နီပေါက ကလေးတွေကို ကူညီထောက်ပံ့ပေးနေတဲ့ ဖောင်ဒေးရှင်းမှာ ဘဝကို မြှုပ်နှံထားသူ

28-6-2021-yyl-62-1.jpg

အသက် ၉၆ နှစ် ရှိပြီဖြစ်တဲ့ အော်လ်ဂါ မာရေးရ် (Olga Murray) ဆိုသူကတော့ Nepal Youth Foundation ကို တည်ထောင်ခဲ့သူပါ။ အော်လ်ဂါဟာ ရှေ့နေအလုပ်ကနေ အနားမယူခင် ဖောင်ဒေးရှင်းတည်ထောင်မယ်ဆိုတဲ့ သူ့ဘဝရဲ့ရည်ရွယ်ချက်ကို ရှာတွေ့သွားခဲ့တာပါ။ နီပေါက ကလေးတွေကို ကူညီထောက်ပံ့ပေးနေတဲ့ အကျိုးအမြတ်မယူတဲ့ Nepal Youth Foundation ကို သူ့ရဲ့နောက်ဆုံးထွက်သက်အထိ ဆက်လက်လုပ်ကိုင်သွားမှာဖြစ်ပါတယ်။

အော်လ်ဂါဟာ အခုလိုဖောင်ဒေးရှင်းတည်ထောင်ဖြစ်သွားခဲ့တာကတော့ ရှေ့နေအလုပ်ကနေ အနားယူမယ့်နှစ်မှာ သူ တစ်ခါမှမရောက်ဖူးတဲ့ နေရာတစ်ခုကို အပန်းဖြေခရီးထွက်ခဲ့တာက စတာပါပဲ။ အဲဒီနေရာကတော့ နီပေါနိုင်ငံပါ။ သူ နီပေါနိုင်ငံကို ခြေချလိုက်တာနဲ့ အဲဒီနိုင်ငံကို ချစ်မြတ်နိုးသွားခဲ့ပါတယ်။ အဲဒီက ကလေးတွေက သူ့လက်ကို စုပ်ကိုင်ခဲ့ပြီး ရယ်မောပျော်ရွှင်ခဲ့ကြတာပါ။ သူတို့လေးတွေက အရမ်းနှစ်သက်ဖွယ်ကောင်းခဲ့သလို သူတို့လေးတွေ ကျောင်းတက်ချင်တဲ့အကြောင်းကိုလည်း အော်လ်ဂါ သိခဲ့ရပါတယ်။ နီပေါနိုင်ငံက ကလေးအများစုဟာ ကျောင်းမတက်ခဲ့ရတာကို အော်လ်ဂါ သိသွားခဲ့ပြီး အဲဒီကလေးတွေကို ထောက်ပံ့ကူညီပေးချင်စိတ်ဖြစ်လာခဲ့ရပါတယ်။

အဲဒီအချိန်မှာ အော်လ်ဂါ ကိုယ့်ကိုယ်ကို ပြောဖြစ်ခဲ့တာက “အော်လ်ဂါ….ဘဝတစ်ခုလုံးအတွက် နင် ဘာလုပ်ရမယ်ဆိုတာ သိလား။ ကလေးတွေကို ပညာတက်အောင် လုပ်ပေးရမယ်” ဆိုတာပါပဲ။ နီပေါနိုင်ငံက ကလေးတွေကို ကူညီထောက်ပံ့ပေးဖို့အတွက် အော်လ်ဂါက ၁၉၉၀ခုနှစ်မှာ တည်ထောင်ဖြစ်ခဲ့ပါတယ်။ အခုဆိုရင် ဖောင်ဒေးရှင်းသက်တမ်းက နှစ် ၃၀ ကျော်သွားခဲ့ပါပြီ။ ဖောင်ဒေးရှင်းက ဆင်းရဲနွမ်းပါးမှုကို တွန်းလှန်ပေးဖို့၊ စာသင်ကျောင်းတွေ တည်ဆောက်ပေးဖို့နဲ့ ကျွန်အဖြစ်ခိုင်းစေခံရတဲ့ မိန်းကလေးတွေကို ကယ်တင်ပေးဖို့ပါပဲ။

“ကျွန်မတို့တွေက ဒီနွံထဲကနေ သူတို့ကို ကယ်တင်ပေးဖို့အတွက် ကယ်တင်ရှင်ကြီးတွေဖြစ်ဖို့မဟုတ်ပါဘူး။ ဒါပေမဲ့ သူတို့ရဲ့ညီမ၊အစ်မတွေကို ကယ်တင်ဖို့၊ ပညာတက်မြောက်ဖို့ သူတို့ကို ကျွန်မတို့တွေ လေ့ကျင့်သင်ကြားပေးသွားမှာပါ” လို့ အော်လ်ဂါက ပြောပါတယ်။ Nepal Youth Foundation က ဆေးရုံ (၇၂) ခုကို တည်ဆောက်ပေးပြီးသွားခဲ့သလို ကလေး (၅၀,၀၀၀) ကျော်ကိုလည်း ပညာတက်မြောက်အောင် ကူညီပေးနိုင်ခဲ့ပါပြီ။ အော်လ်ဂါကတော့ နောက်ထပ်ပြီးအောင်လုပ်ရမယ့်အရာတွေ အများကြီးရှိနေသေးတယ်လို့ ဆိုပါတယ်။ အော်လ်ဂါဟာ ပရဟိတလုပ်တာကို ရပ်တန့်လိုက်ဖို့ မတွေးခဲ့ကြောင်း၊ သူ့ကျန်းမာနေသရွေ့၊ လုပ်နိုင်နေသရွေ့ ဒါကို ဆက်ပြီးလုပ်သွားမှာဖြစ်ကြောင်း သိရပါတယ်။

Ref: CBSNews “I don’t think about stopping”: 96-year-old devotes post-retirement life to helping children in Nepal”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top