အပူလှိုင်း နှင့် အအေးလှိုင်း ဖြစ်ပေါ်စေသည့် အခြေခံအကြောင်းအရင်းများ

yyl-029-7.jpg

ရာသီဥတု ဆိုသည်မှာ ကြိုတင်ခန့်မှန်းရန် အတိအကျ မသိနိုင်သည့် အရာတစ်ခုဟု ဆိုနိုင်သည်။ ယနေ့အခါ နည်းပညာ အကူအညီဖြင့် ကြိုတင် ခန့်မှန်းချက်များ ထုတ်ပြန်နိုင်နေပြီ ဖြစ်သော်လည်း အမြဲတမ်း ခန့်မှန်းထားသည့် အတိုင်းဖြစ်မလာသော အခါများလည်း နေ့စဥ် ဖြစ်ပေါ်လျှက် ရှိသည်။ ထို့ကြောင့်ပင် လူသားများသိသမျှ ရာသီဥတု ဆိုသည်မှာ ခန့်မှန်းခြေ သက်သက်ဟုပင် ဆိုကြသည်။ လေ့လာ မှတ်သား ထားသလောက် အနည်းငယ်ထဲမှ အအေးလှိုင်း နှင့် အပူလှိုင်း ဖြစ်ပေါ်ရခြင်း ဖြစ်စဥ်ကို ဗဟုသုတရစေရန် ရေးသားပေးလိုက်ပါသည်။

အအေးလှိုင်း နှင့် အပူလှိုင်း ဖြစ်စဥ်သည် အလွန်ပင် အန္တရာယ်ရှိသော သဘာဝဖြစ်စဥ်ဟုဆိုကြသည်။ ထိုဖြစ်စဥ် နှစ်ခုစလုံးသည် ပတ်ဝန်းကျင်ကို ဆိုးကျိုးများစွာ သက်ရောက်စေသည်။ စိုက်ပျိုး၊ မွေးမြူရေးသမားများ အတွက် အအေးလှိုင်း နှင့် အပူလှိုင်း ဖြစ်စဥ်သည် များစွားသော စီးပွားရေး ဆုံးရှုံးမှုများ ဖြစ်စေသည်။ ဖိအားများသည့် လေထု ဖွဲ့စည်းမှု တစ်ခု ပတ်ဝန်းကျင်တွင် အချိန်အတိုင်းအတာ တစ်ခုအထိ စုစည်းကာ လေထုအတွင်းရှိ လေများအပေါ် ပိုမိုဖိအားများသက်ရောက်ကာ အပူချိန်မြင့်တက်လာခြင်းဖြင့် အပူလှိုင်း ဖြစ်ပေါ်စေသည်။ ထိုသိပ်သည်းလှသည့် လေထုအပူချိန်က ပတ်ဝန်းကျင် လေထုထဲတွင် တာဆီးနေသောကြောင့် အခြားရာသီဥတု ဖြစ်စဥ်များသည်

ထိုပတ်ဝန်းကျင်သို့ မရောက်ရှိနိုင်ခြင်း ဖြစ်သည်။ အချိန်ကြာမြင့်စွာ တည်ရှိလေ အပူလှိုင်း၏ အပူချိန်ပိုမြင့်မားလေဖြစ်သည်။ အပူလှိုင်း ဖြစ်ပေါ်နေစဥ်တွင် အဆိုးရွားဆုံး ပတ်ဝန်းကျင် ပြောင်လဲမှုမှာ မိုးခေါင်ခြင်းပင် ဖြစ်သည်။ အကြောင်းအရင်းမှာ အပူရှိန်သည် ပတ်ဝန်းကျင် တစ်ခုလုံးတွင် ပျံ့နှံ့နေသောကြောင့် ရေများ အငွေ့ပျံသောအခါ ကောင်းကင်တွင် စုပေါင်းမိုးတိမ်အဖြစ်သို့ မရောက်ရှိတော့ဘဲ အပူရှိန်ကြောင့် ခမ်းခြောက်သွားကာ မိုးခေါင်မှုကို ဖြစ်စေပြီး အပူရှိန်ပိုမြင့်တက်စေသည်။ ထို့ကြောင့် အပူလှိုင်း ဖြတ်သောအခါတွင် အချိန်ကြာမြင့်စွာ ဖြစ်ပေါ်တတ်ခြင်း ဖြစ်သည်။

