တရုတ်နိုင်ငံ မြစ်ကမ်းဘေးမှာ နှစ်သက်တမ်း (၅၁၈) သန်းရှိတဲ့ ကျောက်ဖြစ်ရုပ်ကြွင်း သောင်းချီတွေ့ရှိ

55752513_2305045086193065_1793055782728630272_n.jpg

တရုတ်နိုင်ငံအလယ်ပိုင်း၊ ဟူပေပြည်နယ် တန်ရွှေမြစ်ကမ်းပါးပေါ်မှာ ကျောက်ဖြစ်ရုပ်ကြွင်း (၂၀၀၀၀) ကျော်ပါဝင်တဲ့ ကျောက်ဖြစ်ရုပ်ကြွင်းသိုက်တစ်ခုကို သိပ္ပံပညာရှင်တွေက ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ ကျောက်ဖြစ်ရုပ်ကြွင်းတွေဟာ ခန့်မှန်းခြေအားဖြင့် နှစ်သက်တမ်း (၅၁၈) သန်းရှိပြီလို့ ခန့်မှန်းထားကြပါတယ်။ သတ္တဝါတွေရဲ့ အရေပြား၊ မျက်လုံး၊ ကိုယ်တွင်းကလီစာ အစရှိတဲ့ တစ်သျှူးပျော့တွေက အကောင်းပကတိအတိုင်း ဖြစ်နေတဲ့အတွက် အခုတွေ့ရှိမှုက တော်တော်လေး ထူးခြားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကျောက်ဖြစ်ရုပ်ကြွင်းတစ်ဝက်ကျော်က အရင်တုန်းကမတွေ့ဖူးတဲ့မျိုးစိတ်တွေဖြစ်နေလို့ အခုတွေ့ရှိမှုက စိတ်လှုပ်ရှားစရာကောင်းတယ်လို့ ကျောက်ဖြစ်ရုပ်ကြွင်းပညာရှင်တွေက ပြောပါတယ်။ အခုတွေ့ရတဲ့ ကျောက်ဖြစ်ရုပ်ကြွင်းသိုက်က ချင်ကျန်းဇီဝသိုက်လို့ လူသိများပါတယ်။ ကျောက်ဖြစ်ရုပ်ကြွင်း (၂၀၀၀၀) ကျော် တွေ့ရတဲ့အနက် ပိုးကောင်တွေ၊ ဂျယ်လီငါးတွေ၊ ပင်လယ်ခူတွေ၊ ရေမှော်တွေအပါအဝင် ကျောက်ဖြစ်ရုပ်ကြွင်း (၄၃၅၁) ခုကို ခွဲခြမ်းစိတ်ဖြာပြီးပြီလို့ ဆိုပါတယ်။

အဲဒီကျောက်ဖြစ်ရုပ်ကြွင်းတွေဟာ သတ္တဝါတွေရဲ့ အစောပိုင်းဇစ်မြစ်ကို လေ့လာရာမှာ အရမ်းအရေးကြီးတဲ့ ရင်းမြစ်တစ်ခုဖြစ်လာလိမ့်မယ်လို့ တရုတ်နိုင်ငံ အနောက်မြောက်တက္ကသိုလ်က ပါမောက္ခ ရှင်လျံကျန်းက ပြောပါတယ်။ ချင်ကျန်းဇီဝသိုက်တည်ရှိရာနေရာဟာ မုန်တိုင်းမိပြီး အချိန်တိုအတွင်းအနည်ကျသွားလို့ တစ်သျှူးပျော့တွေကို အကောင်းပကတိအတိုင်း ထိန်းသိမ်းထားနိုင်တာလို့ ရှင်လျံကျန်းက သုံးသပ်ထားပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top