ရေငုပ်သင်္ဘောတွေနဲ့ လေယာဉ်ပျံတွေအကြား တိုက်ရိုက်ဆက်သွယ်နိုင်မယ့် နည်းပညာ

landscape-1467144606-gettyimages-103095200.jpg

အခုချိန်ထိ လေယာဉ်ပျံတွေနဲ့ ရေငုပ်သင်္ဘောတွေဟာ အချင်းချင်း တိုက်ရိုက် ဆက်သွယ်မှုတွေ မလုပ်နိုင်ကြသေးပါဘူး။ ဘာကြောင့်လဲလို့ မေးလာရင်တော့ အချက်ပြတဲ့ လှိုင်းအမျိုးအစား မတူတာကြောင့်လို့ ဖြေရမှာ ဖြစ်ပါတယ်။

ရေငုပ်သင်္ဘောတွေက ဆိုနာလှိုင်းတွေကို သုံးပြီး ဒီလှိုင်း အမျိုးအစားက ရေအောက်မှာ ကောင်းကောင်း အလုပ်လုပ်ပေမယ့် ရေမျက်နှာပြင်ကို ထိုးဖောက်ပြီး အလုပ် မလုပ်နိုင်ပါဘူး။ ထို့အတူပဲ လေယာဉ်ပျံတွေဟာ ရေဒီယို အချက်ပြစနစ်ကို သုံးတာဖြစ်လို့ ဒီလှိုင်းတွေကလည်း ရေအောက်မှာ အလုပ် မလုပ်နိုင်ကြပါဘူး။

အခုလက်ရှိခေတ် ရေငုပ်သင်္ဘောတွေအနေနဲ့ ရေမျက်နှာပြင်အထက်မှာ ရှိတဲ့နေရာတွေဆီကို သတင်းပို့ချင်တဲ့အခါ ရေအောက်ကနေ ပို့လို့မရတာကြောင့် ရေမျက်နှာပြင်ပေါ်ကို တက်လာရပါတယ်။ ဒီလိုလုပ်လိုက်တာက ကိုယ့်ရဲ့တည်နေရာကို ရန်သူကို ပြလိုက်သလိုမျိုးလည်း ဖြစ်နေပါတယ်။

တစ်ခါတလေတော့ ရေမျက်နှာပြင်ပေါ်မှာ ပေါ်နိုင်တဲ့ လှိုင်းဖမ်းစက်တစ်မျိုးကို အသုံးပြုကြပါတယ်။ သူ့ရဲ့ အလုပ် လုပ်ပုံကတော့ ရေအောက်က ဆိုနာလှိုင်းတွေကို ဖမ်းယူပြီး ရေဒီယိုလှိုင်းတွေအဖြစ် ပြောင်းလဲ ပို့လွှတ်ပေးတာပါ။

အခုတော့ ဒီလို အခက်အခဲတွေကို ဖြေရှင်းနိုင်မယ့် နည်းပညာသစ်တစ်ခုကို MIT က သုတေသန ပညာရှင်တွေက ဖန်တီးလိုက်နိုင်ပါပြီ။ သုတေသန ပြုလုပ်သူတွေက ရေအောက် စပီကာကြောင့် ဖြစ်ပေါ်လာတဲ့ လှိုင်းဂယက် သေးသေးလေးတွေအထိ ဖမ်းယူနိုင်မယ့် ကြိမ်နှုန်းမြင့် ရေဒါတစ်မျိုးကို ရှာတွေ့ခဲ့ကြတာ ဖြစ်ပါတယ်။

“ရေနဲ့လေ အကူးအပြောင်းကြားခံကို ဒီလိုလှိုင်းအမျိုးအစားနဲ့ ဖြတ်ရတာက အခက်အခဲတစ်ခုပါပဲ” ဆိုပြီး MIT က ဖေဒယ်လ် အာဒစ်ဘ် (Fadel Adib) က ပြောပြခဲ့ပါတယ်။

သုတေသနပြုလုပ်သူတွေက ဒီအိုင်ဒီယာကို ရေကူးကန်မှာ စတင် စမ်းသပ်အောင်မြင်ခဲ့တယ်လို့ သိရပါတယ်။ ရေအောက် စပီကာကနေ ရေမျက်နှာပြင်ကို ဆိုနာလှိုင်းတွေ ပို့လွှတ်ပြီး ရေမျက်နှာပြင်မှာ လှိုင်းဂယက်အနည်းငယ် ဖြစ်စေပါတယ်။ လေထဲကနေ ရောက်လာတဲ့ ကြိမ်နှုန်းမြင့်လှိုင်းတွေက ရေမျက်နှာပြင်မှာ ဖြစ်ပေါ်နေတဲ့ လှိုင်းဂယက်တွေကတစ်ဆင့် ဆိုနာလှိုင်းတွေကို ဖမ်းယူပြီး သတင်းတစ်ခုအဖြစ် ပြောင်းလဲပေးလိုက်တာမျိုးပါ။

ဒီစနစ်ကိုသုံးပြီး အချက်အလက်များများပို့တဲ့အခါ အလုပ် လုပ်ချိန်တော့ အနည်းငယ် ပိုကြာနိုင်တယ်လို့ သိရပါတယ်။ ဒါ့အပြင်ကို လှိုင်းအမြင့် ၁၆ စင်တီမီတာ (၆လက်မ) ထက်ပိုရင်လည်း အလုပ်မလုပ်နိုင်တော့ဘူး လို့လည်း ဆိုပါတယ်။

“ဒါက ရာသီဥတု သာယာတဲ့နေ့တွေမှာဆို ကောင်းကောင်း အလုပ် လုပ်နိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ လိုနေတာက ဘယ်လိုရာသီဥတုမှာဖြစ်ဖြစ် ကောင်းကောင်းမွန်မွန် အလုပ်လုပ်စေဖို့ပါပဲ” လို့ ဖေဒယ်လ်က ပြောခဲ့ပါတယ်။

လတ်တလောကတော့ ဒီနည်းပညာအရ ရေငုပ်သင်္ဘောတွေဆီက သတင်းကိုပဲ လက်ခံနိုင်ပြီး လေယာဉ်ပျံတွေကနေတော့ ပြန်ပို့နိုင်ဦးမှာ မဟုတ်ပါဘူး။ နောက်ပိုင်းမှာတော့ ရလာနိုင်မယ်လို့ မျှော်လင့်ထားကြပြီး သုတေတန ပညာရှင်တွေကလည်း ဒီထက် ပိုကောင်းလာဖို့ ကြိုးစားအားထုတ်နေတယ် လို့ ပြောကြားထားပါတယ်။

ဒီလို အခြေအနေတွေကြောင့် မဝေးတော့တဲ့ အနာဂတ်ကာလမှာ လေယာဉ်ပျံတွေနဲ့ drone တွေကနေတစ်ဆင့် ပုန်းကွယ်နေတဲ့ ရေငုပ်သင်္ဘောတွေရဲ့ တည်နေရာကို ထောက်လှမ်းလာနိုင်တော့မှာ ဖြစ်ပါကြောင်း… ။

Ref: BBC “New tech lets submarines ’email’ planes”

Scarlett (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top