ONE: MASTERS OF DESTINY ပြိုင်ပွဲအား မြန်မာပရိသတ်များလက်လွတ်မခံသင့်သည့်အကြောင်း (၅) ချက်

190712-KL-heroweb-1200x800.jpg

အချိန်ကာလအနည်းငယ်နားပြီးနောက် ONE Championship သည် လာမည့်ဇူလိုင် (၁၂) တွင် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၌ ပွဲကြီးပွဲကောင်းများနှင့်အတူ ပြန်လာမည်ဖြစ်သည်။ ထိပ်တန်းပြိုင်ပွဲများနှင့်အတူ ONE Super Series သမိုင်း၌ မျှော်လင့်စောင့်စားခဲ့ကြရသော Kick Boxing ပြိုင်ပွဲကြီးလည်းပါဝင်မည်ဖြစ်သည်။

ထို့အပြင် မြန်မာနိုင်ငံ၏ ပထမဦးဆုံး ကိုယ်ခံပညာသိုင်းပေါင်းစုံအမျိုးသမီးအားကစားသမား အန်တိုနီယာသည် ပြိုင်ဘက် အမေရိကန်ဗီယက်နမ် ကပြား Bi Nguyen နှင့် ရင်ဆိုင်ယှဉ်ပြိုင်မည်ဖြစ်သည်။ ထို့အပြင် ONE: MASTERS OF DESTINY ပြိုင်ပွဲတွင် ပရိသတ်များအား မမေ့နိုင်စရာညနေခင်းကိုဆောင်ကြဉ်းလာပေးမည့် အခြားသောအကြိတ်အနယ်ပွဲကောင်းများစွာ ပါဝင်မည်ဖြစ်သည်။

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ Axiata Arena အားကစားရုံတွင်ကျင်းပမည့် ကမ္ဘာ့အကြီးမားဆုံး ကိုယ်ခံပညာအားကစားပြိုင်ပွဲကြီးအား လက်လွတ်မခံသင့်သည့် အကြောင်းအချက် (၅) ချက်ရှိပါသည်။

၁။ တစ်ခေတ်တွင်တစ်ပွဲဟုဆိုနိုင်သည့် Kick Boxing ပြိုင်ပွဲကြီး

ပြီးခဲ့သော မေလအတွင်းက Giorgio “The Doctor” Petrosyan နှင့် Petchmorakot Petchyindee Academyတို့ ပထမဆုံးအကြိမ်ယှဉ်ပြိုင်ခဲ့ကြရာ ထိုးနှက်မှုဇောင်းပေးသောကိုယ်ခံပညာရှင်နှစ်ဦး ထိပ်တိုက်ဆုံတွေ့မှုဖြစ်ခဲ့ရပြီး မည်သူအနိုင်ရသင့်သည်မှာ ပရိသတ်များအတွက်အငြင်းပွားဖွယ်ရာဖြစ်ခဲ့ရသည်။

ပြိုင်ပွဲနှင့်ပတ်သက်သောအငြင်းပွားမှုများက နောက်တစ်ကျော့ယှဉ်ပြိုင်မှုကိုတောင်းဆိုခဲ့ကြသည်။ ယခုအချိန်တွင် အဆိုပါတွဲဆိုင်းသည် ONE ဖယ်သာဝိတ်တန်း Kick Boxing Grand Prix ၏နောက်ဆုံးသော ကွာတားဖိုင်နယ်အဖြစ် ပြန်လည်ရင်ဆိုင်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

Kick Boxing လောကတွင် ဘက်တူလျှင်လူမရွေးသည့် အားကစားသမားဖြစ်သော Petrosyan သည် သတ် (၈) သတ် ကျွမ်းကျင်သူ မွေထိုင်း ကမ္ဘာ့ချန်ပီယံခါးပတ်များစွာ သိမ်းပိုက်ထားသည့် Petchmorakot နှင့် ယှဉ်ပြိုင်ရာတွင် အံ့မခန်းထိုးသတ်မှုကို ပရိသတ်များ မျက်ဝါးထင်ထင်မြင်ခဲ့ကြရသည်။

