ဟိုးရှေးရှေးတုန်းက ဘုရင် တစ်ပါးက ဘဏ္ဍာစိုး ကွယ်လွန်သွားလို့ ဘဏ္ဍာစိုး အသစ်ခန့်ဖို့ လိုလာခဲ့ပါတယ်။
အဲ့ဒီမှာ သူ့ရဲ့အကြံပေးအမတ်ကြီးကို စီစဉ်ခိုင်းလိုက်တာပေါ့။ အကြံပေးအမတ်ကြီးကလည်း ရိုးသားတဲ့လူ၊ ဘဏ္ဍာစိုးရာထူးနဲ့ သင့်တော်မယ့်လူ ခြောက်ယောက်ကို ရွေးလာပြီး ဘုရင်ရှေ့ခေါ်လာပါတယ်။ ဒါပေမယ့် ဘုရင့်ဆီခေါ်လာတဲ့လမ်းမှာ အစောင့်အကြပ်တွေမပါဘဲနဲ့ တစ်ယောက်စီ လွှတ်လိုက်တယ် အဲ့ဒီလမ်းကလဲ မှောင်မဲနေပြီး လမ်းပေါ်မှာ အဖိုးတန်တဲ့ ရွှေငွေရတနာတွေကို ချထားတယ်။
နောက်ဆုံးခြောက်ယောက်လုံး ဘုရင့်ရှေ့ကိုရောက်တော့ ဘုရင်က သူတို့ကို အမတ်ကြီးအကြံပေးထားတဲ့အတိုင်း ပြောပါသတဲ့။ “ငါ ကိုယ်တော်မြတ်က အလုပ်ကို ပျော်ပျော်ရွှင်ရွှင်လုပ်တဲ့လူကိုပဲ ခန့်ချင်တာ ဒါကြောင့် မောင်မင်းတို့ က ပြကြပါ။ က ပြတဲ့သူထဲက ငါနှစ်သက်တဲ့လူကို ဘဏ္ဍာစိုး ခန့်မယ်လို့ပြောလိုက်တယ်။ အဲ့ဒီမှာ ငါးယောက်က မျက်စိပျက် မျက်နှာပျက်နဲ့ ငြင်းလိုက်တယ်။ တစ်ယောက်ကတော့ ကွေးနေအောင် ထ ကသတဲ့။ ကျန်တဲ့သူတွေက ဘာလို့ က မပြရဲလဲဆိုတော့ လမ်းမှာ ချထားတဲ့ ရွှေငွေရတနာတွေကို ယူလာတဲ့အတွက် ကခုန်လိုက်ရင်ပြုတ်ကျကုန်မှာ စိုးလို့ပါပဲ။ က ရဲတဲ့လူက ဘာမှခိုးမလာလို့ပဲပေါ့။ ဒီနည်းနဲ့ပဲ က တဲ့လူရဲ့ စာရိတ္တကို စမ်းသပ်ပြီးဖြစ်လို့ ဘဏ္ဍာစိုးခန့်လိုက်တယ်တဲ့။
ဒီဇာတ်လမ်းလေးကနေ တဆင့် ပြောပြချင်တာကတော့ မမြင်ကွယ်ရာမှာလည်း ရိုးသားဖို့ပါ။ နောက်ထပ်ပြောချင်တာကတော့ ကိုယ့်ရဲ့ အကျင့်စာရိတ္တကို အချိန်မရွေး စမ်းသပ်ခံနိုင်တဲ့ အထိ ကိုယ်ကျင့်တရားကောင်းမွန် ရိုးသားနေဖို့လည်း လိုအပ်ပါတယ်။ ဇာတ်လမ်းလေးထဲက လမ်းပေါ်မှာ ကျနေတဲ့ ရတနာတွေဆိုတာကတော့ တကယ်တော့ လွယ်လွယ်ယူလိုက်လို့ရတဲ့ လာဘ်လာဘ လိုသဘောမျိုးလို့ ဆိုရမှာပါပဲ။ ကိုယ့်ရဲ့ အကျင့် စာရိတ္တတန်ဖိုးကို လွယ်လွယ်ရတဲ့ မက်မောစရာ ရွှေငွေရတနာ စည်းစိမ်တွေနဲ့ လဲပစ်ဖို့က လွယ်ပါတယ်။ အချိန်မရွေး လိပ်ပြာသန့်သန့် စမ်းသပ်ခံနိုင်ပြီး ရိုးရိုးသားသား အသက်ရှင်ဖို့က ပိုပြီး ခက်ခဲတဲ့ အရာပါပဲ။
Jong Kin (ရိုးရာလေး)