ကျွန်တော်တို့ ကမ္ဘာကြီးဟာ ငါးထွက်ကုန်အစားအသောက်တွေကို အများစု စားသုံးကြပါတယ်။ ကမ္ဘာမြေကြီးရဲ့ ရေချို၊ ရေငန်တွေမှာ ငါးမျိုးစိတ်ပေါင်း ၃၀၀၀၀ ကျော်ရှိကြပါတယ်။
ဒီလို ငါးမျိုးစိတ် ၃ သောင်းကျော်ထဲမှာမှ အံ့မခန်းဖွယ်ရာ လှပတဲ့ငါးမျိုးစိတ်တွေ အများကြီးရှိကြပေမဲ့ ကြောက်စရာကောင်းပြီး အန္တရာယ်များတဲ့ တခြား ငါးမျိုးစိတ်တွေရှိပါသေးတယ်။ ဒီလို အန္တရာယ်ပေးတဲ့ငါးမျိုးစိတ်တွေထဲကမှ တစ်ချို့က လူသားတွေကို တိုက်ခိုက်နိုင်ကြပြီး တစ်ချို့ငါးတွေကျတော့ စားရင်လူကို အဆိပ်မိစေနိုင်ပါတယ်။ အခုဒီမှာတော့ ကမ္ဘာပေါ်ရှိ ငါးမျိုးစိတ်တွေထဲမှာမှ အန္တရာယ်အများဆုံး ငါး(၁၀) မျိုးအကြောင်းကို ဗဟုသုတရစေရန် ဖော်ပြလိုက်ပါတယ်။
၁၀။ ငါးပူတင်း(puffer)
ငါးပူတင်းကို အနောက်နိုင်ငံတွေမှာတော့ ငါးဖောင်း(swellfish)၊ ပူဖောင်းငါး(blowfish) အစရှိတဲ့ နာမည်အမျိုးမျိုး ခေါ်ကြတယ်။ ပူတင်းငါးမျိုးဟာ မျိုးရင်း Tetraodontidae ထဲကဖြစ်ပြီး မျိုးစိတ်ကတော့ ၉၀ ကျော်ရှိကြပါတယ်။ ငါးပူတင်းတွေရဲ့ အစွမ်းကာလဲဆိုတာ ရန်သူနဲ့ တွေ့တဲ့အခါမှာ သူတို့ခန္ဓာကိုယ်ထဲကို လေနဲ့ရေကို မှုတ်သွင်းပြီး ဘောလုံးတစ်လုံးလို ဖြစ်အောင်လုပ်နိုင်တာပါပဲ။ ငါးပူတင်းတွေကို ကမ္ဘာရဲ့သမပိုင်းရာသီဥတုတွေမှာတွေ့နိုင်ပြီး များသောအားဖြင့် ပင်လယ်ထဲမှာ နေပေမဲ့ ရေချိုတွေမှာလည်း နေထိုင်ပါတယ်။ ငါးပူတင်းတွေရဲ့ ခန္ဓာကိုယ်က ဆူးငယ်တွေပါပြီး ငါးပူတင်းတစ်ကောင်ဟာ ၉၀ စင်တီမီတာ (၃ပေ) အထိ ကြီးထွားနိုင်ပေမဲ့ အများစုကအရွယ်အစားသေးကြပါတယ်။ ငါးပူတင်းတွေရဲ့ ကလီစာတွေထဲမှာ tetraodontoxin လို့ခေါ်တဲ့ ပြင်းထန်တဲ့ neurotoxin အဆိပ်တွေရှိပါတယ်။ ဒီအဆိပ်ဟာ လူတွေကို သေစေနိုင်ပေမဲ့ ပြင်ဆင်ပြီး စားသုံးလေ့ရှိကြပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း ငါးပူတင်းကို သေချာမချက်ပြုတ်ဘဲ ဖြစ်သလိုစားသုံးကြတဲ့အတွက် သေဆုံးမှုတွေ ခဏခဏဖြစ်ဖူးပါတယ်။ ငါးပူတင်းကို စားသုံးမယ်ဆိုရင် သေချာချက်ပြုတ်သင့်ပြီး ဂျပန်နိုင်ငံမှာဆိုရင် ငါးပူတင်းကို fugu လို့ခေါ်ပြီး သေချာဆေးကြောကာ အတွေအကြုံရှိတဲ့ စားဖိုမှူးတွေကို ချက်ပြုတ်စေပြီး ဟင်းလျာအဖြစ် မက်မောစွာစားသုံးကြပါတယ်။