ယခုအချိန်တွင် အဆိုပါတွဲဆိုင်းသည် ထပ်မံတွေ့ဆုံမည်ဖြစ်ပြီး ပထမအကြိမ်ဆုံတွေ့မှုမှရရှိခဲ့သော သင်ခန်းစာများကို ၎င်းတို့၏လေ့ကျင့်ရေးတွင် အပြည့်အဝအသုံးချ ပြင်ဆင်ခဲ့ပြီးဖြစ်ရာ ပိုမိုပြင်းထန်သော အကြိတ်အနယ်ပွဲတစ်ပွဲဖြစ်လာမည်မှာသေချာနေသည်။

Kick Boxing Grand Prix ပြိုင်ပွဲကြီးတွင်ဗိုလ်စွဲသူသည် အမေရိကန်ဒေါ်လာ (၁) သန်းအား ဆုကြေးငွေအဖြစ် ထိုက်ထိုက်တန်တန်ရရှိသွားမည်ဖြစ်သည်။

၂။ ထူးထူးခြားခြားရှိလှသည့် စတောဝိတ်တန်းတွဲဆိုင်း

ONE အမျိုးသမီးအက်တမ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ “Unstoppable” Angela Lee သည် ပြီးခဲ့သော မတ်လအတွင်းကထိုးသတ်ခဲ့သည့် နောက်ဆုံးပွဲစဉ်အပြီး ပြန်လည်လက်စွမ်းပြနိုင်ရန် လွန်စွာစိတ်အားထက်သန်နေသည်။ ထို့ကြောင့် နောက်ထပ် စတောဝိတ်တန်းပြိုင်ပွဲတစ်ပွဲအားလက်ခံခဲ့သည်။

ဘရာဇီးလ်ဂျုဂျစ်ဆု ကမ္ဘာ့ချန်ပီယံရှစ်ထပ်ကွမ်း Michelle Nicolini နှင့် ယှဉ်ပြိုင်ရမည်ဖြစ်ခြင်းကြောင့် Angela Lee သည် မလေးရှားတွင် ၎င်း၏ဂျုဂျစ်ဆုခါးပတ်နက်စွမ်းရည်အား မည်သည့်အခါကမျှနှင့်မတူညီသော ဖိအားဖြင့် စမ်းသပ်ခံရတော့မည်ဖြစ်သည်။

ONE Championship တွင် ပြိုင်ပွဲဝင်ခဲ့သောသမိုင်းတစ်လျှောက် Lee သည် ၎င်း၏ လုံးထွေးသတ်ပုတ်မှုစွမ်းရည်အား ကောင်းစွာအသုံးချခဲ့သည်။ ပြိုင်ပွဲမှတ်တမ်းအရ အခြားသောအမျိုးသမီး အားကစားသမားများထက် Lee သည် ချုပ်ကွက်ဖြင့်အနိုင်ရရှိမှု ပိုမိုများပြားခဲ့သည်။ သို့သော် ၎င်း၏ ဘရာဇီးလ် ပြိုင်ဘက်သည် ချုပ်ကွက်တွင် ဝိတ်တန်းတူလျှင်လူမရွေးသည့် အကောင်းဆုံးချုပ်ကွက်သမားဖြစ်နေပြန်သည်။ ထို့အပြင် Nicolini သည် မကြာခင်ယှဉ်ပြိုင်မည့်ပြိုင်ဘက်အား ဘရာဇီးဂျုဂျစ်ဆုပြိုင်ပွဲတွင် အနိုင်ရထားသည်။