အပူလှိုင်း ဖြစ်ပေါ်ခြင်းကြောင့် ကျန်းမာရေး ထိခိုက်မှုများလည်း နောက်ဆက်တွဲ ဖြစ်ပေါ်လေ့ရှိသည်။ ဥပမာ အပူရှိန်ကြောင့် ချွေးထွက်လွန်ကာ ပင်ပန်းနွမ်းနယ်ခြင်း၊ အပူရှပ်ခြင်းများ ဖြစ်တတ်သည်။ ထိုသို့ ပင်ပန်းနွမ်းနယ်နေစဥ်တွင် ခန္တာကိုယ် ရေဓာတ်ဖြည့်ပေးရန် လိုအပ်သည်။ အပြင်ဘက် နေရောင်ခြည် အောက်တွင် အလုပ်လုပ်သူများ အနေဖြင့် ခန္တာကိုယ် ရေဓာတ်ပို၍ လျှင်မြန်စွာ ဆုံးရှုံးနိုင်သည်။

အပူလှိုင်း နှင့် အအေးလှိုင်း ဖြစ်ပေါ်ခြင်းကြောင့် အားပြင်းသော မုန်တိုင်းများ နှင့် လေဆင်နှာမောင်းများလည်း မထင်မှတ်ဘဲ ဖြစ်ပေါ်စေတတ်သည်။ မိုးသည်းထန်စွာရွာသွန်းကာ မိုးကြိုး မုန်းတိုင်းများဖြစ်ပေါ်နိုင်ခြင်းကိုပင် သတိများစွာထားရမည်။ အအေးလှိုင်း ဖြစ်ပေါ်နေစဥ်တွင် နှင်းမုန်တိုင်းများ အချိန်အခါ နေရာမရွေး ရုတ်တရက်ဖြစ်ပေါ်တတ်သည်။ အအေးလှိုင်း ဖြစ်ပေါ်နေစဥ် လုံလောက်စွာ နွေးနွေးထွေးထွေး မဝတ်ဆင်ခြင်းကြောင့် ကိုယ်ပူရှိန် အလွန်အမင်းကျဆင်းခြင်း (Hypothermia) ဖြစ်စဥ် ဖြစ်ပေါ်တတ်သည်။ ထို့ကြောင့် ရုတ်တရက် ရာသီဥတု ပြောင်းလဲစဥ် မိမိ ခန္တာကိုယ် အပူချိန်ကျဆင်းခြင်းကို ထိန်းညှိရန် နွေးနွေးထွေးထွေး ဝတ်ဆင်ခြင်း၊ အခန်း အပူချိန် ထိန်းညှိပေးခြင်းများ ပြုလုပ်ပေးခြင်း၊ ရာသီဥတု နှင့် လိုက်ဖက်ညီသည့် အစားအစာများကို စားသုံးပေးသင့်သည်။ အအေးလှိုင်း ဖြစ်ပေါ်နေစဥ် လေတိုက်နှုန်းမြင့်လာပါက အပြင်မထွက်သင့်ပေ။

ပုံမှန်ရာသီဥတုမှ အပူချိန်လျော့ကျလာကာ အအေးလှိုင်း ဖြတ်ချိန်တွင် မိမိတို့၏ နေအိမ်မှ ရေပိုက်များသည် ကျွတ်ဆတ်ကာ ပျက်စီးခြင်းများလည်း အအေးလွန်ကဲချိန်တွင် ရံဖန်ရံခါ ဖြစ်တတ်သည်။ ထို့ကြောင့် အပူချိန်ပြန်လည် ညီမျှချိန်တွင် မိမိတို့၏ နေအိမ်မှ ရေသွယ်စနစ်ကို စစ်ဆေးသင့်သည်။

ပူပြင်းသော ရာသီဥတုတွင် လူများသည် စိတ်မကြည်ခြင်း၊ စိတ်ကသိကအောက် ဖြစ်ခြင်းများ ဖြစ်တတ်ပြီး စိတ်ဆိုးလွယ်ကြသည်။ အေးသော ရာသီဥတုတွင် လူများသည် အခင်အမင်လွယ်ကြပြီး နီးနီးကပ်ကပ်နေတတ်သော သဘာဝရှိကြသည်။ ထို့ကြောင့် သသာဝဖြစ်စဥ်ကို ဗဟုသုတ နားလည်သိရှိကာ အေးချမ်း ကျန်းမာစွာ နေထိုင်နိုင်ကြပါစေ။

မေ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top