လူနာတွေရဲ့ဆေးကုစရိတ်အကြွေး ဒေါ်လာ၆၅၀,၀၀၀ ကို မဆပ်ခိုင်းတော့ဘဲ လျော်ပေးခဲ့တဲ့ ဆရာဝန်တစ်ဦး

7-1-2021-yyl10.jpg

အာကင်ဆောပြည်နယ်က ဆရာဝန်တစ်ဦးကတော့ ၂၀၂၁ခုနှစ်ကို မွန်မြတ်တဲ့အလုပ်နဲ့ စတင်လိုက်တာပါ။ အဲဒီဆရာဝန်က သူ့ရဲ့ကင်ဆာရောဂါသည်လူနာတွေကို သူ့အပေါ်တင်နေတဲ့ ဆေးကုစရိတ်အကြွေး ဒေါ်လာ ၆၅၀,၀၀၀ ကို မဆပ်ခိုင်းဘဲ ချေဖျက်ပေးခဲ့တာပါ။ အဲဒီဆရာဝန်ကတော့ လုပ်သက် နှစ် ၄၀ နီးပါးရှိပြီဖြစ်တဲ့ ကင်ဆာရောဂါကုဆရာဝန် ဒေါက်တာ အိုးမာ အာတီချ် (Omar Atiq) ဆိုသူပါ။ သူဟာ မတ်လကမှ နှစ် (၃၀) လုပ်ခဲ့တဲ့ သူ့ရဲ့ကင်ဆာရောဂါကုဆေးခန်းကို ပိတ်ပစ်ခဲ့တာဖြစ်ပါတယ်။

ကင်ဆာရောဂါကုဆေးခန်းကို ပိတ်သိမ်းပြီးတဲ့နောက်မှာ သူဟာ သူ့ရဲ့လူနာဟောင်းတွေဆီကနေ ဆေးကုစရိတ်အကြွေးကောက်ခံဖို့အတွက် ဆေးဖိုးတောင်းခံပေးတဲ့ကုမ္ပဏီနဲ့ လတော်တော်ကြာအလုပ်လုပ်နေခဲ့တာပါ။ ဒါပေမဲ့ မကြာသေးခင်ကမှ သူဟာ ဆေးကုစရိတ်အကြွေးတွေ တောင်းနေတာကို ရပ်တန့်လိုက်ဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ ပြန်မဆပ်နိုင်တဲ့ လူနာတွေရှိတယ်ဆိုတာ သိလိုက်ရတဲ့အတွက် သူ့ဇနီးနဲ့အတူ အဲဒီကိစ္စကို တိုင်ပင်ပြီး ဆေးကုစရိတ်အကြွေးတွေအားလုံးကို မတောင်းတော့ဘဲ လျော်လိုက်ဖို့ ဆုံးဖြတ်ခဲ့တာပါ။

အိုးမာက သူ့ရဲ့လူနာ (၂၀၀) ဝန်းကျင်ဆီကို ဆေးကုစရိတ်အကြွေးတွေအားလုံးကို ပေးစရာမလိုတော့ကြောင်း စာတွေကို နှစ်သစ်ကူးပိတ်ရက်မှာ ပေးပို့ခဲ့ပါတယ်။ စာတွေကို လက်ခံရရှိခဲ့တဲ့သူတွေက ကင်ဆာရောဂါကုသခံယူမှုကြောင့် ဒေါ်လာရာဂဏန်းကနေ ထောင်ဂဏန်းအထိ ဆေးဖိုးအကြွေးတင်နေကြတာပါ။ ဒေါက်တာအိုးမာက ကျန်းမာရေး၊ မိသားစုအရေး၊ အသက်ရှင်နေထိုင်ဖို့အရေး၊ ပိုက်ဆံရှာနိုင်ဖို့အရေးတွေကို နေမကောင်းဖြစ်နေတဲ့လူနာတွေ စိုးရိမ်ပူပန်နေရရင် စိတ်မသက်မသာဖြစ်ရတယ်လို့ ဆိုပါတယ်။ ကင်ဆာကုသဖို့အတွက် ပေးလိုက်ရတဲ့ဆေးဖိုးတွေကြောင့် ဘာမှမရှိတော့တဲ့၊ စီးပွားရေးပျက်သွားရတဲ့ လူနာတွေကို တွေ့ခဲ့ဖူးပြီး ဒါက လုံးဝကို မမျှတတဲ့အခြေအနေတစ်ခုဖြစ်တယ်လို့ ဒေါက်တာအိုးမာက ပြောပါတယ်။

ဆရာဝန်တစ်ယောက်အနေနဲ့ ဆေးကုသဖိုးအတွက် လူနာတွေကို စိုးရိမ်မပူပန်စေချင်တာ သူတစ်ယောက်မဟုတ်ဘူးလို့ဒေါက်တာအိုးမာက ဆိုပါတယ်။ ဆေးကုသစရိတ်အကြွေးတွေ ကင်းစင်သွားတဲ့လူနာတွေကို ၂၀၂၁ခုနှစ်မှာ သူတို့ရဲ့ဘဝတွေကို အဆင်ပြေလွယ်ကူစေချင်တယ်လို့လည်း ဆိုပါတယ်။ ဒေါက်တာ အိုးမာရဲ့ ကင်ဆာရောဂါကုဆေးခန်းက အာမခံကြေးနဲ့ ရန်ပုံငွေမရှိတဲ့အတွက်ကြောင့် ပိတ်လိုက်တာဖြစ်ပါတယ်။ အခုဆိုရင် ဒေါက်တာအိုးမာက the University of Arkansas for Medical Sciences မှာ ပါမောက္ခတာဝန်ကို ထမ်းဆောင်နေပြီး သူ့ရဲ့ကလေး (၄) ဦးကလည်း ဆရာဝန်တွေပါပဲ။

Ref: GMA “Doctor erases cancer patients’ medical debt totaling $650,000”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top