ထို့အပြင် Nicolini သည် Lee ၏အသင်းဖော်ဟောင်းအနေဖြင့် ရှိခဲ့သောသမိုင်းကြောင်းက ၎င်းအားမည်သို့စိတ်အားထက်သန်စေသည်ကို ထုတ်ဖော်ပြသခဲ့ရာ အကြိတ်အနယ် ယှဉ်ပြိုင်ရမည့် ထိပ်တန်းအမျိုးသမီးအားကစားသမားနှစ်ဦး၏ ထိပ်တိုက်တွေ့ဆုံမှုအကြား တင်းမာမှုပိုမိုကြီးမားခဲ့ရသည်။

၃။ အန်တိုနီယာ၏မာကျောမှုကိုစမ်းသပ်မည့် Bi Nguyen

မြန်မာနိုင်ငံကိုယ်စားပြု အန်တိုနီယာအတွက် ယခုပွဲသည့်အခက်ခဲဆုံးတွဲဆိုင်းတစ်ခု ဖြစ်လာပေလိမ့်မည်။ အသက် (၂၉) နှစ်အရွယ် ဗီယက်နမ်-အမေရိကန် အမျိုးသမီး အားကစားသမားသည် ပြီးခဲ့သောဧပြီလအတွင်း ပြိုင်ဘက် Dwi Ani Retno Wulan အား ဒိုင်ပွဲရပ်ဖြင့်အနိုင်ယူခဲ့ပြီး မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၌ လာမည့်ဇူလိုင် (၁၂) ရက်တွင်ကျင်းပမည့် ONE: MASTERS OF DESTINY ပြိုင်ပွဲတွင်လည်း အလားတူစွမ်းဆောင်မှုမျိုးအား ထပ်မံပြသနိုင်ရန် မျှော်လင့်လျက်ရှိနေသည်။

အန်တိုနီယာအနေဖြင့်လည်း မြေပြင်ချုပ်ကွက်အပိုင်းတွင် ယခင်ကထက် အများကြီးတိုးတက်လာပြီဖြစ်ပြီး ယခုပွဲကို အာရုံအပြည့်စိုက်ထားသည်။ ယခုပွဲသည် အန်တိုနီယာအတွက် အက်တမ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံ ခါးပတ်ပိုင်ရှင် Angela Lee ကို စိန်ခေါ်ခွင့်ရရှိရေးအတွက် ရှေ့တစ်လှမ်းတိုးနိုင်မည့်ပွဲဖြစ်သည်။

၄ ။ ထွန်းသစ်စကြယ်တစ်ပွင့်

အိန္ဒိယမှ Gurdarshan “Saint Lion” Mangat သည် ONE Championship တွင် အံ့မခန်းပွဲဦးထွက်ဖြင့် ၎င်း၏ကစားသမားဘဝကို အစပြုခဲ့သည်။ ၎င်းသည် အိန္ဒိယနိုင်ငံ၏ ပထမဆုံးသော ကိုယ်ခံပညာသိုင်းပေါင်းစုံ ကမ္ဘာချန်ပီယံဖြစ်လာရန် မျှော်မှန်းနေသည်။

ကမ္ဘာ့ချန်ပီယံဘွဲ့အားစိန်ခေါ်သူဟောင်း Toni Tauru အား တတိယအချီတွင် ပွဲသိမ်းအနိုင်ရခဲ့ခြင်းကြောင့် Mangatသည် ဖလိုင်းဝိတ်တန်းတွင် ပြိုင်ဘက်များ အလေးထားရမည့် မျက်နှာသစ်တစ်ဦးဖြစ်လာခဲ့သည်။

ကွာလာလမ်ပူတွင် ၎င်းသည် ထိပ်တန်းအားကစားသမားနှင့် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အသက် (၃၂) နှစ်ရှိသူ Mangat သည် အင်ဒိုနီးရှားပြိုင်ဘက် Abro “The Black Komodo” Fernandes ၏ ပြင်းထန်သော တိုက်စစ်အားခုခံနိုင်ရန် အကြိတ်အနယ်ကြိုးပမ်းရမည်ဖြစ်သည်။ Fernandes သည် ပြီးခဲ့သော မတ်လအတွင်းက ယှဉ်ပြိုင်ခဲ့သည့်အတိုင်း လက်စွမ်းပြ၍ ဖလိုင်းဝိတ်တန်းအဆင့်သတ်မှတ်ချက်မြှင့်တင်နိုင်ရန် အစွမ်းကုန် ကြိုးစားမည်ဖြစ်သည်။

