင်ငံရဲ့ ဧရိယာ ၁၂% မှာ  သစ်ပင်များ စိုက်ပျိုးဖို့အတွက် ဒေါ်လာ ၆ ဘီလီယံခန့် အသုံးပြုဖို့ လျာထားတယ်လို့ သိရပါတယ်။

WHO (World Health Organization)  ရဲ့ ထုတ်ပြန်ချက်အရ ကမ္ဘာ့လေထု အညစ်ညမ်းဆုံး မြို့ပြ ၁၀ မြို့မှာ အိန္ဒိယ မြို့ ၆ မြို့ခန့်ပါဝင်နေပြီး ဒီလို သစ်ပင်များစိုက်ပျိုးခြင်းဟာ  အိန္ဒိယနိုင်ငံရဲ့ လေထုအရည်အသွေးကိုလည်း တိုးတက်စေမှာဖြစ်ပါတယ်။ အခုစိုက်ပျိုးခဲ့တဲ့ သစ်ပင် ၆၆ သန်းခန့်ကို ကောင်းကင်ဓာတ်ပုံများမှ  ပြန်လည်စစ်ဆေးသွားမှာဖြစ်ပြီး အပင်ပြောင်းစိုက်ပျိုးခြင်း၊ ရောဂါကူးစက်ခြင်းနဲ့ ရေလိုအပ်ခြင်းတို့ကြောင့် ၄၀% ခန့်တော့ သေဆုံးနိုင်တယ်  လို့ခန့်မှန်းထားကြပါတယ်။

Ref : WeForum News : India planted 66 million trees in one day – smashing the world record

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top