ခရစ်စမတ်ရာသီမှာ သမီးဖြစ်သူလေယာဉ်မယ်နဲ့အတူ ဖြတ်သန်းချင်လို့ လေကြောင်းခရီးစဉ် (၆) ခုမှာ လက်မှတ်ဖြတ်ခဲ့တဲ့ဖခင်

yyl-028-6.jpg

ခရစ်စမတ်ရာသီလို နှစ်သစ်ကူးအချိန်အခါလို အားလပ်ရက်မျိုးတွေမှာ ဘယ်သူမဆို မိသားစုနဲ့ အတူတူကုန်ဆုံးချင်ကြပါတယ်။ ဒါပေမဲ့ တချို့စီးပွားရေးလုပ်ငန်းတွေနဲ့ အသက်မွေးဝမ်းကျောင်းအလုပ်တွေက ခရစ်စမတ်ရာသီ အတောအတွင်းမှာလည်း ပိတ်ရက်မရှိဘဲ အလုပ်လုပ်ကြရပါတယ်။ ခရစ်စမတ်ရာသီတွေမှာဆိုရင်လည်း ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေ၊ ဆေးရုံတွေ၊ လေကြောင်းလိုင်းတွေက (၂၄) နာရီနီးပါးလောက် ဖွင့်ထားကြရတာပါ။ အဲဒီလိုပဲ လေယာဉ်မယ်တစ်ဦးက ခရစ်စမတ်အားလပ်ရက်မှာ လေယာဉ်ပေါ်မှာပဲ သူ့ဖခင်နဲ့ ဖြတ်သန်းခဲ့တဲ့ဆိုတဲ့ အကြောင်းကတော့ လူမှုကွန်ယက်အကောင့် အသုံးပြုသူတွေကို စိတ်ဝင်စားစေခဲ့ပါတယ်။

ဒါပေမဲ့ အဲဒီလေယာဉ်မယ်ရဲ့ဖခင် ဟယ် ဗာဂဟန် (Hal Vaughan) က သူ့ရဲ့သမီးနဲ့ ခရစ်စမတ်ရက်ကို ဖြတ်သန်းချင်တဲ့အတွက် သူ့သမီး တာဝန်ကျတဲ့ လေကြောင်းခရီးစဉ် (၆) ခုမှာ လေယာဉ်လက်မှတ်ဖြတ်တဲ့ ဖြစ်ရပ်လေးရှိခဲ့ပါတယ်။ သူတို့သားအဖ (၂) ဦးက လေးရက်ကျော်ကြာ လေယာဉ်ပေါ်မှာပဲ နိုင်ငံတွေဖြတ်ကျော်ခရီးထွက်ပြီး ခရစ်စမတ်ရက်ကို ဖြတ်သန်းရင်း အမှတ်တရတွေဖန်တီးခဲ့ကြပါတယ်။

ဟယ် ဗာဂဟန်ဟာ လေယာဉ်စီးနေတုန်း မိသားစုရှိရာအိမ်ကို ပြန်နေတဲ့ မိုက်ခ် လာဗီ (Mike Levy) နဲ့ အတူတူထိုင်ခဲ့ရင်း စကားစမြည်းပြောဖြစ်ခဲ့ကြပါတယ်။ မိုက်ခ်က “ဘယ်ကို သွားဖို့လဲ”၊ “အလုပ်ကိစ္စနဲ့လား အလည်အပတ်ပဲလား” လို့ ဟယ် ဗာဂဟန်ကို မေးမြန်းလိုက်တဲ့အခါမှာ ဒီလေကြောင်းလိုင်းရဲ့လေယာဉ်မယ်ဖြစ်တဲ့ သူ့သမီးနဲ့ အားလပ်ရက်ကုန်ဆုံးချင်လို့ လေယာဉ်ပေါ်လိုက်လာတယ်ဆိုတဲ့ သူ့ရဲ့အဖြေကို ကြားပြီး မိုက်ခ် အံ့အားသင့်သွားခဲ့ရပါတယ်။ ဟယ် ဗာဂဟန်က သူ့သမီးက ပြည်တွင်းလေကြောင်း (၆) ခုမှာ တာဝန်ကျနေတဲ့အတွက် လေကြောင်းတစ်ခုချင်းစီမှာ သူ့သမီးကို တွေ့ရဖို့ အခုလိုစီစဉ်ခဲ့တာဖြစ်တယ်လို့ ရှင်းပြခဲ့ပါသေးတယ်။

မိုက်ခ်က ဟယ် ဗာဂဟန်ရဲ့ဇာတ်လမ်းကြောင့် အရမ်းဂရုဏာသက်မိသွားတဲ့အတွက် သူ့ရဲ့လူမှုကွန်ယက်အကောင့်မှာ သူတို့သားအဖနှစ်ယောက်ရဲ့ ပုံတွေနဲ့အတူ “ကျွန်တော် အံ့အားသင့်ခဲ့ရပြီး သူ့သမီးနဲ့အတူ ရှိချင်လို့ လေကြောင်းအကုန်လုံးလိုက်စီးနိုင်တဲ့ ဖခင်တစ်ယောက်ပါလားလို့ ကျွန်တော်တွေးမိခဲ့တယ်။ အခုဆို သူ့ဖခင်က ဘယ်လိုအဖေမျိုးလည်းဆိုတာ သူမ သေချာပေါက်သိမှာပါ” ဆိုတဲ့စာသားတွေကို ရေးသားပြီး တင်ခဲ့ပါတယ်။

ဟယ် ဗာဂဟန်က လေကြောင်းခရီးစဉ် (၆) ခုစီးခဲ့ရတာဖြစ်တဲ့အတွက် ခန္ဓာကိုယ်ညောင်းညာနာကျင် တာတွေရှိခဲ့ပါတယ်။ ဒါပေမဲ့ သူ့သမီးနဲ့အတူ ခရစ်စမတ်ရက်ကို ဖြတ်သန်းရတဲ့အတွက် ခရီးသွားရတာတန်ပါတယ်။ နောက်ပိုင်းမှာ သူက “ခရစ်စမတ်ရက်မှာ သမီးတစ်ယောက်တည်း ဖြတ်သန်းရမယ်လို့ တွေးလိုက်တာနဲ့ ကျွန်တော်စိုးရိမ်ပူပန်မိတယ်” လို့ သတင်းဌာနကို ထုတ်ပြောပြခဲ့ပါတယ်။

Ref: Healthyhoisticliving “Dad Books 6 Flights So His Flight Attendant Daughter Won’t Be Alone On Christmas”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top