၉။ ငါးခြေင်္သ့နီ (Red Lionfish)
ငါးခြေင်္သ့နီ (Red Lionfish)ဟာ Scorpaenidae မျိုးစိတ်ထဲမှာ ပါဝင်ပါတယ်။ ဒီငါးရဲ့ အစွမ်းကတော့ အန္တရာယ်ပေးနိုင်တဲ့ ဆူးတောင်တွေဖြစ်ပြီး ဒီဆူးတောင်တွေနဲ့ အထိုးခံရမယ်ဆိုရင် နာကျင်စေနိုင်ပြီး တစ်ခါတစ်ရံမှာ သေသည်အထိ ဖြစ်စေနိုင်ပါတယ်။ ငါးခြေင်္သ့နီ (Red Lionfish)တွေရဲ့ ဆူးတွေဟာ ရင်အုပ်နဲ့ ကျောဘက်တွေမှာရှိပြီး Scorpaenidae မျိုးစိတ်တစ်ခုခြင်းစီတိုင်းရဲ့ ခန္တာကိုယ်မှာ ထူးခြားတဲ့ အစင်းအကျားတွေပါဝင်ပါတယ်။ ငါးခြေင်္သ့နီ (Red Lionfish)တွေကတော့ အနီရောင်၊အညိုရောင် နဲ့ အဖြူရောင်အစင်းကြောင်းတွေဖြစ်ပြီး ၃၀ စင်တီမီတာ (၁ ပေ) အထိ ရှိနိုင်ပါတယ်။ ဒီငါးဟာ တောင်ပစိဖိတ်သန္တာကျောက်တန်းတွေမှာ နေထိုင်ကြပြီး အမေရိကန်အရှေ့ပိုင်း၊ မက်ဆီကိုပင်လယ်ကွေ့နဲ့ ကာရေဘီယံ ပင်လယ်တစ်ဝိုက်မှာ နေကြပါတယ်။ ဒီငါးတွေဟာ မျိုးပွားနှုန်းကောင်းမွန်ပြီး သူ့ကို ခြိမ်းခြောက်နိုင်တဲ့ ငါးသိပ်မရှိတာကြောင့် သန္တာကျောက်တန်းမှာ နေကြတဲ့တခြားငါးတွေလည်း ဒီငါးကြောင့် ပြုန်းတီးကုန်ကြပါတယ်။
၈။ Candiru ငါးခူမျိုး
Candiru ငါးခူတွေက အကြေးခွံမရှိတဲ့ငါးတွေဖြစ်ပြီး မျိုးရင်း Trichomycteridae ထဲမှာ ပါဝင်ကြကာ အမေဇုံမြစ်တစ်လျှောက်မှာ နေထိုင်ကြပါတယ်။ Candiru ငါးခူက ကပ်ပါးငါးဖြစ်ပြီး သူတို့ရဲ့ခန္တာကိုယ်က အလင်းဖောက်နိုင်ကာ အရှည်ကလည်း ၂.၅ စင်တီမီတာ(၁ လက်မ) လောက်ပဲရှိပါတယ်။ Candiru ငါးခူမျိုး တွေက သွေးကိုသောက်လေ့ရှိပြီး တခြားငါးတွေရဲ့ ပါးဟပ်တွေမှာ နေထိုင်ကြပါတယ်။ ဒီငါးရဲ့ ခြိမ်းခြောက်မှုကတော့ ရေကူးတဲ့ တိရစ္ဆာန်တွေနဲ့၊ လူတွေရဲ့ ဆီးလမ်းကြောင်းထဲကို ဝင်ရောက်နိုင်တာပါပဲ။ ဆီးလမ်းကြောင်းထဲရောက်သွားပြီဆိုရင် သူ့ရဲ့ဆူးတောင်ကို ထောင်လိုက်တဲ့အခါမှာ ခံရတဲ့သူကို ရောင်ယမ်းခြင်း၊ သွေးထွက်ခြင်းနဲ့ သေဆုံးသည်အထိ ဖြစ်စေနိုင်ပါတယ်။
