ဂျက်စွမ်းအင်သုံး ပျံသန်းရေးဘုတ်ပြားသုံးပြီး အင်္ဂလိပ်ရေလက်ကြားကို (၂၂) မိနစ်အတွင်း ဖြတ်ကျော်ပျံသန်းခဲ့သူ

67897512_2518349244862647_514702266503004160_n.jpg

ပြင်သစ်နိုင်ငံသား တီထွင်ဖန်တီးသူ ဖရန်ကီဇာပါတာဟာ ဂျက်စွမ်းအင်သုံး ပျံသန်းရေးဘုတ်ပြား အသုံးပြုပြီး အင်္ဂလိပ်ရေလက်ကြားကို ပထမဆုံးအကြိမ် ဖြတ်ကျော်ပျံသန်းနိုင်ခဲ့ပါတယ်။ ဇာပါတာဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့ ဒေသစံတော်ချိန် နံနက် (၆) နာရီ (၁၇) မိနစ်အချိန်မှာ ပြင်သစ်နိုင်ငံ ခါလစ်မြို့အနီးကနေ ထွက်ခွာခဲ့ပြီး အင်္ဂလန်နိုင်ငံ ဒိုဗာမြို့မှာရှိတဲ့ စိန့်မာဂရက်ပင်လယ်အော်ကို ဆင်းသက်နိုင်ခဲ့ပါတယ်။

ဇာပါတာရဲ့ တီထွင်မှုအရ လေယာဉ်ဆီကို စွမ်းအင်အဖြစ် အသုံးပြုခဲ့တာဖြစ်ပြီး လေယာဉ်ဆီပုံးကို ကျောပိုးအိတ်ထဲမှာ ထည့်ထားပါတယ်။ သူဟာ အင်္ဂလိပ်ရေလက်ကြားရဲ့ အကျဉ်းမြောင်းဆုံးနေရာဖြစ်ပြီး (၂၂) မိုင်ကွာဝေးတဲ့ ဒိုဗာရေလက်ကြားကို (၂၂) မိနစ်နဲ့ ဖြတ်ကျော်ပျံသန်းခဲ့တာပါ။

” လွန်ခဲ့တဲ့ (၃) နှစ်ကတည်းက ဒီကိရိယာကို တီထွင်ခဲ့တာပါ။ အခုတော့ ရေလက်ကြားကို ဖြတ်ကျော်ပျံသန်းနိုင်ခဲ့ပါပြီ။ ဒါက အရမ်းမိုက်ပါတယ်။ ဒီဖြစ်ရပ်က သမိုင်းဝင်ဖြစ်ရပ် ဟုတ်၊ မဟုတ်ဆိုတာကို ကျွန်တော် မဆုံးဖြတ်နိုင်ပါဘူး။ အချိန်က ဆုံးဖြတ်ပေးပါလိမ့်မယ်”လို့ ဇာပါတာက ပြောပါတယ်။

ဇာပါတာဟာ ဇူလိုင်လ (၂၅) ရက်နေ့က အင်္ဂလိပ်ရေလက်ကြားကို ဖြတ်ကျော်ပျံသန်းဖို့ ကြိုးပမ်းခဲ့ပေမဲ့ ဆီပြန်ဖြည့်ချိန်မှာ ရေထဲပြုတ်ကျခဲ့လို့ မအောင်မြင်ခဲ့ပါဘူး။ ဒီခရီးစဉ်မှာ သူ့အတွက် အကြီးမားဆုံး စိန်ခေါ်မှုကတော့ ဆီဖြည့်ဖို့အတွက် ကျောပိုးအိတ် လဲလှယ်ရတဲ့နေရာပဲလို့ ဇာပါတာက ပြောပါတယ်။

ဒီတစ်ကြိမ်မှာတော့ ကျောပိုးအိတ်လဲလှယ်ဖို့အတွက် ပိုကြီးတဲ့စက်လှေ အသုံးပြုခဲ့ပြီး ဆင်းသက်ရေးစြင်္ကံကလည်း ပိုကျယ်ပါတယ်။ ဇာပါတာရဲ့ ခရီးစဉ်မှာ ရဟတ်ယာဉ်သုံးစင်းက နောက်ကနေ စောင့်ကြပ်လိုက်ပါခဲ့ပြီး ဒီခရီးစဉ်မှာ အမြန်ဆုံးပျံသန်းမှုနှုန်းကတော့ တစ်နာရီ (၁၀၆) မိုင်နှုန်းအထိ ရှိခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top