ဒေါင်းဆင်ဒရုန်း ဝေဒနာရှင်ဘဝကနေ နိုင်ငံတကာ မော်ဒယ်ဖြစ်လာခဲ့သူ

m0.jpg

အမေရိကန်ပြည်၊ မစ်ဆူရီပြည်နယ်က အသက် (၂၂) နှစ် အရွယ် ဂရေ့စ်စထရိုဘယ် (Grace Strobel) ဟာ မွေးရာပါ ဒေါင်းဆင်းဒရုန်း ဝေဒနာရှင် မိန်းကလေးပါ။ ဒေါင်းဆင်ဒရုန်း (Down Syndrome) ဆိုတာကတော့ ခရိုမိုဇုမ်းတစ်ခု အပိုပါနေတဲ့ မျိုးဗီဇဆိုင်ရာ ဉာဏ်ရည်မသန်စွမ်းတဲ့ မွေးရာပါရောဂါတစ်မျိုးပါ။

သူဟာ လက်ရှိအချိန်မှာ သူ့ရဲ့ဘဝအိပ်မက်ဖြစ်တဲ့ကိုယ်ဟန်ပြမော်ဒယ်အဖြစ်နဲ့ နိုင်ငံတကာ ဖက်ရှင်ရှိုးပွဲတွေမှာ ပါဝင်လျှောက်လှမ်းနိုင်တဲ့အဆင့်အထိရောက်ရှိလာခဲ့ပါတယ်။ ကမ္ဘာပေါ်က မသန်စွမ်းသူတွေအပေါ် လူတွေရဲ့အထင်အမြင်သေးမှုကိုရိုက်ချိုးခဲ့တဲ့ ဂရေ့စ်ဟာ သူ့ဘဝကို ခြားနားမှုတွေယူဆောင်လာနိုင်ခဲ့ပြီဖြစ်ပါတယ်။

သူ့ရဲ့ငယ်ဘဝမှာ ကျန်းမာရေးအရ အကြံဉာဏ်ပေးခဲ့တဲ့ ပါမောက္ခက ဉာဏ်ရည်မသန်စွမ်းတဲ့ ဂရေ့စ်ရဲ့ဘဝတစ်လျှောက်မှာ စာရေးစာဖတ်တတ်မြောက်နိင်ဖို့ လမ်းမမြင်ဘူးလို့ ဆိုခဲ့ဖူးပြီး သာမန်လူတစ်ယောက်အတိုင်း ရှင်သန်နိုင်မှာမဟုတ်လို့ တစ်သက်လုံးစိန်ခေါ်မှုတွေနဲ့ ကြုံတွေ့သွားရလိမ့်မယ် လို့ အတိအလင်းပြောခဲ့ဖူးပါတယ်။ ဂရေ့စ်ရဲ့မိဘတွေကတော့ ဒါကို တော်လှန်ပြခဲ့ပြီး ဂရေ့စ်ကို ဘဝပန်းတိုင်ကိုရောက်ရှိဖို့အတွက် အောင်အောင်မြင်မြင်ပြုစုပျိုးထောင်သွားခဲ့ကြပါတယ်။

ဂရေ့စ်ရဲ့ မိခင် လင်ဒါက သမီးဖြစ်သူသုံးနှစ်အရွယ်ကတည်းက တစ်နေ့ကို (၄) နာရီအထိ အချိန်ပေးပြီး အိမ်မှာ စာသင်ကြားပေးခဲ့သလို ဂရေ့စ်ဟာ ငါးနှစ်သမီးအရွယ်မှာ စာကို စပြီးဖတ်တတ်လာခဲ့တယ်။ ဝေါဟာရတွေကိုမှတ်သားလာနိုင်ခဲ့တယ်။ သမီးရှစ်နှစ်အရွယ်မှာ လူတွေနဲ့နေတတ်ထိုင်တတ်ပြီး လူမှုပေါင်းသင်းဆက်ဆံရေးကောင်းမွန်လာဖို့ မူလတန်းကျောင်းကို တက်ရောက်စေခဲ့တယ်။

ဂရေ့စ်ဟာ အသက် (၂၀) အရွယ်မှာ မူလတန်းကျောင်းစားသောက်ဆိုင်တစ်ခုမှာ လုပ်အားပေး ဝင်လုပ်ပေးခဲ့စဉ်က အအေးပုလင်းတွေနဲ့ အစားအသောက်ထုပ်တွေကို မဖောက်တတ်၊ မဖွင့်တတ်နဲ့မို့ ကလေးတွေရဲ့ လှောင်ပြောင်ရယ်ပွဲဖွဲ့ခြင်းကို ခံခဲ့ရဖူးပြီး ဝမ်းနည်းစိတ်အားငယ်ရတဲ့ ဂရေ့စ်ဟာ လေးရက်ဆက်တိုက်ငိုကြွေးနေခဲ့ရဖူးပါတယ်။