၇။ ငါးမန်းဖြူ (Great White Shark)
အန္တရာယ်အများဆုံး ငါးများဆိုကတည်းက စာဖတ်သူတွေ ငါးမန်းကို မျှော်နေကြမယ်လို့ ကျွန်တော်တွေးမိပါတယ်။ အခုဒီ အန္တရာယ်အများဆုံး ငါးစာရင်း နံပါတ် ၇ နေရာမှာတော့ ငါးမန်းဖြူကနေရာယူထားပြီး ငါးမန်းအကြောင်းတော့ အသေးစိတ် မိတ်ဆက်ပေးဖို့ လိုမယ်မထင်ပါဘူး။ ငါးမန်းဖြူတွေဟာ မျိုးစိတ် Carcharodon carcharias ထဲမှာပါဝင်ပြီး ငါးမန်းအမျိုးအစားတွေထဲမှာ ခွန်အားအကြီးဆုံးနဲ့ အန္တရာယ်အပေးနိုင်ဆုံး ငါးမန်းမျိုးလည်း ဖြစ်ပါတယ်။ ငါးမန်းဖြူတွေဟာ သူတို့ကျက်စားရာဒေသတွေမှာ ရေလာကူးကြတဲ့သူတွေ၊ ရေငုပ်သမားတွေနဲ့ လှေငယ်လေးတွေကိုတောင်တိုက်ခိုက်နိုင်ကြတယ်။ ဒါပေမဲ့ ငါးမန်းဖြူရဲ့ သဘာဝတစ်ခုကတော့ လူသားတစ်ယောက်ကို တစ်ချက်လောက်ပဲ ကိုက်ပြီး နောက်ပြန်ဆုတ်သွားတတ်ကြတာပါပဲ ။ ငါးမန်းတွေဟာ လူသားတွေကို ဒုတိယအကြိမ် ပြန်လာကိုက်တယ်ဆိုတာ တော်တော်ရှားပါးလွန်းပါတယ်။ တကယ်လို့ လူတစ်ယောက် ငါးမန်းကိုက်တဲ့ ဒဏ်ရာ သိပ်မပြင်းဘူးဆိုရင်တော့ သူ့အနေနဲ့ အသက်ရှင်နိုင်ဖို့အလားလားရှိပြီး ကိုက်ချက်ပြင်းတယ်ဆိုရင်တော့ တစ်ချက်တည်းနဲ့ပဲသေနိုင်ပါတယ်။ တစ်ကမ္ဘာလုံးစစ်တမ်းများအရ အမေရိကန်အနောက်ပိုင်းမှာဆိုရင် ငါးမန်းကိုက်ခံရတဲ့ လူဦးရေများအနက် ၇ ရာခိုင်နှုန်းသာသေဆုံးကြပြီး တောင်အာဖရိကမှာတော့ ငါးမန်းကိုက်ခံရတဲ့ လူ ၂၀ ရာခိုင်နှုန်းအထိ သေကြပါတယ်။ ဩစတျေးလျဘက်မှာတော့ ၆၀ ရာခိုင်နှုန်းအထိ သေဆုံးမှုများပါတယ်။ သိပ္ပံပညာရှင်တွေကတော့ ငါးမန်းဟာ လူသားတွေကို ပင်လယ်ဖျံတို့၊ sea lion တို့လို့ အကောင်တွေနဲ့ မှားပြီး တိုက်ခိုက်တတ်ကြတယ်လို့ဆိုထားပေမဲ့ ငါးမန်းတွေက သားကောင်ရှားတဲ့အခါမှာလည်း လူသားတွေကို တိုက်ခိုက်နိုင်ပါတယ်။
၆။ မိုရေး ငါးရှဉ့် (Moray eel)
