ခြေဆီနံ့ထွက်ခြင်း ပျောက်ကင်းစေနိုင်ဖို့ ရိုးရှင်းတဲ့နည်းလမ်း (၁၀)မျိုး

feet-massage-closeup-acupressure-PYB8UPC.jpg

သင့်ခြေထောက်ကထွက်လာတဲ့ အနံ့ဆိုးတွေကြောင့် စိတ်အနှောင့်အယှက်ဖြစ်ပြီး ရှက်ရွံ့ခြင်းကို ခံစားနေရပါသလား။ စိတ်မပူပါနဲ့တော့။ အောက်ဖော်ပြပါ ဆောင်းပါးမှာ ခြေဆီနံ့ကို ဘယ်လိုဖြေရှင်းရမလဲဆိုတဲ့ ရိုးရှင်းတဲ့ နည်းလမ်း (၁၀)မျိုးကို ဖော်ပြပေးထားပါတယ်။

မုန့်ဖုတ်ဆော်ဒါ

မုန့်ဖုတ်ဆော်ဒါဟာ ခြေနံ့ပျောက်စေတဲ့နေရာမှာ အလွန်ထိရောက်တယ်လို့ အသိများပါတယ်။ ခြေဖဝါးရဲ့ pH ပမာဏ ကို ဓာတ်ပြယ်စေပြီး ဘက်တီးရီးယားတွေကို လျှော့ချပေးပါတယ်။ မုန့်ဖုတ်ဆော်ဒါ စားပွဲဇွန်း တစ်ဇွန်းကို ကြက်သီးနွေးရေ ဒါမှမဟုတ်ရေနွေး ၀.၉၄ လီတာ နဲ့ ရောလိုက်ပါ။နေ့စဉ် ဒီအရောထဲကို ၁၅မိနစ်မှ မိနစ်၂ဝထိ ခြေထောက်နှစ်ပေးပါ။ တစ်ပတ်လောက် ဆက်တိုက်လုပ်ပေးလိုက်တဲ့အခါ ထူးခြားမှုကို တွေ့ရပါလိမ့်မယ်။

လာဗင်ဒါ အဆီ

လာဗင်ဒါဟာ အနံ့မမွှေးပေမယ့် ဘက်တီးရီးယားတွေကို သေစေနိုင်ပါတယ်။ ဒါ့အပြင် လာဗင်ဒါမှာ မှိုမကပ်စေတဲ့အရာတွေပါဝင်ပြီး ဒါတွေက ခြေနံ့ကို ဖယ်ရှားပေးနိုင်ပါလိမ့်မယ်။ လာဗင်ဒါ အဆီ အစက်အနည်းငယ်ကို ရေနွေးသို့မဟုတ် ကြက်သီးနွေးရေထဲထည့်ပါ။ ဒီအရည်ထဲမှာ ခြေထောက်ကို ၁၅မိနစ်မှ မိနစ် ၂ဝထိ စိမ်ထားပါ။ တစ်ရက် ၂ကြိမ်လုပ်ပြီး ရက်အနည်းငယ်ကြာလာတဲ့အခါမှာ ခြေနံ့စတင်ပြီး ပျောက်သွားပါလိမ့်မယ်။

ကျောက်ချဉ်

ကျောက်ချဉ်မှုန့် မှာ ပိုးသေစေသော အာနိသင်တွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။ ဒါကြောင့် ကျောက်ချဉ်ကို သုံးတာလည်း ခြေနံ့ ပျောက်ကွယ်သွားဖို့ နည်းလမ်းတစ်ခုပါပဲ။ ကျောက်ချဉ်အမှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်းကို ရေနွေးနွေးတစ်ခွက်ထဲ ထည့်ပါ။ ဒီအရည်နဲ့ ခြေထောက်ကို ၁၅ မိနစ်မှ မိနစ် ၂ဝထိ သေချာဆေးကြောပြီး အခြောက်ခံပါ။ မြန်မြန်သိသာချင်ရင်တော့ ကျောက်ချဉ်အမှုန့် အချို့ကိုယူပြီး ခြေထောက်မှာ ဖြူးထားပေးနိုင်ပါတယ်။ နေ့စဉ်လုပ်ပေးပါ။