၅။ စိတ်လှုပ်ရှားဖွယ် ONE Super Series တွဲဆိုင်းများ

ကမ္ဘာ့အကောင်းဆုံးသော မွေထိုင်းနှင့် Kick Boxing အားကစားသမားများသည် ONE Super Series တွင် ယှဉ်ပြိုင်လျက်ရှိရာ စိတ်လှုပ်ရှားဖွယ်ပြိုင်ပွဲများကို ပရိသတ်များ ဆက်တိုက်ကြည့်ရှုအားပေးခဲ့ကြရသည်။ Super Series တွဲဆိုင်းများမှာ မည်သည့်အခါကမျှ ငြီးငွေ့ဖွယ်မဖြစ်ခဲ့ပေ။ ပြင်းထန်အားပါသော အပြန်အလှန်ထိုးသတ်မှုများကို တွဲဆိုင်းတိုင်းတွင် မတူကွဲပြားသည့်ထိုးသတ်ဟန်များဖြင့် ရှုစားခဲ့ကြရပြီး ပရိသတ်များအတွက် စိတ်လှုပ်ရှားမှုရသကိုပေးစွမ်းနိုင်ခဲ့သည်။

အဓိကတွဲဆိုင်းများတွင် အဖွင့်ပွဲစဉ်မှာ ဂျပန်နိုင်ငံမှ Hiroki Akimoto နှင့် သြစတေးလျမှ Kenny “The Pitbull” Tse တို့ ဖလိုင်းဝိတ်တန်းကစ်ဘောင်ဆင်ပွဲစဉ်အဖြစ် ထိုးသတ်မည်ဖြစ်သည်။ နှစ်ဦးစလုံးမှာ တိုက်စစ်သမားများဖြစ်ခြင်းကြောင့် ပြိုင်ပွဲမှာ ဘတပြန်ကျားတပြန်ဖြစ်ဖွယ်ရှိနေသည်။

ONE Championship အက်တမ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံဟောင်း “Killer Bee” Chuang Kai Ting သည် ကမ္ဘာ့ချန်ပီယံခါးပတ်စိန်ခေါ်သူဟောင်းတစ်ဦးဖြစ်သည့် Janet “JT” Todd နှင့် အက်တမ်ဝိတ်တန်းတွင် ထိုးသတ်မည်ဖြစ်သည်။ ထို့အပြင် အခြားသောတွဲဆိုင်းများမှာလည်း အဓိကပွဲစဉ်စာရင်းတွင်ပါဝင်နိုင်ရေးအတွက် အပြင်းအထန် ကြိုးပမ်းယှဉ်ပြိုင်ကြမည် ဖြစ်သည်။

အိမ်ရှင်ပရိသတ်များ စောင့်စားနေကြသည့်တွဲဆိုင်းတစ်ဆိုင်းမှာ ဒေသခံဟီရိုးများဖြစ်သည့် Saiful “The Vampire” Merican နှင့် Mohammed “Jordan Boy” Bin Mahmoud တို့နှစ်ဦး မွေထိုင်းစည်းမျဉ်းအတိုင်း ဘန်တန်ဝိတ်တန်းတွင် ထိုးသတ်မည့်ပွဲစဉ်ဖြစ်သည်။

ထို့အပြင် စကော့တလန်မှ George Mann နှင့် ထိုင်းနိုင်ငံမှ Sorgraw Petchyindee Academy တို့၏ပွဲစဉ်မှာလည်း ရေကုန်ရေခမ်းယှဉ်ပြိုင်ထိုးသတ်ကြမည့် ဖယ်သာဝိတ်တန်း မွေထိုင်းပွဲပင်ဖြစ်သည်။

Ref: ONE Championship
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top