ရောင်စုံ မိုရေး ငါးရှဉ့် မျိုးစိတ်ပေါင်း ၂၀၀ ကျော်ခန့်ရှိပြီး အပူပိုင်းဒေသ နဲ့ သမပိုင်းရာသီဥတုရှိတဲ့ ပင်လယ်သမုဒ္ဒရာတွေမှာ တွေ့နိုင်ပါတယ်။ မိုရေး ငါးရှဉ့် တွေဟာ သန္တာကျောက်တန်းတွေနဲ့ ကျောင်ဆောင် အက်ကွဲကြားမှာ နေထိုင်ကြပါတယ်။ မိုရေး ငါးရှဉ့် နဲ့ တခြား ငါးရှဉ့်တွေမတူတာကတော့ မိုရေးငါးရှဉ့်မှာ ပါးဟတ်ဝိုင်းလေးရှိနေပြီး ပုံမှန်အားဖြင့် ရင်အုပ်ရေယပ်တွေ မရှိကြပါဘူး။ မိုရေးငါးရှဉ့် တွေရဲ့ အရေပြားတွေက ထူပြီး ချောမွေ့ကာ အကြေးခွံတွေမရှိကြပါဘူး။ အန္တရာယ်အရှိဆုံးငါးစာရင်းထဲမှာ ပါဝင်နေခြင်းအကြောင်းကတော့ မိုရေးငါးရှဉ့် တွေရဲ့ မေးရိုးတွေဟာ သန်မာပြီးချွန်ထက်တဲ့ သွားများနဲ့ သားကောင်ကို ကိုက်ခဲပြီး ဖမ်းထားနိုင်ကြပြီး ဒဏ်ရာပြင်းထန်စွာဖြစ်စေနိုင်တာကြောင့်ပါ ။ မိုရေးငါးရှဉ့် တွေဟာ လူတွေလာနှောင့်ယှက်တဲ့အချိန်မှသာ ပြန်တိုက်ခိုက်တတ်ကြပြီး လူကိုသေစေနိုင်ပါတယ်။ မိုရေးငါးရှဉ့် တွေဟာ ရောင်စုံတောက်တောက်ရှိကြပြီး အများဆုံး ၁.၅ မီတာ (၅ ပေ)အထိရှည်လျားကြပါတယ်။ ဒါပေမဲ့ ပစိဖိတ်သမုဒ္ဒရာအတွင်းက မိုရေးငါးရှဉ့် တစ်မျိုးဖြစ်တဲ့ Thyrsoidea macrurus ကတော့ ၃.၅ မီတာ (၁၁.၅ ပေ)အထိရှည်ကြပါတယ်။ မိုရေးငါးရှဉ့် တွေကို တစ်ချို့နေရာတွေမှာ ဟင်းလျာအဖြစ်စားသုံးကြပေမဲ့ သူတို့ရဲ့ အသားဟာ အဆိပ်ရှိပြီး တစ်ခါတစ်ရံမှာ သေဆုံးစေနိုင်ပါတယ်။
၅။ ကျားငါး (Tigerfish)
ကျားငါးလို့ ခေါ်ရခြင်းအကြောင်းကတော့ ဒီငါးတွေရဲ့ ရန်လိုခြင်း၊ တိုက်ခိုက်နိုင်စွမ်းနဲ့ ပုံစံတို့ကြောင့်ဖြစ်ပါတယ်။ ကျားငါးတွေဟာ အာဖရိကရေချိုတွေမှာ နေထိုင်ကြပြီး မျိုးစိတ် genus Hydrocynus ထဲမှာ ပါဝင်ပါတယ်။ ကျားငါးတွေဟာ ဆယ်လ်မွန်ငါးခန္ဓာကိုယ်ရှိပြီး အစင်းကြောင်း တွေပါဝင်ကာ သူ့ရဲ့သွားတွေကတော့ ဓားမြှောင်တွေနဲ့ အလားတူပါတယ်။ ကျားငါးတွေဟာ မျိုးစိတ် ၅ ခု ခန့်ရှိပြီး အရှည်ကတော့ ၁.၈ မီတာ (၆ပေ)အထိရှိနိုင်ကြပါတယ်။
၄။ ပီရန်ဟာ အသားစားငါးငယ် (Piranha)