ဆားခါး

ခြေနံ့ထွက်ခြင်းကို ကုသပေးနိုင်တဲ့အပြင် ဆားခါးဟာ ခြေဖဝါး နာကျင်တဲ့လူတွေ အတွက်လည်း ကောင်းမွန်ပါတယ်။ ဆားခါး လက်ဖက်ရည်ဇွန်း ၂ဇွန်းကို ရေနွေးနွေးထဲထည့်ပါ။ ၁ဝမိနစ်မှ ၁၅မိနစ်ထိ ခြေထောက်စိမ်ပါ။ တစ်ရက်တစ်ကြိမ် ပြုလုပ်ပေးပါ။

လက်ဖက်မည်း (Black tea)

လက်ဖက်မည်း အိတ် ၂အိတ်ကို ရေဆူဆူ ၃ခွက်ထဲ အတူတူထည့်ပြုတ်ပါ။ ပြီးတဲ့နောက် ရလာတဲ့အရည်ကို အေးသွားအောင် ရေတစ်ပုံး လောင်းထည့်ပါ။ ၁၅မိနစ်မှ မိနစ်၂ဝထိ ထိုအရည်ထဲ ခြေထောက်စိမ်ပါ။ နေ့စဉ်လုပ်ပေးပါ။

ရှာလကာရည်

ရှာလကာရည် တစ်ခွက်နဲ့ ရေ ၆ခွက်မှ ၈ခွက်ထိ ရောပါ။ ၁ဝမိနစ်မှ ၁၅မိနစ်ထိ ခြေထောက်စိမ်ပါ။ ပြီးရင် ရေနဲ့ သေချာပြန်ဆေးပေးပါ။ တစ်ရက် တစ်ကြိမ် လုပ်ပါ။

Borax (လက်ချား)

Borax (လက်ချား) တစ်ခွက်၊ ရှာလကာရည်ဆတူ၊ ရေ ၂ခွက် စတာတွေကိုရောပါ။ သင့်ရဲ့ ရှူးဖိနပ်အတွင်းတွေကို ရလာတဲ့ ပျော်ရည်နဲ့ဖြန်းပါ။ ဒါမှမဟုတ် ဖိနပ်မစီးခင် ရှူးဖိနပ်တွေပေါ်မှာ လက်ချားအမှုန့် အချို့ဖြူးပေးပါ။

သကြား

ခြေဖဝါးရဲ့ ဆဲလ်သေတွေကို ဖယ်ရှားဖို့နဲ့ ခြေနံ့ကို ဖျောက်နိုင်ဖို့ သကြားကိုသုံးပါ။ သကြား၊ ရေ နဲ့ isopropyl alcohol ၉၁ ရာခိုင်နှုန်းအထက် တို့ကို ရောလိုက်ပါ။ ရလာတဲ့ အရောနဲ့ ခြေထောက်ကို ၅မိနစ်မှ ၁ဝမိနစ်ထိ တိုက်ပေးပါ။ ဒါက ဆဲလ်သေတွေကို ဖယ်ရှားပစ်နိုင်ပါတယ်။ တစ်ပတ်ကို ၃ကြိမ် လုပ်ပေးပါ။

ကလျာဏီပင်

အနံ့တွေ ကင်းစင်သွားဖို့ ကလျာဏီပင် ကိုဖိနပ်တွေနဲ့ ခြေအိတ်တွေပေါ်မှာ ထားပေးနိုင်ပါတယ်။ နောက်နည်းလမ်းတစ်ခုကတော့ သင့်ခြေထောက်တွေကို ကလျာဏီ လက်ဖက်ရည်ထဲမှာ စိမ်ပေးတာကလည်း ခြေနံ့ကို ပျောက်ကင်းစေနိုင်ပါတယ်။

ချင်း

ချင်းကို အရင်ထောင်းလိုက်ပါ။ ရလာတာတွေကို ရေနွေးတစ်ခွက်နဲ့ရောပြီး ခြေထောက်ကို ၁ဝမိနစ်မှ ၁၅မိနစ်ခန့်ထိ နှိပ်နယ်ပေးပါ။ နေ့စဉ်လုပ်ပါ။
ဆရာဝန်ဆီ မသွားခင်မှာ အထက်ပါ လွယ်ကူတဲ့ အိမ်တွင်းသုံးနည်းလေးတွေကို အရင်စမ်းကြည့်ပါ။ ဘယ်လောက်ထိရောက်သလဲဆိုတာ မြင်လိုက်တဲ့အခါမှာ သင်အံ့ဩသွားမှာ အသေအချာပါပဲ။

ရေးသားသူ Wathun Myat Chal

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top