လူတွေရဲ့အမြင်နဲ့ ပြောဆိုမှုတွေကို ဂရုမစိုက်တတ်တဲ့ မိခင်ဟာ သမီးရဲ့ဘဝရှေ့ရှေးအတွက်သာ အာရုံစူးစိုက်ပျိူးထောင်မှု ပေးခဲ့တယ်။ မိခင်မေတ္တာကြီးမားတဲ့ လင်ဒါဟာ ဒီဖြစ်ရပ်အပြီးမှာ ကလေးငယ်တွေသိရှိထားသင့်တဲ့ ဒေါင်းဆင်ဒရုန်းရောဂါဝေဒနာနဲ့ပတ်သတ်ပြီး အသိပညာဗဟုသုတပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဂရေ့စ်ကို သူငယ်စဉ်ကပညာသင်ကြားခဲ့ဖူးတဲ့ အလယ်တန်းကျောင်းတစ်ခုမှာ စင်ပေါ်တက်စကားပြောခွင့်ရဖို့ စီစဉ်ပေးခဲ့ပြီး စကားပြောဆိုမှုအတွက် ကျွမ်းကျင်ဆရာနဲ့ အသေအချာလေ့ကျင့်ပေးခဲ့တယ်။

စင်ပေါ်မှာ ဂရေ့စ်ဟာ သူရှင်သန်နေထိုင်နေရတဲ့ပုံစံ၊ ဒေါင်းဆင်ဒရုန်းဝေဒနာရှင်တွေရဲ့ဘဝအခြေအနေ၊ ရောဂါအကြောင်းအရင်း၊ ရောဂါလက္ခဏာအဖြစ် သူဟာ ဘဝမှာဘယ်တော့မှ ဖိနပ်ကြိုးချည်တတ်တော့မှာမဟုတ်ကြောင်း စသဖြင့် ချက်ကျလက်ကျနဲ့ လူအများရှင်းလင်းနားလည်အောင် ပြောပြနိုင်ခဲ့ပြီး နားထောင်သူ လူတစ်ရာကျော်ရဲ့အသိအမှတ်ပြုမှုကိုရရှိခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ ဒီလိုဟောပြောပွဲတွေလုပ်ရင်း မသန်စွမ်းသူတွေအတွက် ရန်ပုံငွေရှာဖွေပေးနိုင်တဲ့အထိ ဂရေ့စ်ကစွမ်းဆောင်နိုင်ခဲ့တယ်။ ဟောပြောပွဲတစ်ခုအတွက် သုတေသနလုပ်ဖြစ်နေရင်း ဒေါင်းဆင်းဒရုန်းဝေဒနာသည်ဘဝကနေ မော်ဒယ်ဖြစ်လာခဲ့သူတစ်ယောက်အကြောင်း သူ ဖတ်မိခဲ့ချိန် ဂရေ့စ်ရဲ့စိတ်တွေနိုးကြားလာခဲ့ရတယ်။ အိပ်မက်တွေပြန်လည်အသက်ဝင်လာခဲ့ရတယ်။

၂၀၁၈ ခုနှစ်မှာ ဂရေ့စ်ဟာ သူ့ရဲ့ ကိုယ်ဟန်ပြ အလှအပဓာတ်ပုံတွေကို ဖေ့စ်ဘွတ်ခ်ပေါ်မှာ တင်ခဲ့ပြီးနောက် လူတွေချီးမွမ်းမှုကို မကုန်နိုင်အောင်ရရှိပြီး အုတ်အုတ်ကျက်ကျက်ဖြစ်သွားခဲ့တဲ့နောက် မော်ဒယ်လောကရဲ့ကမ်းလှမ်းမှုကို ရရှိပြီး ဖက်ရှင်ရှိုးပွဲတစ်ခုမှာ ကိုယ်ဟန်ပြ လျှောက်လှမ်းခွင့်ရရှိခဲ့တယ်။

သူဟာ အလှတရားနဲ့သတ္တိခွန်အား ပေါင်းစပ်ထားသူ ဂရေ့စ်ပါပဲ။ လက်ရှိအချိန်မှာ နယူးယောက်စီးတီးဖက်ရှင်ရှိုးမှာ ပါဝင်လျှောက်လှမ်းဖို့ ဖိတ်ကြားခံခဲ့ရပြီဖြစ်ပါတယ်။ ဂရေ့စ်ရဲ့အဖေကတော့ ဂရေ့စ်ကို ‘လူစင်မမီ ဘဝနဲ့ ဘာမှဖြစ်လာမှာမဟုတ်ဘူး’ လို့ တစ်ချိန်က ပြောခဲ့ဖူးတဲ့ ဆရာဝန်ကို လေယာဉ်လက်မှတ်ပို့ပေးပြီးဖိတ်လိုက်ချင်တယ်၊ သူ့သမီး ရှိုးလျှောက်တာကိုလာကြည့်စေချင်တယ် လို့ ဆိုခဲ့ပါတယ်။

ဒါဟာ ဉာဏ်ရည်မသန်စွမ်းသူ ဂရေ့စ်တစ်ယောက် ပြသသွားခဲ့တဲ့ ဘဝတန်ဖိုးပါပဲ။ အခြားတစ်ဖက်မှာလည်း မိဘတွေရဲ့ ပြုစုပျိူးထောင်မှု နဲ့ အားပေးမြေတောင်မြှောက်ပေးတတ်ခြင်းဟာ ဘယ်လောက်ထိ အရေးပါကြောင်း မြင်တွေ့ရမှာပါ။

Ref: DailyMail “22-year-old with Down syndrome whose parents were told she would NEVER read, write …..”
AI (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top