ပီရန်ဟာ အသားစားငါးငယ် ကို caribe ဒါမှမဟုတ် piraya လို့လည်း ခေါ်ကြပါတယ်။ တောင်အမေရိကန် မြစ်တွေ၊ ကန်တွေမှာ နေထိုင်ကြတဲ့ အသားစားငါးဖြစ်တဲ့ပီရန်ဟာမှာ မြည့်နေတဲ့ သွားတွေရှိပါတယ်။ မျိုးစိတ်ပေါင်း ၆၀ ခန့်ရှိပြီး ရက်စက်ကြမ်းကြုတ်ရာမှာ ထင်ရှားတဲ့ငါးမျိုးပါ။ စာဖတ်သူတို့လည်း Piranha ရုပ်ရှင်ကားတွေ ကြည့်ဖူးမယ်ဆိုရင် ဒီငါးတွေ ဘယ်လောက်ရက်စက်ကြလဲဆိုတာ တွေ့မှာပေါ့ ။ ဒါပေမဲ့ ပီရန်ဟာတိုင်း အသားမစားကြပါဘူး။ မျိုးစိတ်အများစုက အသားငါးအပုပ်အသိုးတွေနဲ့ အပင်တွေကို စားသောက်ကြပါတယ်။ ပီရန်ဟာတွေဟာ ၆၀ စင်တီမီတာ (၂ပေ ) လောက်ပဲ ကြီးနိုင်ပြီး အရောင်တွေကတော့ ငွေရောင်ကနေ အနက်ရောင် အထိရှိကြပါတယ်။ ပီရန်ဟာတွေဟာ အုပ်စုဖွဲ့နေထိုင်တတ်ကြပြီး အကောင်ရေ ၁၀၀ ကျော်နေထိုင်ကြပါတယ်။ ပီရန်ဟာတွေဟာ သူတို့ထက် အကောင်သေးတဲ့ သားကောင်တွေကိုပဲ တိုက်ခိုက်လေ့ရှိပြီး တစ်ခါတစ်ရံမှာတော့ အကောင်ကြီးတွေကို တိုက်ခိုက်တတ်ပါတယ်။ အကြားအာရုံအားကောင်းတဲ့ သတ္တဝါတွေဖြစ်ပြီး သားကောင်တွေရင် အချင်းချင်းအချက်ပေးပြီး အုပ်စုဖွဲ့တိုက်ခိုက်တတ်ကြပါတယ်။ တိုက်ခိုက်ပြီဆိုရင်လည်း တစ်ချက်လောက်ကိုကိုက်ပြီးတာနဲ့ တခြားကောင်တွေစားဖို့အတွက် ဖယ်ပေးကြပါတယ်။ ပြောရရင် စည်းလုံးမှုရှိတဲ့ ငါးတွေလို့ပြောရမှာပါ။
၃။ ကျောက်တုံးငါး(Stonefish)
ဒီငါးရဲ့ ပုံကိုကြည့်ပြီး ကျောက်တုံးငါးလို့ နာမည်ပေးထားတာ စာဖတ်သူတို့ အပြည့်အဝလက်ခံကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။ အန္တရာယ်အပေးနိုင်ဆုံးငါးတွေထဲမှာ ထိပ်ဆုံးပိုင်းနေရာမှာ ပါဝင်နေတဲ့ ကျောက်တုံးငါးကတော့ မျိုးစိတ် Synancejidae ထဲမှာပါဝင်ပြီး အင်ဒို – ပစိဖိတ်သမုဒ္ဒရာ ရဲ့ ရေတိမ်ပိုင်းတွေ၊ ကျောက်တုံးတွေ၊ သန္တာကျောက်တွေနဲ့ ရွှံတောတွေမှာ ကိုယ်ယောင်ဖျောက်ပြီး နေထိုင်ကြပါတယ်။ ကျောက်တုံးငါးတွေက ခေါင်းကြီးကြီး၊ ပါးစပ်ကြီးကြီးနဲ့ တုတ်တုတ်ခိုင်ခိုင်ငါးမျိုးဖြစ်ပြီး ပင်လယ်ကြမ်းပြင်မှာ မလှုပ်ရှားဘဲနေထိုင်ကြပြီး ပတ်ဝန်းကျင်နဲ့ ပုံစံတူအောင် ကိုယ်ယောင်ဖျောက်နေထိုင်ကြပါတယ်။ ကျောက်တုံးငါးရဲ့ အန္တရာယ်ပေးနိုင်တဲ့ အစွမ်းကတော့ အလွယ်တကူမမြင်ရဘဲ သူ့အပေါ်တက်နင်းမိရင် အဆိပ်တွေကို ကျောဘက်ဆူးတောင်မှ ထိုးသွင်းနိုင်တဲ့အတွက်ပါ။ ဒီလိုဆူးတောင်နဲ့ အထိုးခံရပြီဆိုရင်တော့ အင်မတန်နာကျင်တဲ့ ဝေဒနာ ခံစားရမှာ ဖြစ်ပြီး သေစေတဲ့အထိ ပြင်းထန်ပါတယ်။
