အသက်တစ်ချောင်း ကယ်နိုင်ဖို့ ခြေထောက်တစ်ချောင်း စတေးခံခဲ့သူ

heroic-young-man-loses-right-leg-to-save-old-lady-from-oncoming-train-world-of-buzz-4.jpg

ရထားလမ်း ဖြတ်ကူးနေတဲ့ အမျိုးသမီးကြီး တစ်ဦးကို အသက်ကယ်တင်ပေးရာကနေ ရထားဂတ်ဗိုလ် (conductor) တစ်ဦး ခြေထောက်တစ်ဖက် ပြတ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ကြာသပတေးနေ့ (ဇူလိုင် ၆ရက်)နေ့က တရုတ်နိုင်ငံ စီချွမ်ပြည်နယ်မှာ အခုလို ဖြစ်ပွားခဲ့ပြီး အကြားအာရုံ ချို့တဲ့နေတဲ့ အသက် ၆၅ နှစ်အရွယ် အမျိုးသမီးကြီးရဲ့ အသက်ကို ကယ်တင်နိုင်ပေးခဲ့တဲ့ ရွှီချန်ခိုင် (Xu Qiankai) ကို လူတွေက သူရဲကောင်းအဖြစ် ချီးကျူးနေကြပါတယ်။

ရွှီချန်ခိုင်ဟာ ရထားလမ်းဖြတ်ကူးနေတဲ့ အမျိုးသမီးကြီးကို တွေ့တာနဲ့ အရေးပေါ် ဘရိတ်ကို ဆွဲခဲ့သလို ရထားလာနေတာကို အမျိုးသမီးကြီး သတိထားမိအောင် ခရာမှုတ်ခဲ့ပါတယ်။


ဒါပေမဲ့ အမျိုးသမီးကြီးက သတိမထားမိခဲ့ပါဘူး။ ရထားနဲ့ အမျိုးသမီးကြီးကြား ၁၀ မီတာတောင် မဝေးတော့သလို ရထားကလည်း ရပ်မှာမဟုတ်သေးတဲ့အတွက် ရွှီချန်ခိုင်ဟာ ရထားပေါ်ကနေ ပြေးဆင်းသွားခဲ့ပြီး အမျိုးသမီးကြီးကို ရထားလမ်းပေါ်ကနေ တွန်းဖယ်ခဲ့ပါတယ်။ ဒါပေမဲ့ သူ ညာဘက်ခြေထောက်ကို ချိန်သားကိုက် မရုတ်နိုင်ခဲ့လို့ ခြေထောက်တစ်ဖက် ရထားကြိတ်ခံခဲ့ရပါတယ်။


စောင့်ကြည့်ကင်မရာ မှတ်တမ်းတွေအရ ရွှီချန်ခိုင်ဟာ သူ့ခြေထောက်ကို အရေးမထားဘဲ အမျိုးသမီးကြီး အသက်အန္တာရာယ် ကင်းရှင်းရဲ့လားလို့ ကြည့်နေတာ တွေ့ရပါတယ်။ ဆေးရုံရောက်သွားတဲ့ အချိန်မှာ ဆရာဝန်တွေက ရွှီချန်ခိုင်ရဲ့ ခြေထောက်ကို ဖြတ်ထုတ်ခဲ့ရပါတယ်။ အမျိုးသမီးကြီးကတော့ သူ့အသက်သခင် ကျေးဇူးရှင် ရွှီချန်ခိုင်ကို ဆေးရုံမှာ လာကန်တော့ခဲ့ပါတယ်။

သူ့မိသားစုမှာ တစ်ဦးတည်းသော သားဖြစ်တဲ့ ရွှီချန်ခိုင်ဟာ စစ်မှုထမ်းခဲ့ဖူးသူတစ်ဦးဖြစ်ပြီး အသက်တစ်ချောင်း ကယ်နိုင်ခဲ့တဲ့အတွက် သူ့လုပ်ရပ်ကို နောင်တမရမိဘူးလို့ ဆိုပါတယ်။

Ref : Chinadaily News : Railway worker saves old lady, loses leg

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top