၂။ အတ္တလန္တိတ် ငါးလိပ်ကျောက် (Atlantic Manta)
Menta ငါးလိပ်ကျောက် ဒါမှမဟုတ် မကောင်းဆိုးဝါး ငါးလိပ်ကျောက်လို့လည်းခေါ်တဲ့ အတ္တလန္တိတ် ငါးလိပ်ကျောက်ဟာ ကမ္ဘာအကြီးဆုံး ငါးလိပ်ကျောက် အမျိုးအစားထဲမှာ ပါဝင်ပြီး မျိုးရင်း Mobulidae ထဲမှာပါဝင်ပါတယ်။ အတ္တလန္တိတ် ငါးလိပ်ကျောက်တွေဟာ အလျားထက် အနံက ပိုရှည်ပြီး သူ့ရဲ့ ရင်ဘတ်ပိုင်းအရေပြားရေယက်များဟာ ဘေးနှစ်ဖက်ကို ပြန့်ကားနေပြီး အတောင်ပံပုံစံနဲ့ တူပါတယ်။ မကောင်းဆိုးဝါး ဦးချိုနဲ့တူတဲ့ သူ့ရဲ့ ဦးခေါင်းရေယက် နှစ်ခုက ခေါင်းအရှေ့မှာ ထွက်နေပါတယ်။ အန္တရာယ်အများဆုံး ငါးစာရင်းမှာ နံပတ် (၂) နေရာရနေတဲ့ အကြောင်းကတော့ သူရဲ့ ကျာပွတ်နဲ့တူနဲ့ အဆိပ်ဆူး အမြီးကြောင့်ပါ။ တစ်ချို့ မျိုးစိတ်တွေမှာ အဆိပ်ဆူးက တစ်ချောင်းမကပါဘူး။ အတ္တလန္တိတ်ငါးလိပ်ကျောက်ဟာ ငါးမန်း၊ ငါးလိပ်စွန်တို့နဲ့ မျိုးရင်း ဆက်နွယ်နေပြီး ပင်လယ်ရေနွေးပိုင်းတွေမှာ နေထိုင်ကြပါတယ်။ အတ္တလန္တိတ် ငါးလိပ်ကျောက်ဟာ ရေမျက်နှာပြင်နားမှာပဲ ကူးခပ်နေထိုင်ကြပြီး ပလက်တွန်းလို့ခေါ်တဲ့ မျောလှေးတွေနဲ့ ငါးပေါက်လေးများကို သူ့ရဲ့ ဦးခေါင်းရေယက်နဲ့ ဖမ်းပြီးစားတတ်ကြတယ်။ ငါးလိပ်ကျောက်အကြီးဆုံးကတော့ ၇ မီတာ (၂၃ပေ) အထိကြီးထွားနိုင်ပြီး ရန်လိုတဲ့ ငါးမျိုးတော့မဟုတ်ပါဘူး။
၁။ လျှပ်စစ်ငါးရှဉ့် (Electric Eel)
မှတ်မိကြသေးရဲ့လား။ ၂၀၁၄ ခုနှစ်ကထွက်တဲ့ Amazing Spider-Man 2 ဇာတ်ကားမှာ လျှပ်စစ်အင်ဂျင်နီယာ မက်စ်ဒီလွန် (Max Dillon) ကဗီဇပြုပြင်ထားတဲ့ လျှပ်စစ်ငါးရှဉ်ကန်ထဲကို ကျသွားပြီး လျှပ်စီးကိုထိန်းချုပ်နိုင်တဲ့ Electro ဗီလိန်ဖြစ်လာတဲ့အခန်း။ တကယ်အပြင်မှာတော့ လျှပ်စစ်ငါးရှဉ့်တွေက လူတစ်ယောက်ကို အဲ့လိုလျှပ်စီးတွေ ထိန်းချုပ်နိုင်အောင်တော့ မလုပ်ပေးနိုင်ပေမဲ့ လူတစ်ယောက်ကိုတော့ ကောင်းကောင်းဓာတ်လိုက်သွားအောင် လျှပ်စစ်ထုတ်နိုင်ကြပါသေးတယ်။ ဒါကြောင့် ဒီကောင်ကနံပါတ် ၁ နေရာမှာ ထိုက်ထိုက်တန်တန် နေရာယူထားတာပေါ့။ လျှပ်စစ်ငါးရှဉ့်တွေဟာ Electrophorus electricus မျိုးစိတ်ထဲကဖြစ်ပြီး တောင်အမေရိရေချိုဒေသတွေမှာ နေထိုင်ကြပါတယ်။ လျှပ်စစ်ငါးရှဉ့်တွေဟာ ရှည်ရှည်မျောမျောခန္ဓာကိုယ်နဲ့ အကြေးခွံမပါဘဲ အညိုရောင်ဘက်သန်းတဲ့ အရောင်ရှိပါတယ်။ လျှပ်စစ်ငါးရှဉ့်တစ်ကောင်ဟာ အများဆုံး ၂.၇၅ မီတာ (၉ပေ) အထိရှည်လျားနိုင်ပြီး ၂၂ ကီလိုဂရမ်အထိ အလေးချိန်ရှိကြပါတယ်။ သူ့ရဲ့ အမြီးပိုင်းဟာ ခန္ဓာကိုယ်အလျားရဲ့ ၄ ပုံတစ်ပုံလောက်ရှိပြီး အောက်ပိုင်း ရေယက်လေးတွေရှိပါတယ်။ ငါးရှဉ့် လို့သာအလွယ်တကူခေါ်နေကြတာ လျှပ်စစ်ငါးရှဉ့်က ငါးရှဉ့်အစစ်မဟုတ်ဘဲ ပီရန်ဟာ အသားစားငါးငယ်တို့နဲ့မျိုးတူတဲ့ characin ငါးမျိုးဖြစ်ပါတယ်။ ဒါပေမဲ့ ပုံစံက ငါးရှဉ့်လို ရှည်ရှည်မျောမျောဆိုတော့ ငါးရှဉ့်လို့ပဲခေါ်နေကြတာပါ။ ဒီလျှပ်စစ်ငါးရှဉ့်တွေဟာ အမေဇုံသစ်တောမှာရှိ varzea ရေလွှမ်းသစ်တောမှာတော့ ကြောက်စရာအကောင်းဆုံး အဏ္ဏဝါသားရဲတစ်ကောင်ပါပဲ။ လျှပ်စစ်ငါးရှဉ့်တွေဟာ နှေးနှေးလေးပဲသွားတဲ့ ငါးဖြစ်ပြီး အသက်ရူဖို့ ရေမျက်နှာပြင်ပေါ်ကို ခဏခဏ တက်လာလေ့ရှိပါတယ်။ သူရဲ့ ပါးစပ်ဟာ သွေးကြောအများအပြားနဲ့ ဖွဲ့စည်းထားပြီး သူ့ရဲ့ပါးစပ်ကို အဆုပ်အဖြစ် အသုံးချနိုင်တဲ့ငါးမျိုးပါ။ သဘာဝတရားကြီးကလည်း အံ့ဩဖို့ကောင်းပါတယ်။ ဒီလို့သူ့ရဲ့ ပါးစပ်ကို အဆုတ်အဖြစ် အသုံးချတဲ့ငါးဖြစ်တာကြောင့် ဆူးပါတဲ့ ငါးကို စားတော့မယ်ဆိုရင် သူ့ရဲ့ပါးစပ်ထိခိုက်မှာဆိုးတဲ့အတွက် အရင်ဆုံး လျှပ်စစ်နဲ့ ရှော့ရိုက်ပြီး သားကောင်မလှုပ်နိုင်တော့မှ အလွယ်တကူ စားသုံးတာပါ။ လျှပ်စစ်ငါးရှဉ့်ရဲ့ အမြီးမှာ လျှပ်စစ်ထုတ်လုပ်တဲ့အင်္ဂါတွေပါဝင်ပြီး ၃၀၀ ဗို့ကနေ ၆၅၀ ဗို့ အထိထုတ်လုပ်နိုင်ကာ ဒီပမာဏဟာ လူတစ်ယောက်ကို ကောင်းကောင်းဓာတ်လိုက်စေနိုင်ပါတယ်။ ဒါ့အပြင့် ဒီလျှပ်စစ်ထုတ်နိုင်တဲ့အမြီးကို အသုံးပြုပြီး သူတို့ဟာ မျိုးနွယ်တူလျှပ်စစ်ငါးရှဉ့်အချင်းချင်း ဆက်သွယ်နိုင်ကြပါသေးတယ်။
Ref : Encyclopædia Knowledge : 10 of the World’s Most Dangerous Fish
လူမို (ရိုးရာလေး)